Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၄

Credit-Newhub
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၄
ခင်လေး (Aotearoa)

(မိုးမခ) ဧပြီ ၂ ရက်၊ ၂၀၂၀
သတ္တမနေ့

ဒီနေ့တော့ ကျောင်းပိတ်ရက်မှာနေတဲ့ အတိုင်းနေလို့ ရသလောက်ပါပဲ။ နေ့လည်တစ်ချက်ပဲ အလုပ်နဲနဲ ဝင်လာတယ်။ မနေ့က muffin ကို အားလုံး စားကြတော့ ဒီနေ့ထပ်ဖုတ်လိုက်တယ်။ သူက လွယ်ပါတယ်။ ဂျုံမှုန့် ၃၀၀ ဂရမ်၊ ဘေကင်ပေါင်ဒါ ၁၈ ဂရမ်၊ သကြား ၉၀ ဂရမ်၊ ဆား ၄ ဂရမ်ရယ်ကို မွှေမယ့် ဇလုံထဲထည့်ရောမွှေ၊ ဂျုံမှုန့်နဲ့ ဘေကင်ပေါင်ဒါကို အခဲကြီးကြီးတွေ လုံးမနေအောင် ဇကာလေးနဲ့ စစ်လိုက်တယ်။ ပြီးတော့ တိုင်းစရာ အမှတ်အသားလေးတွေ ပါတဲ့ measuring cup ထဲမှာ နို့ ၂၄၀ မီလီလီတာထည့်၊ ကြက်ဥ ၂ လုံး ဖောက်ထည့်ပြီးခေါက်၊ ထောပတ်လေး ၉၀ ဂရမ်ကို ဖန်ပန်းကန်လေးထဲ ထည့်၊ ပျော့ရုံလေး မိုက်ကရိုဝေ့ဗ်ထဲထည့်နွှေး၊ စက္ကန့် ၅၀ လောက်ပေါ့။ ကျန်နေတဲ့ အခဲလေးတွေ ပျော်သွားအောင်မွှေပြီး ကြက်ဥ နွားနို့ထဲထည့်၊ ပြီးတော့ အရည်တွေကို အမှုန့် ဇလုံထဲ ထည့်။ ယောင်းမလေးနဲ့ သာသာလေး နှံ့အောင်မွှေ၊ နှံ့သွားတော့ ခွက်လေးတွေထဲ ထည့်၊ (ကိုယ့်ဗန်းလေးက ၁၂ ခု ဆန့်တယ်) ၁၈၀ ဒီဂရီ အပူပေးထားတဲ့ ဖိုထဲမှာ ၁၅ မိနစ်လောက်ဖုတ်၊ အချိန်စေ့တော့ တုတ်လေးနဲ့ ထိုးကြည့်၊ တုတ်မှာ မုန့်နှစ်တွေ ကပ်မပါလာဘူးဆို ကျက်ပြီပေါ့။ ဖိုထဲက ဗန်းလေးကိုထုတ် လက်သုတ်ပုဝါ သန့်သန့်လေးနဲ့ အုပ်ပြီး နှပ်ထားလိုက်တယ်။ အဲဒီလို ခဏလေးထားလိုက်ရင် မုန့်လေးတွေ စားရတာ ပိုပြော့ပြော့ ပြောင်းပြောင်း နူးနူးနပ်နပ် ရှိသလိုပဲ။
 
