Breaking News

အများစိတ်ဝင်စားလာတဲ့ ဖယ်ဒရယ်၊ တိုင်းရင်းသားအဖွဲ့များနဲ့ R2PO

Dr Sasa with KNU Leaders (5th March 2021)


အများစိတ်ဝင်စားလာတဲ့ ဖယ်ဒရယ်၊ တိုင်းရင်းသားအဖွဲ့များနဲ့ R2PO

(မိုးမခ) မတ် ၈၊ ၂၀၂၁

CRPH ရဲ့ ကိုယ်စားလှယ် ဒေါက်တာဆာဆာက ဖေဖော်ဝါရီ ၂၂ က စတင်ပြီး နိုင်ငံတကာမှာကော ပြည်တွင်းမှာပါ တွေ့ဆုံဆွေးနွေးပွဲတွေ ညှိနှိုင်းအကောင်အထည်ဖော်မှုတွေ တောက်လျောက်လုပ်လာပါတယ်။ အခုဆိုရင် ကုလသမဂ္ဂအကူအညီတွေအပြင် မြန်မာ့ပြည်သူတွေကို ကယ်တင်ပေးမယ့် နိုင်ငံတခုချင်းဆီအလိုက်ရဲ့ ဘက်စုံအကူအညီ အထောက်အပံ့ကိုပါ တောင်းဆိုဆွေးနွေးနေတယ်လို့ အင်တာဗျူးတွေမှာ ပြောပါတယ်။

စိတ်ဝင်စားကြတဲ့ အချက်တခုကတော့ မြန်မာပြည်တွင်းက တိုင်းရင်းသားအစုအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ ဒေါက်တာဆာဆာ ချိတ်ဆက်ပြီး စကားပြောဆို ညှိနှိုင်းလာနေမှု ဖြစ်ပါတယ်။ အခုလက်ရှိမှာ ချင်းတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ စကားပြောပြီး ဖြစ်ပါတယ်။ အကျိုးရှိတယ်လို့ ပြောတယ်။ နောက်တော့ KNU ခေါင်းဆောင်တွေနဲ့ စကားပြောဆိုတယ်။ အခု RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေး (SSA) အဖွဲ့နဲ့ ဆက်သွယ်စကားပြောနေတယ်လို့ ဆိုပါတယ်။ နောက်ရက်မှာပဲ KNU တပ်မဟာ ၄ က သူတို့စိုးမိုးထားတဲ့နယ်မြေတွေထဲက ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို လိုက်ပါစောင့်ရှောက်တယ်လို့ (မတ် ၈ သတင်း) ဓာတ်ပုံတွေ တက်လာပါတယ်။ DVB သတင်းအရလည်း ပြည်သူလူထုဘက်က ရပ်တည်လိုသော မြန်မာစစ်ကောင်စီလက်အောင်ခံ တပ်သားများ ရဲသားများကို KNU က ကြိုဆိုလက်ခံထားပေးမယ် စောင့်ရှောက်မယ်လို့ ထုတ်ပြန်တယ် ဆိုပါတယ်။ KNU တပ်မဟာ (၅) ကလည်း ပြည်သူတွေ၏ လှုပ်ရှားမှုကို ထောက်ခံတယ်လို့ ဆိုပါတယ်။

အခုလို တိုင်းရင်းသားတွေနဲ့ CRPH အကြား တဦးနဲ့တဦး စကားပြောဆိုဆွေးနွေးနိုင်လာတာဟာ NLD-CRPH ကနေ နိုင်ငံရေးသဘောထားအဖြစ် စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး၊ ဒီမိုကရေစီရေး သဘောထားကို ပြတ်ပြတ်သားသားထုတ်ဖော်ပြီးမှာ ပိုပြီး ထင်ရှားလာတယ် ဆိုနိုင်ပါတယ်။ SNLD က ဥိးစိုင်းလိတ်ကတော့ စစ်တပ်လက်ကိုင်တုတ်လုပ်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကိုပါ တခါတည်း ဖျက်သိမ်းကြောင်း ထုတ်ပြန်သင့်တယ်လို့ သဘောထားပေးတာကို တွေ့ရပါတယ်။ အနည်းဆုံးတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အာမခံတဲ့ အခြေခံဥပဒေ မူကြမ်း တခုခု ရှိသင့်တယ်လို့လည်း အကြံပေးကြပါတယ်။ တရုတ်၏ တိုက်ရိုက်ဖိအားရှိနေတဲ့ ကချင် KIA ကတော့ ဘာမှ မှတ်ချက်မပေးသေးလို့ RFA သတင်းတွေက ဆိုပါတယ်။ 

မည်သို့ပင်ဖြစ်စေ လက်ရှိမှာ ပြည်သူတွေနဲ့ လူငယ်တွေက အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေတယ်။ စစ်တပ်က ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ် နှိပ်စက် နှိမ်နင်းနေတယ်။ တိုင်းရင်းသားဒေသတွေမှာ မျက်ကွယ်သတ်ဖြတ်သလိုမျိုး ပြည်မဒေသတွေမှာပါ အကြမ်းဖက်စစ်ကောင်စီက ကျုးလွန်နေတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အနည်းဆုံး ကိုယ်ချင်းစာစိတ်ထားပြီး မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ အကြမ်းဖက်မှုတွေကို ကန့်ကွက်တားဆီးပေးဖို့ကတော့ အရေးတကြီး လိုအပ်နေတဲ့ အခြေအနေဆိုတာကို ငြင်းပယ်နေလို့ မရပါဘူး။

