Breaking News

ပတ္တမြားခင်နှင့် မောင်မိုးသူ

From Internet 


ပတ္တမြားခင်နှင့် မောင်မိုးသူ

(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၉

အမေရိကန်နိုင်ငံ ဖလော်ရီဒါကမ်းခြေမှာနေထိုင်တဲ့ အသက် (၉၅)နှစ်အရွယ်ရှိ ဒေါ်ပတ္တမြားခင် တစ် ယောက် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၁၅ရက်နေ့က ကွယ်လွန်အနိစ္စရောက်ကြောင်း လူမှုကွန်ရက်မျက်နှာပေါ်မှာ တွေ့ရဖတ်ရပါတယ်၊ မောင်မိုး သူဟာ ဒေါ်ပတ္တမြားခင်ကို စတင်တွေ့ရှိခါစကပဲ မမခင်လို့ခေါ်ခဲ့တာဖြစ်ပါတယ်၊ မမခင်ဟာ မောင်မိုးသူထက် အသက် (၁၂)နှစ်တိတိကြီးပြီး မောင်မိုးသူရဲ့ ဘကြီးခန့်(မောင်မိုးသူဖခင်ရဲ့အကို ဝမ်းကွဲ) နှင့်အိမ်ထောင် ကျခဲ့လို့ ပဲဖြစ်ပါတယ်၊ ဂျပန်ခေတ် စစ်ပြေးကာလအတွင်း မောင်မိုးသူနှင့်မိသားစုနှင့် တကွ ဘကြီးခန့်တို့မိသားစု စစ်ကိုင်း မင်းကွန်းချောင်တစ်ချောင်မှာ နေထိုင်ရပါတယ်၊ ဘကြီးခန့်က အညာသား ညိုညိုဝဝ၊ မမခင်က ဖြူဖြူ သွယ် သွယ်လှလှ၊ လှဆို(မိခင်ဖြစ်သူက ရှမ်းအမျိုးသမီးဖြစ်ပြီး ဖခင်ဖြစ်သူက နိုင်ငံ ခြားသားဖြစ်ပေတာကို)၊ မောင်မိုး သူတို့မိသားစုနှင့် ဘကြီးခန့် မမခင်တို့မိသားစု စစ်ပြေးကာလအတွင်းအတူ နေကြတဲ့အတွက် ရင်းနှီး ကြပါတယ်၊

စစ်ပြီးတော့ ဖေဖေက မောင်မိုးသူတို့မောင်နှမကို နေရှင်နယ်အမျိုးသားကျောင်းမှာ စထားပါတယ်၊ ဖေဖေ့သူငယ်ချင်း တိုင်းချစ်သိန်းဖေ(မောင်တင်ဦး၊ ဇော်ဝမ်းတို့ရဲ့ဖခင်)က ဖေဖေ့ကို သူထောင်တဲ့တိုင်း ချစ် ကျောင်းမှာ ရွှေ့ထားဆိုတာနဲ့ မောင်မိုးသူတို့မောင်နှမ တိုင်းချစ်ကျောင်းမှာနေရပါတယ်၊ အဲဒီတုန်းက မောင်မိုး သူတို့မိသားစုက ဥယျာဉ်တန်းရိပ်သာတန်းမှာနေပါတယ်၊ ပွဲကုန်းဘက်ကိုသွားတဲ့ ဘုန်းကြီးကျောင်း ကြား လမ်း ထိပ်မှာ တိုင်းချစ်ကျောင်းသူတစ်ဦးဖြစ်တဲ့ မြမြစိန်နေပါတယ်၊ မြမြစိန်ဟာ မောင်မိုးသူထက် ၂နှစ် ကြီးပြီး မောင် မိုးသူအမ မမစိန်ထက် ၂နှစ်ငယ်ပါတယ်၊ ဒီမောင်နှမသုံးယောက်ဟာ ဥယျာဉ်တန်းကနေပြီး တော့ ၈၄လမ်း လက်ဆည်ကန်မှာရှိတဲ့ တိုင်းချစ်ကျောင်းကို နေ့စဉ်သွားရပါတယ်၊ 

