Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၁ ရက် မြောက်နေ့ မြင်ကွင်း ...

Mandalay United Front (Photo - Chan Mya) 21st Feb 2021



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၁ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁

ဒီစာရေးနေချိန် ရန်ကုန်မနက်မလင်းခင်ဖြစ်တယ်။ ရေးရမှာက ၂၁ ရက်နေ့မြောက် စစ်အာဏာရှင် ဖြုတ်ချရေး အာဏာဖီဆန်မှု တိုက်ပွဲ၊ အရေးတော်ပုံ ၂၁ ရက်မြောက်အကြောင်း ဖြစ်တယ်။ ဒါပေမယ့် အခုလာမယ့် ၂၂ ရက်နေ့ကတော့ ပိုအရေးကြီးပြီး အများစိတ်ဓာတ်တက်ကြွနေတဲ့ ၂ -ငါးလုံး အထွေထွေသပိတ်တိုက်ပွဲခေါ်နေ့ဖြစ်တယ်။

၂၁ ရက်နေ့ကတော့ စစ်တပ်ဟာ ပြည်သူကို ဖိလို့မရဘူး၊ ဖိရင်ကြွတယ်ဆိုတဲ့ စိန်ခေါ်မှုကို တပြည်လုံးအတိုင်းအတာနဲ့ ထုတ်ဖော်ပြသတဲ့နေ့ပဲ။ ၂၀ ရက်နေ့က မန္တလေးမှာ ပြည်သူတွေကို စစ်တပ်နဲ့ ရဲက ပစ်လို့ သေဆုံး ဒါဏ်ရရမှု အများအပြားဖြစ်ခဲ့တယ်။ ဒီလိုပစ်သတ်လို့ နောက်ဆုတ်ရိုးလားဆိုတာ ပြည်သူတွေဆီမှာ ရာဇဝင်မရှိဘူးလို့ တပြည်လုံးက ပြည်သူတွေထွက်ပြီး ဆန္ဒပြကန့်ကွက်ကြတယ်။ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ် နယ်ဒေသအချို့မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက လိုက်ပါ အစောင့်ပေးတယ်ဆိုပါတယ်။

၂၂ ရက်နေ့ဟာ အရေးကြီးတဲ့နေ့ဆိုတော့ ၂၁ ရက်နေ့မှာ ပြည်သူတွေဟာ နည်းမျိုးစုံနဲ့ ပြင်ဆင် အင်အားစုကြတာပဲ။ ပုဂံလိုဒေသ နတ်ကိုးကွယ်တာ အားကောင်းတဲ့ဒေသတွေက မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တွေကို မြန်မာ့ရိုးရာဓလေ့တခုအဖြစ် ကျိန်စာတိုက်ကြတာဟာ မြင်ရ ကြားရတာ ကြောက်ရွံ့ဖွယ်ရာ ဖြစ်ပါတယ်။ သံရုံးတွေ ယူအန်အဖွဲ့အစည်းတွေရှေ့ ဆန္ဒထုတ်ဖော်တာ၊ CDM အရှိန်မြင့်ဖို့ ဝန်ထမ်းသပိတ်အတွက် ကြွေးကြော်စည်းရုံးနေတာ၊ ကျဆုံးသူ အရေးတော်ပုံသူရဲကောင်းတွေ အာဇာနည်တွေကို နေရာဒေသအသီးသီးမှာ အမှတ်တရအလေးပြုမှတ်တိုင်တွေ စိုက်ကြတာဟာ လူထု၏ စည်းကမ်းရှိမှု အတွေ့အကြုံရှိမှု သတ္တိနဲ့ မျော်လင့်ချက် ကြီးမားခိုင်မာနေမှုကို ပြသနေပါတယ်။

အဲသည်ထဲမှာ အဖုအထစ်ကလေးတခုကတော့ အရေးကြီးတဲ့နေ့တွေနီးပြီဆိုရင် ဖြစ်တတ်တဲ့ ထုံးစံပါပဲ။ စစ်တပ်က အကြီးအကျယ် ဖြိုခွဲဖို့ လုပ်နေပြီဆိုပြီး ဓာတ်ပုံ ဗီဒီယို အသံတွေ ဆိုရှယ်မီဒီယာကနေ တက်လာပြီးတော့ လူထုကို အိမ်မှာ နေခိုင်းတာမျိုးတွေပါ။ တကယ်တန်းက ပုဂ္ဂလိကလုပ်ငန်းတွေ ဌာနကြီးတွေကတောင် ၂-ငါးလုံးနေ့ ကို ရုံးတွေ လုပ်ငန်းတွေ ပိတ်ထားလိုက်ပြီလို့ ကြေညာထားပြီးပါပြီ။ ဝန်ထမ်း အထွေထွေသပိတ်ကြီးနဲ့ လူထုအင်အားပြစုဝေး ချီတက်မှုကြီးအတွက် တပ်လှန့်ခရာသံ တွတ်ထားပြီတာကို နှောက်ယှက်တဲ့သဘောပေါ့။

နောက်လူတွေကြား ပြောကြဆိုကြ ငြင်းခုံကြတာတခုကတော့ GSC ဆိုတဲ့ General Strike Committee ဆိုတာကြောင့်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၈ လောက်ကတည်းက GSCC - အထွေထွေသပိတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီဆိုတာ ရှိတယ်။ နောက်တခုက GSCN ဆိုတဲ့ တိုင်းရင်းသားပေါင်းစုံ လှုပ်ရှားမှုစစ်ကြောင်းတခုအဖြစ် ထွက်လာတာတခု ရှိတယ်။ အခု ဖေဖော်ဝါရီ ၂၀ နေ့စွဲနဲ့ GSC အထွေထွေသပိတ်ကော်မီတီဆိုပြီး အဖွဲ့အစည်းပေါင်းစုံအမည်နဲ့ ထုတ်ပြန်ချက်ထွက်လာပါတယ်။ ရည်ရွယ်ချက်တွေကတော့ စစ်အာဏာရှင်ကျဆုံးရေး၊ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၊ အခြေခံဥပဒေသစ် ရေးဆွဲနိုင်ရေး၊ ထိန်းသိမ်းဖမ်းဆီးခံများအားလုံး လွတ်မြောက်ရေးဆိုတဲ့ အချက်တွေက အားလုံးမှာ အတူတူပဲ ပါလာပါတယ်။






