Breaking News

မောင်လူရေး - မြို့ရဲ့ အေးရာအေးကြောင်း


မောင်လူရေး - မြို့ရဲ့ အေးရာအေးကြောင်း 

(မိုးမခ) မေ ၁၅၊ ၂၀၁၉

နေ စထွက်တော့ ၆နာရီတောင်မထိုးသေး။ ဒါပေသည့် တောက်မည့်မီးခဲ တရဲရဲ။ နေလုံးနီနီမဟုတ်။ မီးလုံးရဲရဲ။ ရောင်နီပျို့ပျို့မဟုတ်။ ရောင်နီပြိုက်ပြိုက်။ ခနနေတော့ စူးစူးဝင်းဝင်း။ ၇ နာရီလောက်ရောက်တော့ အပူရှိန်တင်းလာပြီ။

ခြေလှမ်း၅၀စာသာရှိတဲ့ ကျောင်းဝင်း လျှောက်လမ်းကျဉ်းကျဉ်းထဲ အရှေ့အနောက် ခေါက်ချိုးခေါက်ပြန်လမ်းလျှောက်​ော အရှေ့ဘက်အပြန် ခြေလှမ်း၄၀လောက် ရောက်လာတော့ ရှေ့တလှမ်းတိုးလိုက်တိုင်းကို အပူက တလှမ်းထက်တလှမ်း ပိုပိုဟပ်လာသည်။ ကျန်၁၀လှမ်းမှာ အပူရှိန်က တလှမ်းထက်တလှမ်း ပိုပြင်းပြင်းလာသည်။


မုန်တိုင်းသတင်းဖတ်ရတော့ ဝမ်းသာရသည်။ မုန်တိုင်းဒဏ်ခံရမယ့်သူတွေရဲ့ဒုက္ခထက် ကိုယ့်အပူသက်သာရာ သက်သာကြောင်းသာ စဉ်းစားမိသည်။ မုန်တိုင်းရှိမှ မိုးရွာမှာကိုး။ မရွာတောင် အုံ့နေတော့ သက်သာရာရသေးသည်မဟုတ်ပါလား။


ပြီးခဲ့သည့်လက နတ်တလင်းသွားရင်း ရွှေတောင် အောင်လံ ပြည်တွေဘက်ရောက်ခဲ့သည်။ လမ်းမှာ အလွန်လှပ စိမ်းညှို့တဲ့ သက်တမ်းရာဂဏန်းလောက်ရှိ ကုက္ကိုပင်တန်းကြီးတွေ တွေ့ရသည်။ အခု အဲဒါတွေကို ခုတ်ပြီး လမ်းလုပ်မည်ဆိုလို့ ကန့်ကွက်နေသည့် အသံတွေ ထွက်လာသည်။ အဲဒီလူတွေကို တရက်တန်သည် နှစ်ရက်တန်သည် ဒီနေထဲ လှန်းထားဖို့ ကောင်းသည်။ မုံရွာအထွက် ကျောက္ကာဘက်က တမာပင်ကြီးတွေကိုတော့ သူတို့မြို့သားတွေ ကယ်နိုင်သွားသည်။ ဝိုင်းအော်ကြလို့ သစ်ပင်ကြီးတွေကို ခွပြီး လမ်းသစ်ဖောက်လိုက်သည်။