တိုင်းချစ်ကျောင်းရဲ့ ကပ်လျက်၂ အိမ်ကျော် လောက်မှာ ခန့်ခန့်ကြီးဓါတ်ပုံတိုက်ရှိပါတယ်၊ အဲဒီဓါတ်ပုံတိုက်ကတော့ ဂျပန်ခေတ်စစ်ပြေးစဉ်မှာ အတူနေခဲ့တဲ့ ဘကြီးခန့်ရဲ့ဇနီး မမခင်ရဲ့ ဓါတ်ပုံတိုက်ဖြစ်ပါတယ်၊ မမခင်ဟာ သူ့ဓါတ်ပုံတိုက်နာမည်ကိုတောင် ဘကြီးခန့် ရဲ့နာမည်အတိုင်း ခန့်ခန့်ကြီးဓါတ်ပုံတိုက်လို့နာမည်တပ်ထားတာပါ၊ မောင်မိုးသူတို့တိုင်းချစ်ကျောင်းနေစဉ်က မမခင်ရဲ ့ ခန့်ခန့်ကြီးဓါတ်ပုံတိုက်ကို မကြာခဏသွားလည်လေ့ရှိပါတယ်၊ အဲဒီအချိန်မှာ ဘကြီးခန့် မမခင်တို့ရဲ့ သားဦးလေးတစ်ယောက်ရနေပါပြီ၊ အဲဒီကလေးကလည်း ညိုညိုလုံးလုံးလေးပဲခင်ဗျ၊ မောင်မိုးသူတို့မောင်နှမက ဘကြီးခန့်ကလေးပေါက်စကို တွေ့ချင်စချင်လို့အမြဲသွားဖြစ်တာပါ၊ 

အဲဒီလို တိုင်းချစ်ကျောင်းမှာနေစဉ် မောင်မိုး သူနဲ့မမခင်တို့ ဆုံခဲ့ကြတွေ့ခဲ့ကြပပေမယ့် နောက်ပိုင်း မောင်မိုးသူကို အရပ်ထဲက စိန်တောင်မူလတန်းကျောင်း နောက် စိန်ပီတာ အထက်တန်းကျောင်းမှာ ပညာသင်ကြားစဉ်အတွင်း မမခင်နဲ့သိပ်မတွေ့ဖြစ်တော့ပါ၊ တက္က သိုလ်ဝင်တန်း မအောင်ခင်အထိ ကဗျာတွေ စာတွေ မောင်မိုးသူရေးလေ့ရှိသလိုပဲ မမခင်လည်း ပတ္တမြားခင် ဆိုတဲ့ကလောင်အမည်နဲ့ စာတွေရေးကြောင်းကြားသိရပါတယ်၊ လူချင်းတော့မတွေ့မဆုံဖြစ်ပါဘူး။ 

မောင်မိုးသူ ဟာ ၁၉၅၆ခုနှစ်မှာ တက္ကသိုလ်ကိုရောက်ပါတယ်၊ ၁၉၅၈ခုနှစ်မှာ တက္ကသိုလ်ကထွက်ပြီး ၁၉၅၉ခုနှစ်ကျတော့ စာပေလော ကကို မောင်မိုးသူအမည်ဖြင့်ဝင်ရောက်ခဲ့ပါတယ်။ ဒီနောက် ရန်ကုန်စာပေလောကနှင့်ရုပ်ရှင်လော ကကို မောင်မိုးသူရောက်ရှိခဲ့ပါတယ်၊ အဲဒီလို မောင်မိုးသူရန်ကုန်ရောက်ခါမှ ကုန်ဈေးတန်းမှာ မမခင်ရဲ့ ခန့်ခန့်ကြီး ဓါတ်ပုံဆိုင်အမည်ကိုတွေ့လို့ မမခင်ထံ သွားရောက်နှုတ်ဆက်ဖြစ်ပါတယ်၊ ဗိုလ်မြတ်ထွန်းလမ်းအ နားတဝိုက်မှာ ခန့်ခန့်ကြီးဓါတ်ပုဆိုင်ဖွင့်ထားတာတွေ့ရတော့ မောင်မိုးသူက မမခင်ဆီဝင်တွေ့ခဲ့ဖူးပါသေးတယ်၊ 