ကိုယ်က ဒီနေ့သက်သတ်လွတ်ဆိုတော့ ဘာချက်ရပါ့စဉ်းစားရင်း သားကို ဘာစားကြမလဲမေးလိုက်တော့ ဘာရှိလဲဆိုစဉ်းစားရင်း ပီဆာလုပ်ကြမယ်ဆို ဆုံးဖြတ်ကြတယ်။ ကြိုထားတဲ့ ရေနွေး ၂၅၀ မီလီလီတာကို ဖန်ဇလုံထဲတည့်၊ ဇလုံပတ်ပတ်လည် လှည့်ပြီး ကြက်သီးနွေးရောက်တဲ့အထိ အအေးခံ (ဒီနည်းက အီတလီ ချက်နည်းပြုတ်နည်း စာအုပ်ထဲက ရထားတာ။ အချိုးအဆတွေရောပဲ။ ကိုယ်စမ်းကြည့်သမျှထဲမှာ အဆင် အပြေဆုံးပဲ။) ရေလေးနွေးလာတော့ ဖန်ခွက် ကျယ်ကျယ်လေးထဲထည့်။ ကိုယ်ကတော့ 500 ml measuring cup သုံးတယ်။ yeast ၁၅ ဂရမ် သကြား လ္ဘက်ရည်ဇွန်း ၁ ဇွန်းထည့်။ ခက်ရင်းလေးနဲ့ မွှေ၊ လက်သုပ်ပုဝါ သန့်သန့်နဲ့အုပ်ထား။ ၇ မိနစ်လောက် ကြာတော့ yeast လေးတွေ ပွလာရော။ သံလွင်ဆီလေး ထမင်းစားဇွန်း ၁ ဇွန်းထည့်မွှေ၊ ခုနက ရေနွေးအအေးခံထားလို့ နွေးနေတဲ့ ဇလုံထဲမှာ အသင့်ထဲ့ထားတဲ့ ဆားလ္ဘက်ရည်ဇွန်း ၁ ဇွန်းရောထားတဲ့ ဂျုံမှုန့် ၄၀၀ ဂရမ် ပေါ်လောင်းထဲ့၊ သမအောင် ဇွန်းကြီးကြီးလေးနဲ့ မွှေ၊ လက်နဲ့မွှေလဲရပေမယ့် ကိုယ်ဒီနေ့မနက် ကိုင်ချင်စိတ်မရှိလို့ ဇွန်းပဲသုံးလိုက်တယ်။ ခုနမုန့်ဖုတ်ထားတဲ့ဖိုကို အေးအောင် နဲနဲဖွင့်ထားလိုက်တယ်။ ကိုယ်မုန့်နယ်ပြီးတဲ့ အချိန်မှာ အပူချိန်တော်တော်လေးကျသွားပြီဆိုတော့ နယ်ထားတဲ့မုန့်လေးကို မုန့်ဖိုနွေးနွေးထဲ ထည့်ပြီး အပွခံထားလိုက်တယ်။ ပူလွန်းရင် အပေါ်ပိုင်းတွေ ကျက်သွားတတ်တာမို့ ဖိုတံခါးကို နဲနဲလေး ဟထားလိုက်တယ်။

ဆွမ်းတော်ကပ် မနက်စာစားပြီးတော့ သားအမိတွေ ဟင်းရွက်ခူးထွက်ကြတယ်။ ခရမ်းရောင်နဲ့ အဝါရောင် ဘိုစားပဲ၊ ပင်စိမ်းရွက်၊ silver beet (ဟင်းရွက်စိမ်း)၊ ခရမ်းချဉ်သီး၊ ဘရိုကိုလီအညွန့်တွေ ရလာကြတယ်။ အားလုံး ရေဆေး၊ လှီးချွတ်၊ ဆား၊ ငရုပ်ကောင်း၊ သံလွင်ဆီနဲ့နယ်၊ ဆိုင်က ဝယ်ထားတဲ့ ဥနီလေးနဲ့ ခရမ်းချဉ်သီးလေးတွေ ထပ်ထည့်လိုက်သေးတယ်။ သက်သတ်မလွတ်တဲ့သူတွေက ကြက်အူချောင်းတွေ ထည့်ဖို့ လှီးကြတယ်။ မုန့်ပွလာတော့ ၄ ပုံပုံ အဝိုင်းလေးချပ်ရအောင်ပြား၊ ခရမ်းချဉ်သီးနှစ်သုပ် (ဆိုင်ကဝယ်ထားတာ)၊ ကြက်အူချောင်း၊ ဟင်းရွက်ထည့်၊ အပေါ်က mozzarella cheese ဖြူး၊ ၂၀၀ ဒီဂရီ ၁၂ မိနစ်ကနေ ၁၅ မိနစ် အထိ ဖုတ်၊ ပီဆာရရော။
   
