Breaking News

ဖိုးသံ(လူထု) - သူတို့လည်းလေ လောကီသားတွေမို့



ဖိုးသံ(လူထု) - သူတို့လည်းလေ လောကီသားတွေမို့

(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၀

၁၉၇၇ခုနှစ်ဆီတုန်းက အရှေ့မြောက်စစ်ဒေသကိုကျွန်တော်ရောက်သွားတော့ ပန်ဆန်းဆိုတာက တရုတ်ပြည်ကြီးနဲ့ ချောင်းကလေးတချောင်းသာခြားတဲ့ တိုင်းရင်းသားပေါင်းစုံနေကြတဲ့ အင်မတန် ခေတ် နောက်ကျတဲ့နေရာလေးတခုပါ။ ဗမာစကားထက်တရုတ်စကားကိုပိုတတ်၊ ပိုသုံးကြပြီး၊ တရုတ်ယဉ်ကျေး မှုက ပိုကဲ၊ ပိုလွှမ်းမိုးတဲ့အရပ်ဒေသဖြစ်ပါတယ်။ ဗမာစကားပြောလို့ရတဲ့လူကိုတွေ့ရင်ပဲ ဝမ်းအသာကြီး သာရတဲ့အရပ်ဒေသဖြစ်ပါတယ်။ အဲဒီမှာနေကြတဲ့ သမန်အရပ်သားတွေဆိုရင်လည်း ပြည်မက နာမည် ကြီးအဆိုတော်၊ ရုပ်ရှင်မင်းသားတွေကို နာမည်တောင်ကြားဖူးကြတာမဟုတ်ပါဘူး။ သူတို့သိလှရင် အဲဒီခေတ်ကဗမာပြည်ရဲ့ အဆိုးဆုံးဗီလိန်ကြီးဦးနေဝင်းနာမည်လောက်ကိုပဲသိကြတာပါ။

အဲဒီမှာ၊ တနေ့တော့ကျွန်တော်အရှေ့မြောက်စစ်ဒေသဌာနချုပ်ရုံးထဲကို ရောက်သွားတဲ့အခါ အခန်း တခန်းထဲကနေ လုံးဝမျှော်လင့်မထားတဲ့ သီချင်းသံတသံကိုကြားရလို့ ကျွန်တော် ကိုယ့်နားကိုယ်မယုံ၊ ခေါင်းမော့ပြီးနားစွင့်လိုက်မိပါတယ်။ ဆိုတဲ့လူက ပြည့်ဝလှတဲ့ဘယ်သံကြီးနဲ့၊ ဌာန်ကရိုဏ်းကျကျဆိုနေ တာပါ။ ကျွန်တော်အံ့သြသွားရတယ်ဆိုတဲ့ သူဆိုတဲ့သီချင်းကဘာသီချင်းမို့လဲ၊ နားထောင်ကြည့်လိုက် ပါဦး- “ဘိုကေတထောင်မှာ တယောက်လောက်ဖြင့်စွဲကောင်းပါရဲ့၊ ကျွဲမ-ကျွဲမအသားညို”ဆိုတဲ့ နန်း တော်ရှေ့ဆရာတင်ရေးတဲ့ ‘ကျွဲမ’သီချင်းပါပဲ။ ကျွန်တော်တောင်သူ့နောက်ကလိုက် ညည်းလိုက်၊ ဆို လိုက်မိသေးတယ်နဲ့တူပါတယ်။ ပြီးတော့ကျွန်တော်လည်း ဘယ်သူ့ကိုမှခွင့်တောင်းမနေတော့ဘဲ အဲဒီ အဆိုရှင်သီချင်းဆိုနေတဲ့အခန်းထဲကို ပြတင်းပေါက်ကနေခြေဖျားထောက်ပြီး လှမ်းကြည့်လိုက်ပါတယ်။ လား-လား- အခန်းထဲမှာက အသက် ငါးဆယ်ကျော်၊ ညိုညိုမည်းမည်းလူကြီးတယောက် သူ့ရုံးခန်းကို သူ့ဖာသာရှင်းလင်းရင်း စိတ်ပါလက်ပါသီချင်းအော်ဆိုနေတာပါ။ သူကတော့ပြည်သူ့တပ်မတော်ရဲ့အရှေ့ မြောက်စစ်ဌာနချုပ်ရဲ့ နိုင်ငံရေးမှူး ရဲဘော်နေဝင်း(ခ) ရဲဘော်တင်ရီဖြစ်ပါတယ်။ ကိုယ်နဲ့အကြိုက်တူတဲ့ လူကြီးကို ဒီလိုနယ်စွန်နယ်ဖျားမှာ တွေ့ရလို့ ဝမ်းသာလိုက်တာ။ နောင်- သူ့ဆီကို အရောက်များ၊ ရင်းနှီး သွားတော့ သူက လေဘာတီမမြရင်ရဲ့ အလှူ့ရှင်၊ အလှူ့အမစတဲ့သီချင်းတွေ၊ နန်းတော်ရှေ့ ဆရာတင် ရဲ့သီချင်းတွေကိုလည်း နှစ်နှစ်ခြိုက်ခြိုက်ကြီး အာနဲ့လျှာနဲ့ဆိုလေ့ရှိတာ စိတ်ပါလက်ပါဆိုတတ်တာကို တွေ့မိခဲ့ပါတယ်။

