Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၂၆)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၂၆)
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၉

● ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ရှမ်းလက်နက်ကိုင်များ 
၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေးဆွေးနွေး ပွဲခေါ်သောအခါ SSIA မှ ရှမ်းလူငယ်ခေါင်းဆောင်များဖြစ်ကြသည့် စဝ်ပွန်တိုင်း၊ စဝ်ဆေးဝိုင်၊ စဝ်ဆေထင်၊ ခွန်အုန်းဘောင်၊ ခမ်းဝမ်းတို့ ရန်ကုန်သို့ လာရောက်ဆွေးနွေးခဲ့ကြသည်။ ရန်ကုန်မြို့အမှတ် ၁၄ အင်းလျားလမ်းရှိ တပ်မတော်ဧည့်ဂေဟာတွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ကျန်ဆွေးနွေးနွေးပွဲများကို ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူ းကြီးလှဟန် တို့နှင့် ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲအောင်မြင်မှု မရှိခဲ့ပေ။ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနှင့် ပြည်လမ်း မြန်မာ့အသံတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခွင့်ရခဲ့သည်။

၁၉၆၃ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် SSIA မှ ခွန်စိုင်းပန် ခေါ် စဝ်ပွန်တိုင်းနှင့် စဝ်ဆေဝိုင် ဦးစီးအဖွဲ့နှင့် တော်လှန်ရေးကောင်စီ တွေ့ဆုံရာတွင် SSIA မှ တင်ပြသော အဓိက အချက် ၃ ချက်မှာ ...
၁။ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အုပ်ချုပ်ခွင့်
၂။ လူမျိုးစုအခွင့်အရေး
၃။ ဖက်ဒရယ်စတိတ်တို့ဖြစ်သည်။

၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် ဒုတိယအကြိမ်တွေ့၍ ထိုအချက် ၃ ချက်ကိုပင် ထပ်မံဆွေးနွေးခဲ့သည်။ ထို့နောက် နယ်မြေအလိုက်ထပ်မံဆွေးနွေးရန် SSIA ကိုယ်စားလည်အဖွဲ့သည် တာချီလိတ်မှတဆင့် ထိုင်းနယ်စပ်သို့ ပြန်လည်ထွက်ခွါခဲ့သည်။ ထို့နောက် ရှမ်း ၃ ဖွဲ့ မှ ကိုယ်စားလည်များသည် တော်လှန်ရေးကောင်စီနှင့် ဆွေးနွေးရန် လွိုင်လင်သို့ ပြန်လည်ရောက်ရှိလာသည်။ ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် လွိုင်လင်ရှိ ခလရ ၁၈ ၌တော်လှန်ကောင်စီမှ အရှေ့ပိုင်းတိုင်းတိုင်းမှူ းအဖွဲ့နှင့် ရှမ်းအဖွဲ့မှ ကိုယ်စားလည်များဆွေးနွေးခဲ့သည်။ ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်တွင် တောင်ကြီးမြို့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရှမ်းအဖွဲ့ပေါင်းစုံကိုယ်စားလည်များနှင့် ထပ်မံဆွေးနွေးခဲ့သည်။

အဓိက ဆွေးနွေးသည်မှာ ရန်ကုန်တွင်ဆွေးနွေးသည့် အချက် ၃ ချက်ကိုပင်ဖြစ်သည်။ တပ်မတော်မှ ထပ်မံဆွေးနွေးရာ ထိုအချက် ၃ ချက်ပေါ်အခြေခံပြီး အချက် ၁၀ ချက်ထွက်လာသည်။ ရှမ်းအဖွဲ့ပေါင်းစုံ၏ တောင်းဆိုချက်သည် ယခင် တောင်ကြီးညီလာခံတွင်ဆုံးဖြတ်ခဲ့သည် ဖက်ဒရယ်မူထက်မလျော့ဟု တပ်မတော်က သုံးသပ်သည်ကိုတွေ့ရသည်။ သို့နှင့် သဘောတူညီမှု ရရှိခြင်းမရှိဘဲ ၁၉၆၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သည်။