လုပ်ရတာ အချိန်နဲနဲယူရပေမယ့် ကလေးတွေ ကြိုက်တယ်၊ တော်ရုံတန်ရုံ မထိကြတဲ့ ဟင်းသီး ဟင်းရွက်တွေကို မိန်မိန်ယှက်ယှက် စားကြတယ်၊ သူတို့လိုတဲ့ အဟာရတွေ အကုန်ပါတယ် (ပီဆာ အောက်ခြေမုန့်သားမှာ whole meal အခွံမချွတ်ပဲ ကြိတ်ထားတဲ့ ဂျုံမှုန့်သုံးထားတော့ အမျှင်ဓါတ်တွေ အများကြီးပါတယ်၊ ဟင်းသီးဟင်းရွက်၊ အသား၊ သံလွင်ဆီ၊ cheese က ကယ်လ်စီယမ်)။ လုပ်ရကျိုးနပ်တယ်လို့ ကိုယ်ထင်ပါတယ်။
အားလုံးပြီးတော့ ညနေစာပါမပူရတော့တာမို့ ကိုယ်အေးအေး အလုပ်လုပ်လို့ရပါတယ်။ အလုပ်ပြီးတော့ သမီးလက်အိပ်ဆက်ထိုးတာ တစ်ဖက် ပြီးပါပြီ။ အနားသတ်ဖို့ပဲလိုပါတယ်။ ကိုယ့်အကျင့်အတိုင်း နောက်တစ်ဖက် ဆက်မထိုးဖြစ်မှာစိုးလို့ နောက်တစ်ဖက်ကို အမြန်စရပါတယ်။ (အဖေ့ဆီမှာ တစ်ဖက်ထဲရှိတဲ့ ခြေအိတ်လေးတွေ ဖိနပ်ကလေးတွေ အတော်များများရှိတယ် )။ ညနေစောင်းတော့ ပန်းခြံထဲမှာ ဘဲစာ သွားကျွေးပါတယ်။ ဘဲလေးတွေ ကျွေးမဲ့သူမရှိလို့ ဆာနေတဲ့ပုံပါပဲ။ ကိုယ်တို့နားကို ဝိုင်းလာကြတယ်။ သနားပါတယ်။ ဘဲစာက ဝယ်လို့မရတော့ဘူး။ နောက်နေ့ ဘာကျွေးရပါ့။ ပန်းခြံထဲကဘဲတွေကို ပေါင်မုန့်ကျွေးရင် ဘဲကျန်းမာရေးအတွက် မသင့်လျော်လို့ သူတို့ရောင်းတဲ့အစာပဲ ကျွေးပါလို့ ကြော်ငြာထားတာ။ ပြောင်းဆန်ခွဲကြမ်းလေးတွေ တစ်ထုပ်ကို ဆင့်၂၀ နဲ့ ကောင်တာမှာ ရောင်းပေးတယ်။ ခုတော့ ကောင်တာပိတ်ထားတော့ ဘဲများ အစာငတ်။ တခုခုတော့ ကြံရမှာပဲ။

ပြန်ရောက်တော့ သစ်ပင်လေးတွေ ရေလောင်းပြီး သတင်းအေးအေးကြည့်ရတယ်။ ကြည့်နေရင်းကနေ ကိုယ်ကြိုက်တဲ့ သတင်းကိုရွေးပြီး ဝေဖန်ရေးနဲ့ လေကန်ရေးလုပ်ရရင် အတော်ပျော်စရာကောင်းမှာလို့ တွေးမိတယ်။ မနက်ဖန်ကစပြီး အဲဒီလိုလေးတွေပဲ ရေးပါတော့မယ်။ ဒီနေ့ ဒီလောက်အထိဖတ်လာတာကို ကိုယ်အရမ်းကျေးဇူးတင်ပါတယ်။ ထည့်ပေးတဲ့ အယ်ဒီတာများကိုလဲ အလွန်ကျေးဇူးတင်ပါတယ်ခင်ဗျား။
ကိုင်း သတင်းဝေဖန်ရေး စပါတော့မယ်။