အဲဒီနောက်တော့ မမခင်က အမေရိကားကိုပြောင်းသွားကြောင်းကြားသိရပါတယ်၊ အမေရိကား ဖလော်ရီဒါကို ရောက်ခါမှ မမခင်က ဝင်းဦးရဲ့စန္ဒာမဂဇင်းမှာ သန္တာစမ်းက အလွမ်းစာ ဆိုတဲ့အမည်နဲ့ ကိုဦးရေဆိုပြီး လွမ်းတဲ့ စာတွေ ရေးသားရင်း အလွန်အောင်မြင်ထင်ရှားတဲ့ စာရေးဆရာမကြီးဖြစ်လာပါတယ်၊ 

မမခင်ရဲ့ အဲဒီကိုဦး ရေဆိုတဲ့ သန္တာစမ်းက အလွမ်းစာတွေနဲ့ပတ်သက်ပြီး တနေ့တော့ အမေလူထုဒေါ်အမာနဲ့ စကားစပ်မိတော့ ဒေါ်ဒေါ်က ခင်မာကြီးက စာသိပ်ရေးချင်တာ စာရေးလဲအများကြီးသိပ်ရေးတာ(မမခင်ရဲ့နာမည်က ဒေါ်ခင် မာကြီး) ဖြစ်ပါတယ်၊ ဒါပေမယ့် သိပ်ပြီးတော့ မအောင်မြင်လှဘူး၊ အဲ အမေရိကားရောက်မှ စန္ဒာမှာ ကိုဦး ရေဆိုပြီး သန္တာစမ်းက လွမ်းတဲ့စာတွေကို စကားပြောသလို ရေးလေတော့ မန္တလေးသူလဲဖြစ် စကားကလဲ အလွန်တတ်ဆိုတော့ အင်မတန်ဖတ်လို့ကောင်းတဲ့ စာတွေဖြစ်ခဲ့ပါတယ်၊ မမခင်ရဲ့ အလွမ်းစာတွေကလည်း မြန်မာပြည်ကိုလည်း တကယ်လွမ်း၊ ဖလော်ရီဒါမှာရှိကြတဲ့ သူတို့ရဲ့ နေမှုထိုင်မှု စားမှုသောက်မှုများကိုလည်း ဖော်ပြ စသည်ဖြင့် လှလှပပ ရေးဖွဲ့တဲ့အတွက် မြန်မာစာဖတ်ပရိသတ်အတွက် တရှိုက်မတ်မတ်ဖတ်ရှုကြတဲ့ စာတွေလည်းဖြစ်ကြပါတယ်၊ 

အမေရိကားမှာနေထိုင်ရောက်ရှိနေပြီဖြစ်တဲ့ မမခင်တစ်ယောက် မြန်မာပြည် မှာရှိတဲ့ မကျန်းမာတဲ့ မပြည့်စုံတဲ့ စာပေနယ်ကမိတ်ဆွေတွေကို နှစ်စဉ်ကူညီထောက်ပံ့မှုများပြုလုပ်လေ့ရှိပါ တယ်၊ အဲဒီကူညီထောက်ပံ့မှုများကို ကိုဝင်းငြိမ်း(ရွှေအမြုတေ)ကတဆင့်လုပ်ဆောင်လှူဒါန်းလေ့ရှိပါတယ်၊ ကလျာမဂဇင်းက မမဝင်း(ဒေါ်ကလျာဟန်လေး)က မေလထဲမှာကျတဲ့ မမခင်ရဲ့မွေးနေ့ကို အမြဲတန်း ကလျာမှာ ပြုလုပ်ကျင်းပလေ့ရှိပါတယ်၊ တစ်ချိန်တော့ မမဝင်းတို့ ကလျာတိုက်ကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များအကြောင်း ကိုရေးသားတဲ့ စာရေးဆရာမိတ်ဆွေတစ်ယောက်နဲ့ဆုံပါတယ်၊ သူက အမေရိကားမှာ မမခင်တို့နဲ့ ဆုံခဲ့တယ်ဆို တဲ့အကြောင်း ဦးသောင်း၊ အောင်ဗလတို့နဲ့ဆုံခဲ့တယ်ဆိုတဲ့အကြောင်း ဓါတ်ပုံတွေလည်းပြ စကားတွေလည်း အများကြီးပြောဖြစ်ကြပါတယ်၊