ဆွေးနွေးပွဲကာလအတွင်း စဝ်ဆေဝိုင်က မဟာဒေဝီအားသွားရောက်တွေ့ဆုံပြီး ထိုင်းသု့်လိုက်လာရန် တောင်းဆိုခဲ့ရာ မဟာဒေဝီကသဘောတူခဲ့သည်။ "ဆေ" ခေါ် ကျားအဖွဲ့ကို စည်းရုံးတည်ထောင်သူ ဘုန်းတော်ကြီး ဦးနာဂိန်က မဟာဒေဝီ အား ထိုင်းနိုင်ငံ ဇင်းမယ်သို့ လိုက်ပါပိ့ုဆောင်ပေးခဲ့သည်။ မဟာဒေဝီရောက်ရှိလာသောအခါ တကွဲတပြားဖြစ်နေသော ရှမ်း လက် နက်ကိုင်များ ပေါင်းစည်းရေးအတွက် ပြန်လည်ကြို းစားခဲ့ကြသည်။

● SSA Shan State Army ရှမ်းပြည်တပ်မတော်
၁၉၆၄ ခုနှစ်တွင် မဟာဒေဝီ စဝ်နန်းဟိန်းခမ်းအား နာယက အရာထား၍ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ စုစည်းရန် ကြို းစားခဲ့ကြသည်။ SSIA/SNUFတို့အပြင် ကိုးကန့်စော်ဘွား ဂျင်မီယန်းပါ အဆိုပါပေါင်းစည်းရေးအစတွင် ပါဝင်ခဲ့သည်။ ထိုကာလက ဂျင်မီယန်းနှင့်ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့သည် ထိုင်းနယ်စပ် မုန်းဖန်အနီးရှိ ထန်ငေါတွင် အခြေပြု နေသည့် ကူမင်တန် တပ်မဟာ ၃ မှူ း လီယုံဖန်ထံတွင် ရောက်ရှိနေရာမှ SSA ကနဦးဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။

၁၉၆၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် SSA ကို စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က စဝ်နွဲ့နှင့်စဝ်ငါးခမ်းတို့ပါဝင်သေးသော်လည်း ၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် ဆက်လက်ပါဝင်ခြင်းမရှိဟုဆိုသည်။ စတင်ဖွဲ့စည်းခဲ့သည့်SSA ဌာနချုပ်အား ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်းနယ်စပ်တွင် အခြေပြု ပြီး ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်၊ ဆောင်ကြဲ၊ နမ္မတူ၊ မိုင်းခေးနယ်မြေ များတွင် ခွန်အုန်းဘောင်၊ စိုင်းလှအောင်၊ စဝ်ဆေထင် စသည့် မူလ SSIA မှ ရှမ်းတပ်ဖွဲ့ များက SSA အမည်ဖြင့်လှုပ်ရှားပြီးရှမ်းပြည်တောင်ပိုင်းလွိုင်လင်၊ တောင်ကြီး နယ်မြေများတွင် မိုးဟိန်းခေါ် စဝ်ကွမ်းဇိဏ်းဦးစီးသည့် ယခင် SNUF တပ်ဖွဲ့ များက SSA အမည်ဖြင့်ပြောင်းလဲလှုပ်ရှားသည်။ တောင်ပိုင်းတပ်ဖွဲ့များ၏ကွပ်ကဲမှု ကို ထိုင်းနယ်စပ် ပိန်းလုံတွင် အခြေပြု သည်။

SSA သည် နောက်ပိုင်းတွင် တပ်မဟာ ၄ ခု တပ်ရင်း ၁၂ ရင်းထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး အင်အား ၁၆၀၀ ထိရှိခဲ့သည်ဟုဆိုပါသည်။