ရဲဘော်ထွန်း(ခ)ရဲဘော်ကြင်မောင်ကတော့ တခါမှာ မန္တလေးမြို့မအဖွဲ့ရဲ့ သီချင်းတွေပါတဲ့ကက် ဆက်ခွေ တခွေ ကျွန်တော့်ဆီကငှားသွားပြီး အဲဒီအခွေထဲက (ဒေါ်)မာမာအေးဆိုတဲ့ ထီးကလေး သီချင်းကိုကြိုက်လွန်းလို့ ကက်ဆက်ခွေပြန်ပေးတာနောက်ကျသွားတဲ့အတွက် ကျွန်တော့်ကိုတောင်းပန် တဲ့အကြောင်း ကျွန်တော်ရေးဖူးပါတယ်။ ရဲဘော်ထွန်းက မြို့မတေးဂီတအဖွဲ့သားတွေ စစ်ပြေးရင်း စစ်ကိုင်းတောင်ပေါ်မှာ ပြည်းတော်ဝင်သီချင်းကို တိုက်ကြ၊ ဆိုကြတော့ သူလည်းအနီးအနားက ချောင်တခုမှာရောက်စစ်ပြေးရင်းရှိနေခဲ့တဲ့ အကြောင်းပြောပြဖူးပါတယ်။ အဓိပ္ပာယ်က ပြည်တော်ဝင် သီချင်းကိုသူလည်းကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။

ဥက္ကဋ္ဌသခင်ဗသိန်းတင်ကတော့ ပြည်လှဖေရဲ့သက်ဝေသီချင်းကိုကြိုက်လို့ သူ့အတွင်းရေးမှူးကို ရှာ ပေးဖို့ပြောဖူးပါတယ်။ ဒါပေမဲ့ အင်တာနက်၊ အီးမေးလ်မပေါ်သေးတဲ့ အဲဒီခေတ်မှာ နယ်စပ်ကနေဘယ်လို မှရှာမရလို့ ဥက္ကဋ္ဌခမျာဆန္ဒပြည့်မသွားခဲ့ပါဘူး။

ဥက္ကဋ္ဌအကြောင်းဆိုလို့ သူ့ကိုယ်ရံရဲဘော်(ဦး)သွယ်အကြောင်းလည်း တပါတည်းရေးလိုက်ချင်ပါ တယ်။ ဦးသွယ်ဟာ ဥက္ကဋ္ဌအပါးမှာ နှစ်ပေါင်း၃ဝလောက် ကိုယ်ရံအဖြစ်နေသွားသူပါ။ အသက်အားဖြင့် လည်း ဥက္ကဋ္ဌထက်နည်းနည်းပဲငယ်ပါတယ်။ သူ့ဇာတိက မန္တလေးဘုရားနီဘုရားနားကဖြစ်ပါတယ်။ တခါ တော့ အခန်းထဲမှာ ဦးသွယ်သီချင်းဆိုနေတာကို ကြားတဲ့လူတွေက တပြုံးပြုံးနဲ့ပြန်ပြောနေရာကနေ ကျွန် တော့်ကိုလည်းခေါ်ပြီးနားထောင်ခိုင်းလို့ သွားနားထောင်မိတော့ ဦးသွယ်က ရောင်စုံဘော့လုံး၊ ရောင်စုံ ဘော့လုံး၊ တလုံးငါးပြား၊ တလုံးငါးပြားလို့ဆိုနေတာတွေ့ရပါတယ်။ အရီရခက်၊ မရီရခက်နဲ့ စိတ်ထဲမှာပဲ ပြုံးပြီးကျွန်တော်လည်း လှည့်ထွက်လာခဲ့ရပါတယ်။