ကိုယ့်မြို့ ရွှေဘိုအထွက်က ကုက္ကိုတန်းကြီးကတော့ ပန်းပုဆရာလက်မှာ ဘာရုပ်တွေ ထွက်ကုန်သည်မသိ။ အပင်ရာဂဏန်းကျော်မည်။ ဘယ်သူမှ အော်မည့်သူမရှိ။ ကြည်ကြည်ဖြူဖြူ။ မြို့၏ရေချိန်ကို မြင်ရသည်။ တချိန်က လိုင်ခေါင်းကြီးထဲ ဝင်လိုက်ရသလိုဟု တင်စားပြောဆိုကြသော ယင်းမြို့ဝင်လမ်းမသည် အခုအခါ ဝဲယာထုတ်ချင်း လင်းနေပေပြီ။ လွင်တီးခေါင်ကို ပြောင်ပြောင်ရောင်ရောင် ဖြစ်ဟန်ဆောင်ထားသည်။ စာဥတောင် သာအေးမျှော်ဖို့ နေရာပျောက်ပြီ။ ကောက်စိုက်သမများ လယ်လုပ်သူများ ဘယ်မှာနား၍ ဘယ်မှာစားကြမည်မသိ။ ဘဟ်မှာ ချွေးသိပ် မှေးမှိတ်ကြမည်မသိ။ လမ်းခရီးမှာ နားဖို့ထား၊ ကားစောင့်စရာ အရိပ်လေးမျှပင် မကျန်တော့ပြီ။ အရိပ်အာဝါသ မရှိသည့်နေရာတွင် အလိုလို အရိုင်းဆန်သွားသည်။ အရိပ်ဖျောက်ခြင်းသည် အရိုင်းပေါ်စေခြင်းလော။ ကျွန်ုပ်တို့သည် လူမှုဘဝ ထိခိုက်နစ်နာမှုများကို လုပ်တတ်သည့်အလေ့အကျင့် စွဲမြဲနေပြီလား။

မြို့တွင်းက သစ်ပင်များလည်း အခုတ်ခံရသည်။ စျေးရှေ့က သက်တမ်းရင့် သုံးပန်လှပင်များသည် မြောင်းပြုပြင်ဖို့ဆိုပြီး NLD စတက်တက်ချင်းမှာ အခုတ်ခံလိုက်ရသည်။ သုံးပန်လှပင်ကို မြို့တွင်း လမ်းဝဲယာစိုက်သည့်မြို့ ဒီတမြို့ဘဲ ရှိသည်ထင်သည်။ ယင်းသင်္ကေတကိုတော့ လက်လွှတ်ဆုံးရှုံးလိုက်ရတော့သည်။ သုံးပန်မလှနိုင်တော့ချေ။

ပန်းခြံတွင်း ဗိုလ်ချုပ်ကြေးရုပ်ရောက်လာတော့ နှစ်ရာကျော်သက်တမ်းရှိနိုင်သည့် မန်ကျည်းပင်ကြီးနှင့်အတူ ထနောင်းပင်ကြီးများ အလှဲခံရသည်။ နောက် မြက်ခင်းလုပ်ဖို့ဆိုပြီး အပင်ကြီးတော်တော်များများ ဆက်တိုက် အခုတ်ခံရသည်။ ပန်းခြံဟူသည် ဒေသပေါက် သစ်ပင်ကြီးများ ထိမ်းသိမ်းရာဆိုသည်မှာ ဒီမြို့မှာတော့ မဟုတ်နိုင်တော့ချေ။ ပန်းခြံတွင်းမှာ စည်ပင်ဝန်ထမ်းအိမ်ရာတွေ ရှိနေသေးသည်။ အရင်ကအစဉ်အဆက်ရှိခဲ့သည့် အရက်ဆိုင် စားသောက်ဆိုင်များတော့ မရှိတော့ပေ။ ပန်းခြံတွင် သစ်ပင်များ ကလေး လူကြီးများအတွက် နေရာ အပြည့်အဝရသည့်ခေတ်တော့ မရောက်သေး။


တနေ့ကပင် အိမ်ဝင်းထဲက နှစ်ရာဂဏန်းနီးပါးရှိတပင်နှင့် နှစ်ငါးဆယ်လောက်ရှိ တပင်၊ ကုက္ကိုပင်ကြီးနှစ်ပင် အလှဲခံလိုက်ရသည်။ တော်တော်ကို ခံပြင်းစရာ။ ကရုဏာဒေါသဖြင့် အော်မိပြောမိတော့ ဖခင်ကြီးလဲ စိတ်မကောင်းရှာ။ ဘေးအိမ်က အသားအိမ်ကို နံကပ်တိုက်ပြောင်းဆောက်ရာ မဆီမဆိုင် သူ့အပင်ခုတ်ဖို့ဆွယ်တော့ မပြောမဆို မတိုင်ပင်ဘဲ ခုတ်လိုက်သည်။ ခုတ်ခ ခေါ်ရှင်းခိုင်းမှ သိလိုက်ရတော့ လက်လွန်နေပြီ။ တုံးကြီးတွေကိုတော့ ပြန်ဝယ်ထားလိုက်ရသည်။ သူက ရှေးတုန်းကလို ခုတ်ခပေးရတုန်းထင်နေသည်။ ခု ဖခင်ကြီးမှာ နေစရာမရှိတော့။ အလွန်စိတ်မချတတ်သည့် သူ့အိမ်ကိုပစ်ပြီး ဘုရားဝင်းနောက်ဖေးက သစ်ပင်ရိပ်အောက် တနေကုန်ရောက်နေရပေသည်။ နဂိုက သူ့ဝင်းက ကုက္ကိုပင် သရက်ပင်တွေနဲ့ အေးရိပ်ဆာယာ။ ဘယ်လောက်ပူပူ ဝိုင်းထဲဝင်လိုက်သည်နှင့်အအေးဓာတ်ရသည်။