● ကျိုင်းတုံစော်ဘွားနှင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များ
စောယန္တသည် နွမ်စစ်ဟန် မဖွဲ့စည်းမီ ကျိုင်းတုံစော်ဘွားစဝ်ဆိုင်းလုံနှင့် လာရောက်တွေ့ဆုံခဲ့ရာ စော်ဘွားမှ လက်နက်နှင့်ငွေသားများကူညီပေးခဲ့သည်ဟုဆိုပါသည်။ စော်ဘွား၏ ညီအမည်အား အသုံးပြု ခွင့်နှင့် စော်ဘွား၏တပ်ဖွဲ့ နွမ်ဆေဟန်နှင့် မရိုးမစွဲအမည်ပေးရန်တို့ကို စော်ဘွားက ခွင့်ပြု ခဲ့သည်ဟုဆိုပါသည်။ စော်ဘွားစနစ်သည် ပဒေသရာဇ်စနစ်ဟုဆိုသော်လည်းဒေသခံရှမ်းလူထုကြား သြဇာသက်ရောက်မှု ရှိသည်ကတော့ ငြင်းပယ်၍ မရနိုင်ဟုဆိုရမည်။ မည်သို့ပင်ဖြစ်စေ ရှမ်းစော်ဘွားစနစ်သည် ရှမ်းလူမျိုးတို့အတွက် ကိုယ်လက္ခဏာတခုဖြစ်ခဲ့သည်။

၁၉၆၀ ခုနှစ် ခွန်ကြာနု ၊ စိုင်းလှအောင်နှင့် ရှမ်းပညာတတ်လူငယ်များနွမ်စစ်ဟန်မှ SSIA အမည်ဖြင့် ခွဲထွက်သောအခါ ရှမ်းဘုန်းတော်ကြီးတပါးအားစေလွှတ်၍ အကူအညီတောင်းခံရာ စော်ဘွားမှ ကျပ်ငွေ ၄ သိန်းထောက်ပံ့ခဲ့သည်ဟုဆိုပါသည်။ ထိုငွေပမာဏသည် ထိုစဉ်ကာလက များပြားသောငွေကြေးဟု ဆိုနိုင်သည်။

၁၉၆၀ ခုနှစ် စဝ်ငါးခမ်းနှင့် စော်ဘွား၏ ဘဏ္ဏာထိန်း ဦးဘသိန်းတို့SNA ဖွဲ့စည်းစဉ်ကလည်း လက်နက်နှင့်ငွေကြေးများထောက်ပံ့ခဲ့သည်ဟုဆိုသည်။ နှစ်ထောင်ချီ ကြာမြင့်သည် ရှမ်းစော်ဘွား အုပ်ချုပ်စနစ်အား ဖျက်သိမ်းခံရပြီး ဘေးသို့ဖယ်ထုတ်ခံရသူများအဖိ့ု ဤသို့တုန့်ပြန်သည်မှာ အံ့သြစရာမရှိပေ။ သို့သော် ပြည်မအစိုးရကတော့ ပြည်ထောင်စုဖြို ခွဲသူအဖြစ် ကြည့်မြင်ပြီး၁၉၆၂ ခုနှစ် တပ်မှအာဏာသိမ်းသောအခါ ဖမ်းဆီးထိမ်းသိမ်းခြင်းခံရသည်။တဖက်နှင့်တဖက် ကြည့်မြင်သုံးသပ်ပုံများမှာ လုံးဝဆန့်ကျင်ဖက်အနေအထားဖြစ်သည်ဟုဆိုရပါမည်။ ကျိုင်းတုံစော်ဘွားအား ၁၉၆၇ ခုနှစ် ပြန်လွှတ် ပေးသော်လည်း ကျ ို င်းတုံတွင် ပြန်လည်နေထိုင်ခွင့်မပြု ဟုသိရသည်။