သူ့လိုပဲ သီချင်းကြောင့်လူပြောများခံရတဲ့နောက်တယောက်ကတော့ ကျွန်တော်နဲ့အတူတောခိုခဲ့တဲ့ ကိုတော်ဝင်း(ဦးသိုက်ထွန်း)ပါ။ ကိုတော်ဝင်းဟာ နိုင်ငံရေးနဲ့နည်းနည်းမှမနီးစပ်ဖူးသလို၊ တေးဂီတကို လည်း နည်းနည်းမှဝါသနာမပါသူဖြစ်ပါတယ်။ ကျွန်တော်တို့မုံဂူအခြေခံဒေသကိုရောက်ပြီး ကျွန်တော်တို့ စခန်းထဲမှာနေကြတော့ မီးဖိုချောင်ကို နှစ်ယောက်တတွဲ အလှည့်ကျဝင်ကြရပါတယ်။ ကိုတော်ဝင်းလည်း သူ့အလှည်ကျတဲ့အခါမှာ မနွဲ့စတမ်းစားဖိုမှူးလုပ်ရပါတယ်။ ရဲဘော်အားလုံးစားသောက်ပြီးလို့ စားဖို ချောင်ထဲကနေထွက်သွားပြီးတဲ့နောက်မှာ တာဝန်ကျစားဖိုမှူးက သိမ်းဆည်းလှည်းကျင်းတာလုပ်ရပါ တယ်။ ဒီလိုအခါမှာ ကိုတော်ဝင်းဆိုလေ့ရှိတဲ့သီချင်းကြောင့် စခန်းတွင်း၊ စခန်းပြင်မှာ သူများတွေပြော စရာဖြစ်လာခဲ့ပါတယ်။ သူဆိုတဲ့သီချင်းက “နိုင်ငံကျော်ဦးရှံစား၊ ကားကလေးနဲ့လာ”ဆိုတဲ့ ‘ရှံစား- ဒိန်းဒေါင်’ ရုပ်ရှင်ကားထဲကသီချင်းဖြစ်ပါတယ်။ ဒီသီချင်းကြောင့် သူ့ကိုအမျိုးသမီးရဲဘော်တွေကပါ နောက်ကြလို့ နောက်ပိုင်းမှာသူဒီသီချင်းကိုလုံးဝမဆိုတော့ပါဘူး။

ကျွန်တော်တို့တရုတ်ပြည်ထဲကိုရောက်လာပြီးနောက် တနေ့မှာတော့ကျွန်တော်က ဦးလေးဗိုလ်ချုပ် ကျော်ဇောရဲ့သမီး ဒေါက်တာလှကျော်ဇောဆီကို ကျွန်တော်တို့ငယ်စဉ်ကခေတ်စားခဲ့တဲ့ ကိုမြကြီးဆိုတဲ့ “မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်”သီချင်းကို အင်တာနက်ကနေပို့ပေးလိုက်ပါတယ်။ အဲဒီနောက် တရက်၊ နှစ်ရက်လောက်နေတော့ ဒေါက်တာလှကျော်ဇောက ကျွန်တော့်ကို စကိုက်(Skype)ပေါ်ကနေ ပြောပါတယ်။ “အဖေက ခင်ဗျားပို့ပေးလိုက်တဲ့ ကိုမြကြီးရဲ့သီချင်းကိုနားထောင်ပြီး ရန်ကုန်ကိုသတိရ တယ်ကွာ” လို့ပြောတယ်လို့ ကျွန်တော့်ကိုပြောပြပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်လည်း ဦးလေးလိုပါပဲ လို့ စိတ်ထဲကပြောလိုက်ပါတယ်။

တကယ်တော့ ကွန်မြူနစ်တွေလည်းလောကီသားတွေပါ။