Breaking News

အီရန် ကျန်းမာရေး ဒုဝန်ကြီးကိုယ်တိုင် Covid-19 အဆုတ်ရောင်ရောဂါ ဖြစ်နေပြီ

Iraj Harirchi was seen coughing and sweating during a news conference on Monday

အီရန် ကျန်းမာရေး ဒုဝန်ကြီးကိုယ်တိုင် Covid-19 အဆုတ်ရောင်ရောဂါ ဖြစ်နေပြီ

မောင်လူပေ၊ (မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀

အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ အချက်အချာနေရာတစ်ခုပါ။ ရှီယာမွတ်စလင်တွေရဲ့ ခေါင်းဆောင်နိုင်ငံဖြစ်ပြီး သူတို့တွေ အထွဋ်အမြတ်ထားရာ ဘာသာရေးဒေသတစ်ခုလည်း ဖြစ်တယ်။ အလွန်အမင်းရှေးရိုးစွဲတဲ့ အယူဝါဒတွေကို ဖက်တွယ်ထားသူများသလို ဘာသာရေးခေါင်းဆောင်ကြီးမှာ အာဏာအပြည့်ရှိတဲ့ နိုင်ငံတစ်ခုပါ။

တရုတ်ပြည်မှာ Covid-19 ရောဂါဖြစ်နေတာကြောင့် လေယာဉ်ဆက်သွယ်မှုတွေရပ်တန့်ဖို့ ပထမဆုံးပြောတဲ့နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့အတူ သူလည်းပါတယ်။ အမေရိကန်ပြည်ထောင်စုက လိုအပ်တာထက်ပိုပြီး ကြောက်လန့်ပြနေတာမို့ တရုတ်ပြည်သိက္ခာကိုထိခိုက်တယ်ဆိုပြီး တရုတ်ဝန်ကြီးက ပြောပြီးမကြာခင် တရုတ်ပြည်နဲ့ လေကြောင်းဆက်သွယ်မှုမရပ်ကြောင်း အီရန်က ပြန်ပြင်လိုက်တယ်။ ဝူဟန်ကိုလည်း လေယာဉ်တွေ ဆက်ပျံသန်းတယ်။ အနောက်တိုင်းရဲ့ စီးပွား​ရေးပိတ်ဆို့မှုကြောင့် ယိုင်နဲ့နေတဲ့ စီးပွားရေးကို တရုတ်က ကူညီနေတာမို့ တရုတ်ပြည်အကြိုက် လိုက်လုပ်ရပုံပါပဲ။ တရုတ်ကိုယုံတယ်၊ ဘေးကင်းပါတယ်ဆိုတာသက်သေပြချင်ပုံလည်း ပါမှာပေါ့။

အဲဒီမှာ Covid-19 ဗိုင်းရပ်ပိုးတွေက အီရန်ကို ဖိတ်ခေါ်စရာမလိုပဲ ရောက်လာဟန်ရှိတယ်။ ဘယ်ကဘယ်လိုရောက်လာတယ်ဆိုတာ ဘယ်သူမှမသိလိုက်ခင်မှာ Qom လို့ခေါ်တဲ့မြို့တစ်ဝိုက်မှာ ပျံ့နေခဲ့ပြီ။ သတင်းကို အမှောင်ချထားရင်း ရောဂါတွေ ထပ်မံကူးစက်ကြတော့မှ ဖုံးဖိမနိုင် ပေါ်လာတာ။ Qom မြို့က လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်ရဲ့ အပြောအရ "လူငါးဆယ်လောက်သေဆုံးခဲ့ပြီးပြီ"တဲ့။

အဲဒီသတင်းမှားပါတယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးကိုယ်တိုင်သတင်းစာရှင်းလင်းပွဲ လုပ်ရတော့တယ်။ "သေဆုံးသူဟာ ဆယ်ဦးကျော်ပဲရှိတယ်။အဲဒီလွှတ်တော်ကိုယ်စားလှယ်ပြောတဲ့ သေဆုံးလူစာရင်း(ငါးဆယ်)ရဲ့ တစ်ဝက်ကို မပြနိုင်ရင် နှုတ်ထွက်စာတင်ခိုင်းမယ်။" တဲ့။ သတင်းစာရှင်းလင်းပွဲမို့ ပြောသာပြောနေရတာ၊ သူလည်း ချောင်းတွေတဟွတ်ဟွတ်ဆိုးလို့၊ ကုတ်အင်္ကျီအောက်မှာ ချွေးတွေထွက်ပြီး မအီမသာဖြစ်နေတဲ့ပုံနဲ့။ အဲဒါမနေ့ကပေါ့။ ဒီနေ့သတင်းမှာတော့ အဲဒီကျန်းမာရေးဒုဝန်ကြီးကိုယ်တိုင် ရောဂါဖြစ်နေပါပြီတဲ့။ နောက်ထပ် လွှတ်တော်အမတ်တစ်ဦးပါ ပါသေး။ ကောင်းရော။

Qom မြို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ကလည်း သေဆုံးသူလူလေးဆာ်ကျော်ရဲ့စာရင်းကို ချက်ချင်းထုတ်ပြန်တယ်။ လွှတ်တော်အမတ်အဖြစ်က ထွက်ဖို့ စောင့်နေတယ်ဆိုပဲ။ အီရန်ရဲ့ တရားဝင်ထုတ်ပြန်မှုအရတော့ လေးဦးထပ်ပြီးသေဆုံးလို့သေဆုံးစာရင်း(၁၆)ဦးရှိတယ်။ လူကိုးဆယ်ကျော်ကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။ ဒီစာရင်းအမှန်ဆိုရင် သေဆုံးမှုရာခိုင်နှုန်းဟာ ၁၅%ကျော်မို့ တရုတ်ပြည်က၂% သေဆုံးမှုထက် အများကြီး ပိုဆိုးနေတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမပေးနိုင်တဲ့နိုင်ငံမို့ သေဆုံးမှုမြင့်မားတယ်လို့ ဆိုရမလား၊ ရှေးဆန်တဲ့နိုင်ငံမို့ အိမ်မှာကျိတ်ပြီးကုနေရင်း မနိုင်တော့မှဆေးရုံရောက်လာတာမို့ ကုသမှုနောက်ကျတာလို့ဆိုရမှာလား၊ မေးခွန်းများစွာ။ အီရန်ပြည်သူတွေမှာတော့ ရင်တမမနဲ့ ကြောက်လန့်နေကြရတဲ့အနေအထား။

အခုတော့ အီရန်ကနေ ထပ်မံပျံ့သွားတာက UAE ၊ ဘာရိန်း၊ ဂျော်ဒန်စတဲ့ နိုင်ငံတွေအထိ။ အရှေ့အလယ်ပိုင်းဒေသကြီးကို ဒီရောဂါပိုးက စိန်ခေါ်နေပြီ။ အိမ်နီးချင်းနိုင်ငံတွေက အီရန်နယ်စပ်တွေပိတ်ပစ်လိုက်ပြီ။ လေယာဉ်ခရီးတွေ ရပ်ဆိုင်းလိုက်ပြီ။

သင်ခန်းစာယူစရာတွေ ဖတ်မိလို့ မျှဝေပါတယ်။