ထို့ပြင် ကျိုင်းတုံစော်ဘွားအနွယ်များ စော်ဘွားလက်အောက်ခံ မြို့စားနယ်စားတို့၏ သားသမီးများသည်လည်း ရှမ်းလက်နက်ကိုင်ပုန်ကန်မှု တွင်ပါဝင်ခဲ့ကြသည်ကို တွေ့ရသည်။ ကျိုင်းတုံစော်ဘွား၏အနွယ်ထဲမှ စဝ်ဇွိုက် မန်ရိုင်းနှင့် စဝ်နွံ မန်ရိုင်း၊ ပျက်ကန့်မြို့စား၏သား စဝ်နော်မိန်းလုံ၊ တာကော်မြို့စား၏သား လုံးဆုလဖုန်း၊ တာကော်မြို့စား၏မြေး စဝ်ဝန်းဆာ၊ မိုင်းပုအွန်မြို့စား၏တူ စိုင်းမုခ်၊ မိုင်းလွေမြို့စား၏သား စဝ်ခမ်းလျံ ၊ မိုင်းယန်းမြို့မှရွာစား၏သား စဝ်လောဝ်ခမ်း၊ ကတ်တောင်ရွာစား၏သား စဝ်ပွန်တိုင်း စသူတို့သသည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် ပါဝင်ခဲ့ကြသည်ကို တွေ့ရသည်။

● စဝ်ငါးခမ်း၏ SNA
စဝ်ငါးခမ်းခေါင်းဆောင်ဖွဲ့စည်းခဲ့သော SNA သည် ရှမ်းအရှေ့ပိုင်း၌သာ အခြေပြု လှုပ်ရှားခဲ့သည့် ဒေသခံရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ စစ်စစ်ဖြစ်သည်ဟုဆိုရပါမည်။ SNA စတင်တည်ထောင်စက ဦးဘသိန်းနှင့် အတူ ကျိုင်းတုံစော်ဘွား၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင်အချို့လည်း လိုက်ပါခဲ့ သည်ဟုဆိုသည်။

SNA သည် စတင်ဖွဲ့စည်းစဉ်ကာလက ခေါင်းဆောင်ပိုင်းသည် အမေရိ ကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA နှင့် ဆက်စပ်ပတ်သက်မှု ရှိခဲ့သည်။SNA စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် ဦးဘသိန်းသည် ရှမ်းနှစ်ချင်းခရစ်ယန်ဘာသာဝင်တဦးဖြစ်သည်။ သူသည် လားဟူနှစ်ချင်းခရစ်ယန်ကို တည်ထောင်သူ ဝီလီယံယန်း William Young ၏သားဖြစ်သူ ဘီလ်ယန်း Bill Young နှင့် ရင်းနှီးသူဖြစ်ရာ ယန်းသားအဖ၏ အကူအညီဖြင့် CIA နှင့် ချိတ်ဆက်နိုင်ခဲ့သည်။ ဝီလီယံနှင့်ဘီလ်ယန်းသားအဖသည် ထိုစဉ်ကာလက ရှမ်းပြည်အရှေပိုင်းနယ်စပ်အနီး ထိုင်းနှင့်လာအိုနယ်မြေအတွင်း အခြေပြု ပြီးCIA သူလျှိုများအဖြစ် လှုပ်ရှားနေကြသည်။ CIA အား လက်နက်အကူအညီအတွက် SNA ခေါင်းဆောင်ပိုင်းက ချ ဉ်းကပ်ခဲ့ကြသည်။ CIA သူလျှိုတဦးဖြစ်သူ ဒေါက်တာ တွမ်ဒိုလေ Tom Dooley ၏ စီစဉ်ပေးမှု ဖြင့် လာအိုနိုင်ငံမိန်းဆင်တွင် SNA တပ်ဖွဲ့ဝင်အချို့ကို လေ့ကျင့်ပေးခဲ့သည်။ လက်နက်အချို့လည်းရရှိခဲ့သော်လည်း လုံလောက်အောင်မရသဖြင့် နယ်စပ်တွင်ဝယ်ယူဖြည့်တင်းရသည်ဟုဆိုပါသည်။