ပြည်မက မြန်မာအပါအဝင် တိုင်းရင်းသားစုံ ဘာသာလူမျိုးစုံအနေနဲ့ကလည်း လက်ရှိ စစ်ကောင်စိနဲ့ အပစ်ရပ်ထားသူများ အပစ်မရပ်ထားသူများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများနဲ့ ရပ်တည်နေသူများ စတဲ့ တိုင်းရင်းသားအဖွဲ့အစည်း၊ အလံ၊ တံဆိပ်တွေကို ပိုပြီး ရင်းနှီးအောင် လေ့လာထားဖို့ လိုပါမယ်။ CRPH ကို ထောက်ခံသူများ၊ ပြည်သူတွေဘက်က ကာကွယ် ရပ်တည် စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းများ ၎င်းတို့ ထိန်းသိမ်းစီမံတဲ့ နယ်မြေများကိုလည်း သိရှိထားဖို့အတွက်လည်း လေ့လာရမယ် ထင်ပါတယ်။

Milk Tea Alliance - Myanmar ကတော့ အဲသည်အတွက် ဆိုရှယ်မီဒီယာမှာ https://www.mmpeacemonitor.org/ ကို ကိုးကားပြီး ညွှန်းဆိုထားပါတယ်။ မြန်မာပြည်သူတို့အတွက် သင့်တော်သော ဗဟုသုတဆိုက် ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲသည်ဆိုက်ကနေ ပြည်သူ့စစ်အဖွဲ့များ BGF လို့ခေါ်တဲ့ နယ်စပ်စောင့် အပစ်ရပ်အဖွဲ့များကိုပါ ကြည့်ထားသင့်ပါတယ်။ BGF ထဲမှာ အင်အား ထောင်ချီတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိတယ်လို့လည်း အချို့က မှတ်ချက်ပေးထားပါတယ်။ ကယားပြည်နယ်အတွင်းမှာဆိုရင်လည်း အင်အားကောင်းတဲ့အဖွဲ့တွေ ရှိနေတာကို တွေ့နိုင်ပါတယ်။

ပြည်မက ပြည်သူတွေထဲက မေးခွန်းတခုကတော့ လက်နက်ကိုင်တိုက်ပွဲတွေ လုပ်ရတော့မှာလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ လူငယ်တွေက ပြည်ထောင်စုတပ်မတော်မှာ စစ်မှုထမ်းကြဖို့၊ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ကြဖို့အထိ ဦးတည်နေပြီလား ဆိုတာ မေးကြပါတယ်။ မြန်မာပြည်တွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အများအပြားဟာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကနေ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ကို ရပ်တည်နေရင်းကနေ လိုအပ်လာရင် မိမိကိုယ်ကို ခုခံကာကွယ်ဖို့ လက်နက်စွဲကိုင်ထားကြတာကို တွေ့နေရပါတယ်။ အဲသည် တိုင်းရင်းသားအဖွဲ့အစည်းတွေက အားလုံးပူးပေါင်းပြီး မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်တယ်၊ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုတွေကို တားဆီးပေးနိုင်တယ်ဆိုရင် လူငယ်မျိုးဆက်သစ်တွေရဲ့ အကြမ်းမဖက် ငြိမ်းချမ်းသော ဆန္ဒပြထုတ်ဖော်မှု၊ အာဏာဖီဆန်မှု၊ အထွေထွေသပိတ်တွေဟာ အမြန်ဆုံး အောင်ပွဲခံရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်ရတဲ့အဆင့်ထိတော့ သွားရမယ် မထင်ပါ။ 

တိုင်းရင်းသားဒေသတွေ အသိးသိးမှာ လူထုအားလုံး ငြိမ်းချမ်းစွာ ကာကွယ်စောင့်ရှောက်မှုတွေ ရရှိပြီး မိမိဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်နိုင်တယ်ဆိုတာကို ပြသနေနိုင်ပြီ ဆိုတာနဲ့ ပြည်မက မြို့ရွာတွေက စစ်ကောင်စီလက်အောက်ခံ တပ်သားတွေ စစ်သားတွေကိုယ်တိုင်ကလည်း အသိတရားဝင်ပြီး လူထုနဲ့အတူ ရပ်တည်ဖို့ အချိန်ရှိသေးတယ်ဆိုတာ သတိပေး သတင်းပေးနိုင်ပြီ ဖြစ်လိမ့်မယ်လို့ မျော်လင့်မိပါတယ်။ အဲသလိုမှ မဟုတ်ခဲ့ရင်တော့ နောက်ဆုံးတကာ့နောက်ဆုံးနည်းအဖြစ် မြန်မာပြည်သူတွေကိုယ်တိုင်က တိုင်းရင်းသားတွေနဲ့အတူတူ အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ စော်ကားမှုတွေကို မိမိဖာသာမိမိ ကာကွယ်ကြဖို့သာ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါကြောင်း။ Responsibility To Protect Ourseleves လို့ ဒေါက်တာဆာဆာက အင်တာဗျုးမှာ ပြောခဲ့တဲ့ အတိုင်းပေါ့။

#MoeMaKaMedia #WhatsHappeningInMyanmar