သို့သော်လည်း ဒါကို အခု အများက အားကိုးမျော်လင့်ခေါင်းဆောင်တင်ထားကြတဲ့ CRPH လွှတ်တော်ကိုယ်စားပြုကော်မီတီကို ကျော်တယ်၊ NLD ကို ကျော်တယ်၊ ၈၈ ပွင့်လင်းအဖွဲ့ကို ကျော်တယ်ဆိုပြီး မှတ်ချက်တွေ ထုတ်ပြီး လက်ခံကြောင်း လက်မခံကြောင်း အငြင်းအခုံတွေ ဆိုရှယ်မီဒီယာမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ GSC သပိတ်ကော်မီတီမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ ပြည်သူ့ဆန္ဒကို အသိအမှတ်ပြုတယ်လို့လည်း ရေးထားပြီး ဖြစ်ပါတယ်။

အခြေခံဥပဒေရေးဆွဲရေးအတွက် NLD ပါတီတာဝန်ဖြစ်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ပါတယ် 

သပိတ်တိုက်ပွဲ ဆက်ဖို့က အကြောင်းအရာတခု၊ CRPH က အစိုးရလွှတ်တော်ကိစ္စ တာဝန်ခံဖို့က အကြောင်းအရာတခု၊ CDM တပြည်လုံးအတိုင်းအတာနဲ့ အောင်မြင်ဖို့က အကြောင်းအရာတခု၊ ပြည်သူတွေက ထောင့်အသီးသိးကနေ ညီညာဝိုင်းဖျလက်တွဲကြဖို့က အကြောင်းအရာတခု ဖြစ်ပါတယ်။ သည်နေရာမှာ NLD ထောက်ခံသူတွေက ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ တရားဝင်အစိုးရလွှတ်တော်အဖြစ် ရပ်တည်နေမှုကို ထိခိုက်သွားမှာ စိုးရိမ်ကြောင်း ပြောကြသလို၊ GEN-Z တွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ လမ်းပေါ်သပိတ်တိုက်ပွဲကို အနှောက်အယှက်တွေ ပယောဂတွေ ဝင်ကုန်မှာ ဖျက်ကုန်မှာကို စိုးရိမ်ကြတာလည်း ပါဝင်ပါတယ်။ ၈၈ တုန်းကလည်း သပိတ်ကော်မီတီတွေ ဖွဲ့ကြ ချိတ်ဆက်ကြရပါတယ်။ သပိတ် နှီမ်နင်းခံရတော့ အနယ်နယ်က GSC တွေ အသတ်ခံရ၊ အဖမ်းခံရ၊ နှိပ်စက်ခံရနဲ့ စွန့်လွှတ်စွန့်စားကြရတာ သက်သေပါ။ အခုလည်း အောင်ပွဲမမြင်ရသေးခင် ချိတ်ဆက်ကြမှုတွေကို လက်ခံနိုင်သလောက် လက်ခံစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်သူက နိုင်ငံရေးအာဏာကို ရွေးကောက်ပွဲကနေပဲ အပ်နှင်းကြတာမို့ ဒီအချိန်ကြီး အာဏာလုထားတာဆိုလို့ မအလလို စစ်ကောင်စီပဲ ရှိတာ အမြင်ရှင်းကြစေချင်ပါတယ်။

လာမယ့် ၂၂ ရက် ဖေဖော်ဝါရီဟာ အရေးကြီးတယ်။ NLD ကိုယ်တိုင်ကလည်း ဆက်သွယ်ရေးဖြတ်တောက်မှုတွေ မဖြစ်ခင် ကြိုတင်ပြီးတော့ ရပ်ကျေးအဆင့်ကနေ မြို့နယ်အဆင့်ဆင့်မှာ ရွေးကောက်ခံကိုယ်စားလှယ်တွေ ရပ်ဖိရပ်ဖတွေ တိုက်ပွဲထဲက လူငယ်တွေနဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းကြဖို့ ထုတ်ပြန်လိုက်ပါတယ်။ အသေးစိတ် အကြံပြုချက်တွေနဲ့မို့ လက်တွေ့မြေပြင်က လှုပ်ရှားနေသူတွေ ပြည်သူတွေက ဂရုစိုက်မိကြလိမ့်မယ် မျော်လင့်ပါတယ်။

ဆိုရှယ်မီဒီယာမှာ မြန်မာပြည်သူတွေက အပေါ်က အငြင်းအခုံတွေကို နာရီပိုင်း (၈ နာရီလောက်အတွင်း) အချင်းချင်း ဖြောင်းဖျဖြေရှင်း နားလည်မှုယူသွားတာ အဓိကနဲ့ သာမညကို ခွဲပြီး ထားရစ်ခဲ့တာကို တွေ့ရလို့ ဝမ်းသာမိပါတယ်။

တော်လှန်ရေးဆိုတာ အောင်မြင်သွားရင် အဖေတွေ အများကြီးပဲ။ မအောင်မြင်ရင်တော့ အဖေမပေါ်တဲ့ကလေးအဖြစ် မျက်နှာမွဲကြရတာပဲ … တဲ့။