CIA ၏ အကူအညီကို ရယူခဲ့သဖြင့် တဖက်ကလည်း CIA အတွက် တဖက်ကလည်း ပြန်လည်လုပ်ဆောင်ပေးခဲ့ရသည်။ ထိုအချိန်ကာလက CIAသည် တရုတ်ပြည်မကြီးရှိ တရုတ်ပြည်ကွန်မြူ နစ်တို့၏သတင်းများကို ရယူထောက်လှမ်းလျက်ရှိသည်။ ရှမ်းအရှေ့ မိုင်းယန်းနှင့် ဝိန်းငင်းတွင် CIA ၏ရေဒီယို ဆက်သွယ်ရေးစခန်းများထားရှိပြီး ထိုစခန်းများမှတဆင့် လာအိုနိုင်ငံနမ့်ယု ရှိ CIA စခန်းသို့ ဆက်သွယ် သတင်းပိ့ုပေးနေသည်။ SNA တပ်ဖွဲ့များသည် မိုင်းယန်းနှင့် ဝိန်းငင်းရှိ CIA ရေဒီယိုစခန်းများကို ပြန်လည် ကာကွယ်ပေးခဲ့ရသည်။ အဆိုပါ တရုတ်ပြည်မကြီးထောက်လှမ်းရေးတာဝန်ကို CIAသည် ကူမင်တန်တရုတ်ဖြူ များနှင့် ပူးတွဲလုပ်ဆောင်နေပေရာ SNA တပ်ဖွဲ့အချို့သည် ကူမင်တန်တပ်ဖွဲ့အချို့ နှင့်တွဲဖက်ခဲ့ရသည်ကို တွေ့ရသည်။

SNA တပ်ဖွဲ့များသည် ၁၉၆၄ ခုနှစ် SSA စတင်ဖွဲ့စည်းစကာလက ပါဝင်ခဲ့သည်ဆိုသော်လည်း တပ်ဖွဲ့တခုတည်း ပုံစံမျိုးထက် ရှမ်းလက်နက်ကိုင်အဖွဲ့ချင်း ဆက်စပ်သည့်သဘောမျိုးသာတွေ့ရပြီး SSA ဖွဲ့စည်းပုံတွင် ပါဝင်သည်ကို မတွေ့ရဘဲ သီးခြားတပ်ဖွဲ့ပုံစံအနေဖြင့်သာ လှုပ်ရှားခဲ့သည်ကို တွေ့ရသည်။

SNA အနေနှင့် CIA ၏ အကူအညီရရှိခဲ့သည်ဆိုသော်လည်း လက်နက်ခဲယမ်းမီးကျောက် ဝယ်ယူရရှိရေးအတွက် လာအိုစစ်တပ်နှင့် ဆက်သွယ်ခဲ့ရသည်။ လာအိုစစ်တပ်ထံမှ လက်နက်ဝယ်ယူရန် SNA အတွက် တခုတည်းရောင်းကုန်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အထွက်များသော ဘိန်းကိုသာ အဓိကထားရသည်။ သို့နှင့်ရှမ်းအရှေ့ရှိ ဘိန်းများကို ဝယ်ယူစုဆောင်းပြီး ဝန်တင်လားတန်းဖြင့် ထိုင်းနယ်စပ်၊ လာအိုနယ်စပ်သို့တင်ပိ့ုသည်။ နယ်စပ်ရောက်လျင် ဘိန်းများရောင်းချ ပြီး လက်နက်များပြန်လည်ဝယ်ယူကြသည်။ ဝန်တင်လားများဖြင့်လည်း အသွားတွင် ဘိန်းသယ်ဆောင်သည်။ အပြန်တွင် CIA ရေဒီယိုထောက်လှမ်းရေးစခန်းများအတွက် ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပြန်လည်သယ်ဆောင်၍ အခကြေးငွေရယူသည်။ ဤသို့ဖြင့် SNA သည်လက်နက်ခဲယမ်း ဘဏ္ဏာဖြည့်တင်းနိုင်ပြီး အင်အား တစ တစ တောင့်တင်းလာခဲ့တော့သည်။