ဒီမှာ သတင်းစီတာ ကိုယ်တို့ဆီမှာလိုပဲ နိုင်ငံရေးက စပါတယ်။ ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ လူတွေကို အိမ်ထဲမှာဆက်နေကြဖို့ ပေါက်ကရတွေ မလိုအပ်တာတွေမလုပ်ကြဖို့ လိုအပ်ရင် လိုအပ်သလောက် ဆေးစစ်ကြဖို့ ဆေးစစ်ဖို့ ကရိယာတွေ ယောက် ၃ ထောင်ကျော်စာရှိကြောင်း အသက်ရှူကိရိယာတွေ ၅၀၀ ကျော်ရှိနေပြီကြောင်း ပြောကြားသွားခဲ့ပါတယ်ရှင်။ အဟမ်း၊ သတင်းကြေညာသူလိုလို ဘာလိုလိုပေါ့လေ။ နောက်တာပါ နောက်တာပါ။ စိတ်ဝင်စားစရာကောင်းတာက ဒီက စူပါမားကက်တွေဟာ အခွင့်သာရင်သာသလို လစ်ရင် လစ်သလို စီးပွားရေးသမားများရဲ့ထုံးစံအတိုင်း ဈေးတင်ပြီး အမြတ်ကြီးစားလုပ်ကြတဲ့ ကိစ္စပါ။ ဒီလောက် လူတွေကျီးလန့်စာစား ဒုက္ခရောက်နေတဲ့အချိန်မှာ သူတို့က ဈေးတွေ စွတ်တင်သတဲ့။ ပန်းဂေါ်ဖီတစ်ပွင့်ကို ၁၃ ဒေါ်လာတဲ့။ အဲဒီတော့ အစိုးရက ဈေးစောင့်ကြည့်တဲ့စနစ်လုပ်ပါတယ်။ တက်တဲ့ဈေးကို သူတို့ကို ပြောပါ ညှိနှိုင်းဆောင်ရွက်ပေးပါမယ်တဲ့။ ကြက်သွန်ဖြူတွေလည်း ဈေးတက်တဲ့ထဲပါသတဲ့။ တော်သေးပါရဲ့ ကိုယ့်အိမ်မှာ အများကြီး ရှိနေလို့။

အဓိက သတင်းဖြစ်တဲ့ covid 19 ဖြစ်တဲ့သူ အရေအတွက် ပါမှ ဖြစ်မှာပေါ့နော်။ ဒီနေ့အထိ နယူးဇီလန်မှာကူးစက်ခံရတဲ့သူ ၇၀၈ ယောက်ရှိသွားပြီဖြစ်ကာ ဒီကနေ့ ကူးစက်ခံရတယ်လို့ ထပ်သိရသူကတော့ ၆၁ ယောက်ရှိပါတယ်ရှင်။ ၈၂ ယောက်ကတော့ ပြန်ကောင်းသွားပြီဖြစ်ပြီး သေဆုံးသူတစ်ဦးရှိပါတယ်ရှင်။ အဘွားကောင်းရာမွန်ရာ ရောက်ပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ်။ အများဆုံး ကူးစက်ခံရတဲ့ အသက် အုပ်စုက ၂၂ နှစ်ကနေ ၂၉ နှစ်တဲ့။

နောက်စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံရေးသတင်းက ရောဂါကူးစက်ခံရတဲ့သူ ၂ ယောက်ရဲ့ နာမည်တွေ လွတ်ထွက်သွားတဲ့ကိစ္စ။ ဝန်ကြီးချုပ်က ရောဂါဖြစ်တဲ့သူတွေကို အပြစ်မတင်ကြဖို့ မနှောင့်ယှက်ကြဖို့ အနိုင်မကျင့်ကြဖို့အထပ်ထပ်ပြောနေတဲ့ကြားကဖြစ်တာ သိပ်တော့ မကောင်းလှပါဘူး။ တာဝန်ရှိတဲ့သူကလည်း တောင်းပန်ရှာပါတယ် မျက်နှာမကောင်းရှာဘူး၊ ဒါပေမယ့် လွန်သွားပြီလေ။

ဒီမှာသောင်တင်နေတဲ့ ဗြိတိန်ကလူတွေနဲ့ ဂျာမဏီကလူတွေကို လာခေါ်တဲ့ လေယာဉ်ပျံတွေလည်း ရောက် လာပြီတဲ့။ တခြားနိုင်ငံတွေမှာ သောင်တင်နေတဲ့ ဒီကလူတွေကိုတော့ သွားခေါဖို့ အစီအစဉ် မရှိသေးပါဘူးတဲ့။ အဖေက ဟိုတနေ့က ကိုယ့်ကို ပြောနေတယ်။ ဒီမှာသောင်တင်နေတဲ့ ဥရောပကမိသားစု အမေရယ် အဖေရယ် ၆ လသား ကလေးလေးရယ် ကားအိမ်လေးထဲမှာ ရေချိုးစရာ၊ သန့်ရှင်းရေးလုပ်စရာ နေရာတွေ အကုန်ပိတ်ထားလို့ ဒုက္ခရောက်နေတဲ့ အကြောင်း တီဗွီမှာလာသွားတယ်။ ကိုယ်လည်း ကြည့်လိုက်ရတယ်။ အဲဒီလူတွေ နေစရာအိမ်ရသွားပြီတဲ့။ ဒီကလူ ၃ ယောက်က သူတို့မှာ နေစရာနေရာ အပိုရှိတယ်။ lockdown လုပ်ထားတုန်းလာနေပါလို့ ကမ်းလှမ်းတယ်တဲ့။ သူတို့က လုံးချင်းအိမ်လေးတစ်လုံး ရွေးလိုက်တယ်တဲ့။ ကောင်းလိုက်တာနော်။ ဒါမျိုးလေးတွေကျတော့ ကိုယ်တို့ရဲ့ တိမ်ဖြူဖြူရှည်ရှည်လေးတွေရှိသောမြေက ချစ်စရာကောင်းတယ်။