တခါတော့ မြန်မာပြည် ရန်ကုန်ကို အလည်အပတ်ရောက်ရှိနေတဲ့ မမခင်တို့ သားအမိနှင့် မမဝင်းတို့ အိမ်မှာလည်း ဆုံဖြစ်ကြပါသေးတယ်၊ ထွေရာလေးပါးစကားတွေပြောဖြစ်ကြတာပေါ့၊ ရှေးဟောင်းနှောင်းဖြစ်တွေ လည်းပြောရဲ့၊ မမခင်ရဲ့မန္တလေးက ငယ်သူချင်းအမျိုးသမီးအကြောင်းတွေလည်းပြောဖြစ် စသည်အားဖြင့် ပေါ့လေ၊

ဒီလို ဒီလိုနဲ့ ဖလော်ရီဒါမှာရောက်ရှိနေထိုင်နေတဲ့ မမခင်တစ်ယောက် စန္ဒာမဂ္ဂဇင်းရှိစဉ်က သန္တာစမ်းက အလွမ်းပြေဆိုပြီး ကိုဦးရေဆိုတဲ့ဆောင်းပါးတွေကိုဖတ်ခဲ့ရသလို စန္ဒာမဂ္ဂဇင်းရပ်ဆိုင်းသွားပြီးတဲ့နောက်မှာလည်း ကလျာမဂ္ဂဇင်းမှာ အဝင်းရေဆိုပြီး ဆောင်းပါးတွေဆက်ရေးနေတာတွေကိုဖတ်ရပါတယ်၊ ကလျာမဂဇင်းမှာတော့ မောင်မိုးသူလည်း ပင်တိုင်ဆောင်းပါးရှင်တစ်ယောက်ဖြစ်ပေတာကို၊ ကလျာမဂ္ဂဇင်းတိုက်မှာ အမျိုးသမီစာရေး ဆရာ အုပ်စုဝိုင်းတစ်ဝိုင်း အမြဲတွေ့ဖြစ်ဆုံဖြစ်ကြပါတယ်၊ 

အဲဒီအမျိုးသမီးအုပ်စုတွေဆုံတဲ့ ဝိုင်းတွေထဲမှာ ထူးထူး ဆန်းဆန်း အမျိုးသားစာရေးဆရာနှစ်ယောက်ပါလေ့ ဖိတ်လေ့ရှိပါတယ်၊ တစ်ယောက်ကတော့ မောင်မိုးသူဖြစ်ပြီး နောက်တစ်ယောက်ကတော့ မင်းလူဖြစ်ပါတယ်၊ မင်းလူရောက်လာရင် အမျိုးသမီးစာရေး ဆရာအုပ်စုက မင်းလူကို အမျိုးမျိုး နှိမ်လေ့နောက်လေ့ရှိပါတယ်။ ဒါပေမယ့် တကယ့်တကယ် ကျတော့ မင်းလူကပဲ သူတို့အမျိုးသမီးတစ်အုပ်လုံးကို ချစ်စဖွယ်နောက်ပြောင်ရေးသားတာကို လုံးဝမနိုင်နိုင်ကြ ဘူးဖြစ် နေကြပါတယ်၊ ဒါပေမယ့်လည်း သူတို့အမျိုးသမီးစာရေးဆရာတွေအုပ်စုအားလုံးကလည်း မင်းလူကို တကယ်ပဲ ချစ်ခင်ကြပါတယ်၊ 