သို့နှင့် ၁၉၆၄ ခုနှစ်ခန့်တွင် စဝ်ငါးခမ်း၏ SNA တပ်ဖွဲ့သည် အင်အား၅၀၀၀ ခန့်အထိ တိုးပွါးလာခဲ့သည်။ စဝ်ငါးခမ်း၏လက်အောက်တွင် SNA ကျိုင်းတုံတပ်များကို အောက်ပါ အတိုင်းဖွဲ့စည်းခဲ့သေးသည်ဟုဆိုသည်။ ဒေသခံများလည်းဖြစ် အစဉ်အလာခေါင်းဆောင်များလည်းဖြစ်၍ ရှမ်းလုထု၏ ယုံကြည်မှုကို လွယ်လင့်တကူ လိုလိုလားလားရခဲ့သည်ဟု ဆိုရမည်။

၁။ တပ်မဟာ ၁ စဝ်အွန်ကျန်ဦးစီး မိုင်းမ၊ မိုင်းလား၊ စမ်တောက်ဒေသ။
၂။ တပ်မဟာ ၂ စိုင်းနော်မိန်းဦးစီး ပျက်ကန့်၊ မိုင်းပျင်းနယ်မြေ။
၃။ တပ်မဟာ ၃ နန်ရှဲန်ဝမ်၊ အွန်လာ၊ စဝ်ခွန်မြင့်ဦးစီး မိုင်းယန်းနယ်မြေ။
၄။ တပ်မဟာ ၄ စဝ်ဆေဟိုက်ဦးစီး မိုင်းယောင်းနယ်မြေ။
၅။ တပ်မဟာ ၅ မိုင်းဆတ်မြို့စားဦးစီး မိုင်းဆတ်နယ်မြေ၊
၆။ တပ်မဟာ ၆ နန်ယီခမ်း ဦးစီး ကျိုင်းတုံနယ်မြေတို့ဖြစ်သည်။

ထိုသို့အင်အားကြီးထွားလာခဲ့သော်လည်း တဖက်တွင်လည်း အားနည်းချက်များပေါ်လာသည်။ SNA ၏ လက်နက်ခဲယမ်းနှင့် ဘဏ္ဏာငွေကြေးရရှိရေးဆောင်ရွက်ရာတွင် ဘိန်းအရောင်းအဝယ်အတွက် ကူမင်တန်နှင့်၎င်း၊ လက်နက်အရောင်းအဝယ်အတွက် လာအိုစစ်တပ်နှင့်၎င်း၊ ငွေကြေးရရှိရန်အတွက် အမေရိကန် CIA ထောက်လှမ်းရေးများနှင့်၎င်း ဆက်စပ်ပတ်သက်နေရပေရာ မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်တွင် ရှုပ်ထွေးသော ဆက်ဆံရေးနှင့်အကျိုးအမြတ်ခွဲဝေမှု များပေါ်ပေါက်ခဲ့သည်။ ထို့ပြင် ၁၉၆၁ ခုနှစ်မှ စတင်ခဲ့သော အမေရိကန် CIA ၏ လာအိုအခြေစိုက်တရုတ်ပြည်သို့ ထောက်လှမ်းသည့်လုပ်ငန်းမှာ ၁၉၇၁ ခုနှစ်၌ အမေရိကန်သမတ နစ်ဆင်၏ အမိန့်ဖြင့် ရပ်
ဆိုင်းသွားခဲ့သည်။ သို့သော်လည်း ဘိန်းနှင့် လက်နက်အရောင်းအဝယ်လုပ်ငန်းကတော့ ရပ်တန့်၍မရနိုင်ခဲ့ပေ။ ထိုလုပ်ငန်းများပေါ် အခြေပြု ပြီး SNAတပ်ဖွဲ့တွင်း၌ ကိုယ်ကျိုးရှာမှုများနှင့် မကြေလည်မှု များလည်း ပေါ်ထွက်ခဲ့ သည်။ ထို့ပြင် SNA တပ်ဖွဲ့တွင်းတပ်တွင်းစည်းလုံးညီညွတ်မှု လျော့နည်းလာ ခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံအားနည်းခြင်း၊ အထက်အောက်အမိန့်နာခံမှု လျော့ကျလာခြင်း၊ အစွန်အဖျားမှတပ်ဖွဲ့များသည် အခွန်ဘဏ္ဏာကိုဗဟိုဌာချုပ် သို့မပိ့ုတော့ဘဲ တဗိုလ်တမင်းဖြစ်လာကြခြင်းတို့ကိုထိမ်းသိမ်းနိုင်ခြင်းမရှိ တော့ပေ။ ထို့ပြင် ဘိန်းအရောင်းအဝယ်မှ အမြတ်အစွန်းအား မူလက အဖွဲ့ အစည်းအတွက် ရည်ရွယ်ခဲ့ရာမှ တဦးချင်းအကျ ိုးစီးပွါးအတွက် ဦးတည်လာ သူများလည်းရှိလာရာ တပ်ဖွဲ့သည်လျော့ရဲလာခဲ့တော့ သည်။