Aotearoa ဆိုတာ ဒီမြေရဲ့ မော်ရီနာမည်ပေါ့။ မော်ရီဆိုတာ ဒီမြေမှာ ပထမဆုံးအခြေချကြတဲ့ မျိုးနွယ်စုရဲ့နာမည်ပါ။ သူတို့ရဲ့နေပုံထိုင်ပုံ အယူအဆအတော်များများဟာ ကိုယ်တို့ မြန်မာတွေနဲ့ တူပါတယ်။ အင်္ဂလိပ်တွေက အသစ်တွေ့တဲ့ ပင်လယ်ထဲကမြေ (New Sea Land) လို့ နာမည်ပေးထားပြီး တစ်စတစ်စနဲ့ New Zealand ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

အင်္ဂလိပ်တွေက မော်ရီတို့ရဲ့ နေရာကို လက်တစ်လုံးကြားလှည့် သိမ်းထားတာပါ။ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ ခုချိန်ထိ နည်းအမျိုးမျိုးနဲ့ ပုန်ကန်နေသူတွေ နှိမ်နင်းနေသူတွေ ရှိနေဆဲပါ။ နောက်တော့ သပ်သပ်ရေးဖို့ ကြိုးစားပါမယ်။ သတင်းဆီပြန်သွားကြဦးစို့ရဲ့။

နှိပ်ကွပ်နှိမ်နင်းမှုတွေအမျိုးမျိုးကြောင့် မော်ရီ မျိုးနွယ်စုဝင်တွေ နည်းနည်းလာပါတယ်။ သူတို့က ကျန်းမာ ရေးအသိပညာလည်း နည်းတာကြောင့် လွန်ခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်က ကပ်ဘေးမှာ အတော်များများ အသက်ဆုံးရှုံးခဲ့ရတယ်လို့ပြောပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ သူတို့ မျိုးနွယ်စုဝင်တွေကိုကာကွယ်ဖို့ မြောက်ဖျားပိုင်းက မျိုးနွယ်စုတစ်ခုဟာ လမ်းတွေပိတ်ပြီး ဘယ်သူ့ကိုမှ သူတို့ နယ်မြေထဲကို ပေးမဝင်ပါဘူး။ အင်တာနက်တို့ ဖုန်းတို့လည်း လူတိုင်းဆီမှာ မရှိပါဘူးတဲ့။ သူတို့မှာရှိတဲ့ အစားအစာကို ရာရှင်စနစ်နဲ့ ဝေစားကြပါတယ်။ သူတို့နဲ့ အဖြူတွေနဲ့ ပြဿနာတက်တဲ့ထဲမှာ အဲဒါလည်း ပါတယ်။ သူတို့က ကိုယ်တို့လိုပဲ collectivism ကို ကျင့်သုံးတယ်။ တစ်ယောက်သည် အများအတွက်၊ အများအတွက်က အရင်လာတယ်။ အဖြူတွေက individualist တွေ။ ပြောရရင် မဆုံးပါ။

နောက်စိတ်ပူစရာသတင်းတစ်ပုဒ်က ကိုယ်ရှေ့ မှာရေးခဲ့ဘူးတဲ့ အဖေ့ဆွယ်တာ စထိုးဖြစ်စေတဲ့ အကြောင်းရင်းစရာနေရာ Chatum Island အကြောင်းပါ။