 ကလျာမဂ္ဂဇင်းရဲ့ အယ်ဒီတာဖြစ်တဲ့ မမဝင်းက မမခင်ရဲ့မွေးနေ့ပွဲတွေကို အမြဲတန်းသူ့ အိမ်မှာ ပြုလုပ်လေ့ရှိပါတယ်၊ နောက်ပြီး အဝေးကနေပြီးတော့ မမခင် လှူလေ့တန်းလေ့ရှိတဲ့ ဘာသာရေးအလှူ အတန်းတွေ စာပေစာရေးဆရာအလှူတန်းတွေကို အမြဲတန်းပြုလုပ်လေ့ရှိပါတယ်၊ အဲဒီပွဲတွေမှာလည်း မောင်မိုး သူက အမြဲရောက်လေတော့ မမခင်အကြောင်း အဆက်မပြတ်ဆိုရပေမှာပေါ့၊ ဒါပေမယ့်လည်း ကလျာမဂ္ဂဇင်း ရပ်နားလိုက်ပြီးတဲ့နောက်တော့ မောင်မိုးသူလည်း မမဝင်းထံ သိပ်မရောက်ဖြစ်တော့ပါဘူး၊ တကယ့်တကယ် ကျတော့လည်း မောင်မိုးသူက မမဝင်းလို့ခေါ်နေတာ မမဝင်းက မောင်မိုးသူထက် ၁နှစ်ငယ်ပါတယ်၊ မောင်မိုးသူ မမဝင်း မမခင်တို့ သုံးယောက်စလုံးဟာ မေလမှာ မွေးဖွားကြသူများဖြစ်ပါတယ်၊

ကလျာမဂ္ဂဇင်းရပ်နားပြီးသည့်နောက်တော့ မောင်မိုးသူလည်း မမဝင်းဆီ သိပ်မရောက်ဖြစ်တော့ပါဘူး၊ မမဝင်းကိုယ်တိုင်ကလည်း ကျန်းမာရေးသိပ်ပြီးကောင်းတာမဟုတ် အသက်အရွယ်အားဖြင့် (၈၃) နှစ်ရှိပြီဖြစ်တဲ့ မောင်မိုးသူကလည်း သားငယ်သို့မဟုတ် လိုက်မပို့လျှင်ဘယ်မှမရောက်ဖြစ်နိုင်တော့ပါဘူး၊ အဲဒီလိုအဲဒီလိုနဲ့ အဆက်အသွယ်ပြတ်နေခိုက် ...

ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် လူမှုကွန်ရက်ပေါ်မှာ ဖလော်ရီဒါမှာနေထိုင်တဲ့ အသက်(၉၅) နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ပတ္တမြားခင် ကွယ်လွန်အနိစ္စရောက်ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖတ်ရတွေ့ရပါတယ်၊ အဲဒီ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ရတဲ့ ပုံလေးကတော့ မမခင်ရဲ့ ငယ်ဘဝ လှတုန်းပတုန်း စက်ဘီးလေးနဲ့ ပုံလေးကိုတင်ထားတာတွေ့ရမြင်ရတော့ လွမ်းရတာပေါ့၊ ဒါနဲ့ မမဝင်းဆီဖုန်းဆက်ပြီး လှမ်းမေးရပြောရပါတယ်၊ ကိုဝင်းငြိမ်းဆီကိုဆက်တော့လည်း ကိုဝင်းငြိမ်းက သူ့ရဲ့ရွှေအမြုတေ မှာသူဆောင်းပါးရေးမှာတဲ့ ပြီးတော့ မောင်မိုးသူ ပင်တိုင်ရေးနေတဲ့ မော်ဒန်ဂျာနယ်မှာလည်း ပတ္တမြားခင်နဲ့မောင်မိုးသူဆိုပြီး မောင်မိုးသူနဲ့ မမခင်တို့ ဂျပန်ခေတ်စစ်ပြေးဘဝမှာ ဆုံခဲ့ပုံကအစ စာပေလောကမှာ မဂဇင်းတွေပေါ်မှာ ပြန်ဆုံရတာတွေ မမဝင်းတို့ အိမ်မှာ မမခင်တို့မိသားစုနဲ့ ပြန်ဆုံဖြစ်ကြတာတွေ တွေ့ရဆုံလွမ်းရတာတွေလည်း ဆောင်းပါးတစ်ပုဒ်အဖြစ် လွမ်းတော်မူဖို့စာကိုဆီလိုက်ရပါတယ်။ 

မောင်မိုးသူ