သို့နှင့် ၁၉၆၅ ခုနှစ် မတ်လတွင် အသက် ၃၇ နှစ်သာရှိသေးသည့်စဝ်ငါးခမ်းသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် ဟွေခိုက်အုပ်စု နမ့်မော်ခေါင်ရွာတွင် လုပ်ကြံခံခဲ့ရသည်။ စဝ်ငါးခမ်းအားလုပ်ကြံသူ ဆေကွမ်းသည် အလင်း ဝင်ခဲ့ပြီး အစိုးရကာကွယ်ရေးပြန်လုပ်ခဲ့သည်။ သို့သော်သူ့အားလည်း SNAတပ်ဖွဲ့ဝင်တဦးဖြစ်သူ စိုင်းယီက ပြန်လည် သတ်ဖြတ်ခဲ့သည်။ စဝ်ငါးခမ်း လုပ်ကြံခံရပြီးနောက်တွင် ဦးဘသိန်း လည်း ကျန်တပ်များအား ထိမ်းသိမ်းနိုင် ခြင်း မရှိတော့ပေ။

၁၉၆၆ ခုနှစ်တွင် မိုင်းဆတ်၊ မိုင်းယောင်း၊ ကျိုင်းတုံနယ်မြေရှိ SNA တပ်ဖွဲ့များ ပျက်သွားသည်ဟုဆိုသည်။ ဤတွင် ၁၉၆၆ ခုနှစ်တွင် လက်နက်ချသွားသော ဘိုမောင်အား SNA တပ်ဖွဲ့ဝင်အဖြစ်ထည့်သွင်းတွက်ချက်သည်ကိုတွေ့ရသည်။ စဝ်ဆေထင်၏ ပြန်လည်ပြောပြချက်အရ ဘိုမောင်သည် SSIAစတင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သော်လည်း SSIA ဖွဲ့စည်းပြီး ဝ နယ် မိုင်းလင်းသို့ ထွက်ခွါသွားပြီးနောက် SSIA နှင့်အဆက်အသွယ်ပြတ်ပြီး ဆက်လက်ပါဝင်ခြင်းမရှိတော့ဟုဆိုသည်။ ဘိုမောင်သည် လွယ်မော်ဒေသတွင် အခြေစိုက်ရန် ကြို းစားခဲ့သေးသော်လည်း ခွန်ဆာခေါင်းဆောင်သည့် လွယ်မော်ကာကွယ်ရေးနှင့် တိုက်ပွဲဖြစ်ပွါးပြီး ဝ နယ်မိုင်းလင်းဒေသသို့ ဆုတ်ခွါပြီးနောက်ပိုင်း အစိုးရထံလက်နက်ချ ပြီး တန့်ယန်းတွင်ပြန်လည်နေထိုင်သည်။ စဝ်ခွန်မြင့်တပ်ဖွဲ့မှတ်တမ်းများတွင်လည်း ဘိုမောင်အား SNA တပ်ဖွဲ့စာရင်းတွင် ထည့်သွင်းတွက်ချက်ထားသည်ကို မတွေ့ရပေ။ သို့ဖြစ်ရာ ဘိုမောင်အား SNA တပ်ဖွဲ့ဝင်အဖြင့် ထည့်သွင်းတွက်ချက်၍ မရဟုဆိုရပါမည်။