အဆောက်အဦးသစ်ဆောက်လျှင် ယင်းကို ကွယ်မည်ထင်သည့်အပင်များကို ခုတ်ထွင်ပစ်ဖို့ လက်မနှေးကြချေ။ ယင်းလက္ခဏာသည် ကြွားလိုစိတ်က အခြေခံလာပုံရသည်။ အပင်တွေကြားက အဆောက်အဦးကသာ ရင်ခုန်ဘွယ်ကောင်းတာမဟုတ်လား။ ဝင်းအပြောင်ထဲက ထင်းထင်းကြီးဖြစ်နေသောအဆောက်အဦးကို ဘယ်သူမှ နှစ်ခါပြန်မကြည့်သလို မြင်ကွင်းတူဖြစ်နေသည့်အတွက် အဖက်ဖက်ကလဲ ကြည့်စရာမလိုချေ။ အဆောက်အဦကိုယ်တိုင်က မထည်ဝါဘဲ အထီးကျန်မြင်ကွင်းသာဖြစ်နေသေးသည်။ သို့ပေလို့ လူတွေက ကိုယ့်အဆောက်အဦးကို မြင်စေချင်သည်။ ကြည့်ချင်ကြမည်မဟုတ်သည်ကိုကား မတွက်မိကြဟုထင်သည်။

မြို့က စစ်အစိုးရတက်လာတော့ ရေဆိုးထွက်ရာနေရာများတွင် မြေကွက်တွေလုယက်ဖော်ဆောင်ကာ အိမ်တွေဆောက်လိုက်သည့်အတွက် ရေမြောင်းစနစ်ပျက်ကာ တမြို့လုံးရေဝပ်လာသည်။ ထို့ကြောင့် သစ်ပင်ကြီးတွေ အမြစ်ကျဉ်ပြီး သေသွားတာများသည်။ ရေက ဆောင်းဝင်ထိနစ်သည်။ ကျောင်းထဲမှာရှိသည့် သပြေပင် သရက်ပင် သီးပင် မာလကာပင်တွေ တနှစ်ပီးတနှစ် တပင်ပြီးတပင် ကုန်သွားသည်။ စားစရာအသီးအနှံဆုံးရှုံးမှုကိုက မနည်း။ အရိပ်အာဝါသဆုံးရှုံးမှုကတော့ ဆိုဘွယ်ရာမရှိ။ ကျောင်းဝန်းကျင်က နှစ်ရာချီမန်ကျည်းပင်ကြီးများလည်း မြင်ကွင်းတွင်းမှ တစတစပျောက်ကွယ်သွားသည်။ တမြို့လုံးအတိုင်းအတာနှင့်ကွယ်ေပျာက်သွာသော အေးမြမှုထုထည်ကို မှန်းဆကြည့်နိုင်သည်။

အိမ်ခြေတွေ ထပ်တိုးတော့ ထုံးစံအတိုင်း အပင်တွေ သေပေးရသည်။ တခါ အိမ်များသည် ကွန်ကရိတွေများလာတော့ အပူတွေ ပိုအားကောင်းလာသည်။ ရေဝပ်တော့ အိမ်ဝင်းတွေမှာလဲ သမံတလင်းတွေ ခင်းကြသည်။

မြို့သည် တဖြည်းဖြည်း အေးရာအေးကြောင်းနည်းလာသည်။

မောင်လူရေး