အဲဒီကျွန်းဆွယ်လေးက ကိုယ်တို့နေတဲ့ ကျွန်းမကြီးကနေ ကီလိုမီတာ ၈၀၀ ဝေးပါတယ်။ လူ ၆၀၀ ပဲ ကျွန်းပေါ်မှာရှိပြီး ငါးကောင်းကောင်းတွေ ကျောက်ပုစွန်တွေ ပေါပါတယ်။ လူအတော်များများဟာ ငါးဖမ်းပုစွန်ဖမ်းပြီး ဂျပန်ကို ဈေးကောင်းကောင်းနဲ့ လှမ်းရောင်းကြပါတယ်။ အဖေက သူတို့ ငါးဖမ်းသငေ်္ဘာတွေပေါ်က မီးစက်တွေ သွားပြင်ပေးတာပေါ့။ ပြန်လာတော့ ကျောက်ပုစွန် အရှင် ၂ ကောင် ဖော့ပုံးနဲ့ ထည့်ပေး လိုက်တယ်။ သူပြန်ရောက်တဲ့အချိန်က နောက်ကျ တော့ မီးဖိုချောင်ထဲမှာ ပုံးချထားလိုက်တာ တစ်ညလုံး အော်နေရှာတယ်။ သနားလိုက်တာ။ လွှတ်ပစ်မယ်လို့ ကိုယ်ကပြောတော့ ရှင်တော့မှာ မဟုတ်ဘူး သူ့သူငယ် ချင်းကိုပေးမယ်ဆို ပေးလိုက်တယ်။ အဲဒီနေ့ကစ၍ ကိုယ်ကျောက်ပုစွန် မစားတော့ပါ။

သူတို့ကျွန်းမှာ ကုန်စုံဆိုင် ၂ ဆိုင်ပဲ ရှိပါတယ်။ သူတို့ကို ပို့ပေးရမယ့်ကုန်စည်တွေကို ကျွန်းမကြီးက လူတွေ အကုန်ဝယ်ပစ်လိုက်ကြလို့ သူတို့ အတွက် ကုန်တွေပို့ဖို့ နောက်ကျနေကြောင်း သတင်းလာပါတယ်။ လေယာဉ်တွေလည်း မပျံရ၊ ခရီးသည်တွေလည်း မလာရဆိုတော့ သူတို့လည်း အခက်ကြုံနေကြပါတယ်။

ကိုယ်အကြိုက်ဆုံးသတင်းကတော့ အစ္စရေးက ဒုံးပျံထုတ်တဲ့သူတွေ၊ Ford, Tesla, Mercedes စတဲ့ ကားကုမ္ပဏီတွေက သူတို့ရဲ့ assembly line တွေမှာ covid 19 လူနာတွေ ကုသဖို့ လိုအပ်နေတဲ့ ventilator တွေ surgical mask တွေ ထုတ်ပေးနေတာပါပဲ။ ကျက်သရေရှိလှတဲ့ သတင်းပါ။

နောက်ဆုံး သတင်းတစ်ပုဒ်ကတော့ ကိုယ်အကြိုက်ဆုံး သတင်းတစ်ပုဒ်ပါ။
UK က Llandudno ဆိုတဲ့ မြို့ကလေးကို ကက်ရှ်မီးယားဆိတ်ကလေးတွေဝင်စီးတဲ့ သတင်းပါ။

အမွှေးရှည်ရှည်နဲ့ ကက်ရှ်မီးယားဆိတ်ကလေး တွေဟာ တောင်တွေပေါ်မှာ နေလေ့ရှိပါတယ်။ ကိုယ်ကတော့ နူးညံ့လှတဲ့ သူတို့ရဲ့အမွှေးက ထုတ်တဲ့ချည်ကို အလွန်ကြိုက်ပါတယ်။ ဈေးကြီးလွန်းလို့ များများ မဝယ်နိုင်ပါ။ လူတွေက အိမ်ထဲက အိမ်ပြင်မထွက်ကြတော့ သူတို့က တောင်ပေါ်ကနေ မြို့ထဲဝင်ချလာပြီး ရှိသမျှ အပင်တွေ အေးအေးဆေးဆေး ဝင်စားနေကြတယ်။ ချစ်စရာလေးတွေ။ ဒီလင့်ခ်လေးကို နှိပ်လိုက်ရင် ဗွီဒီယိုလည်း ကြည့်လို့ရတယ်၊ သတင်းလည်း ဖတ်လို့ရပါတယ်။

https://www.reuters.com/article/us-health-coronavirus-britain-goats/goats-in-a-ghost-town-animals-take-over-deserted-welsh-resort-idUSKBN21I2LV

ဒီကနေ့ည သတင်းဝေဖန်ရေး အစီအစဉ် ဒီတင်ပဲ ပြီးဆုံးပါပြီ။ စာဖတ်ပရိတ်သတ်များအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေရှင်။

ခင်လေး (Aotearoa)
10:39 p.m.
01.04.2020 Wednesday