၁၉၆၆ ခုနှစ်တွင် SNA အား အွန်ကျန့်မှ ဆက်လက်ခေါင်းဆောင်သည်။ထိုကာလတွင်ရန်ကုန်ဆေးတက္ကသိုလ်ကျောင်းသား စိုင်းနွံပန်းလည်း SNAတပ်ဖွဲ့တွင်းသို့ဝင်ရောက်လာခဲ့သည်။ သူ၏သူငယ်ချင်းတဦးဖြစ်သူ စဝ်ဝန်းဆာ ခေါ် ခွန်ဆာသည်လည်း ထိုကာလတွင်ပင် SNA သို့ရောက်ရှိလာကြ သည်။ ထိုသူ ၂ ယောက်သည် နောင်တွင် အရေးပါသော ရှမ်းတပ်ဖွဲ့ခေါင်းဆောင်များဖြစ်လာကြသည်။ စဝ်ဝန်းဆာ ခေါ် ခွန်ဆာမှာ MTA ထူထောင်ခဲ့သည့် လွယ်မော်ခွန်ဆာ မဟုတ် သီးခြားတယောက်ဖြစ်ပါသည်။

၁၉၆၇ ခုနှစ်တွင် SNA မှ စဝ်ခွန်မြင့် မိုင်းယန်းတပ်ဖွဲ့သည် တပ်ဟန် စစ်တိုင်းအနေနှင့် ခွဲထွက်ခဲ့ရာ လက်ကျန် SNA တပ်ဖွဲ့များကို အွန်ကျန့်က ဆက်လက်ခေါင်းဆောင်သည်။ စိုင်းနွံပန်းနှင့် စဝ်ဝန်းဆာ ခေါ် ခွန်ဆာတို့သည် စဝ်ခွန်မြင့်တပ်ဖွဲ့တွင် ပါဝင်သွားခဲ့ကြသည်။ စဝ်ဟန်စစ်တိုင်း ခေါ် SNA တပ်ဖွဲ့အင်အားလျော့နည်းလာသည်နှင့် စည်းကမ်းလျော့ရဲလာသည်ကို တွေ့ရသည်။ အစွန်အဖျားတပ်ဖွဲ့များသည် စည်းပျက်ကမ်းပျက်ဖြစ်လာပြီးရွာသူရွာသားများကို ဗိုလ်ကျ ခြင်း၊ အနိုင်အထက်ပြု ခြင်း၊ ငွေကြေးအဓမ္မတောင်းယူခြင်း၊ မိန်းကလေးငယ်များအား အတင်းအဓမ္မသိမ်းပိုက်ခြင်းများပြု လုပ်လာကာ မင်းမဲ့စရိုက်ဆန်လာသဖြင့် SNA ၏ စည်းရုံးရေးကျဆင်းလာသည်။ SNA သည် နံမည်ပျက်၍ ရှမ်းလူထုကြား အယုံအကြည်ကင်းမဲ့ သော အခြေသို့ဆိုက်လာတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး