Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၆)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၆)
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၁

တခါတရံ "သတိမမူ ဂူမမြင်" ဆိုတဲ့ စကားအတိုင်း ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သတိလက်လွတ်ဖြစ်တတ်သလို ကိုယ့်အသားထိမှ နာ၊ ကိုယ့်သောကကျမှ ပူတတ်တဲ့အလေ့အထတွေကြောင့် အများနဲ့ထပ်တူမကျ ဖြစ်တတ်ပါတယ်။ အသိတရားနည်းပါးမှုနဲ့ ကိုယ်ချင်းစာတရားခေါင်းပါးမှုတွေပါ ပေါင်းလိုက်ပြီဆိုရင်တော့ သိသင့်တာတွေ မသိ၊ လုပ်သင့်တာတွေ မလုပ်ဘဲ ခေတ်အခြေအနေနဲ့ ကင်းကွာနေမှာ အသေအချာပါပဲ။ 
Greensboro Four (Blair၊ McCain၊ McNeil၊ Richmond)

၁၉၆၀ ပြည့်နှစ်တွေဟာ အမေရိကန်ပြည်ထောင်စုမှာ အဲလ်ဗစ်စ် ပရက်စလေက ပေါ့ပ်ဂီတရဲ့ အထွဋ်အထိပ် ရောက်ရှိတဲ့ကာလများဖြစ်သလို ဘာဘီအရုပ် စတင်ပေါ်ပေါက်လာပြီး ကလေးသူများအတွက် ရေပန်းစားတဲ့ကာလဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးမှာလည်း ရစ်ချတ်နစ်ဆင်နှင့် ဂျွန်အက်ဖ် ကနေဒီတို့ရဲ့ ရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲတွေ၊ ကျူးဘားအရေးအခင်းကြောင့် နိုင်ငံရေးရေချိန်မြင့်တက်နေတဲ့ ကာလတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အာဖရိကနွယ်ဖွား အမေရိကန်များရဲ့ အခွင့်အရေးတောင်းဆိုမှုတွေက အထွဋ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။ 

၁၉၆၀ ပြည့်နှစ်တွေမှာ အမေရိကန်ပြည်ထောင်စုအနှံ့ လူမျိုးရေးခွဲခြားဆက်ဆံတဲ့စနစ်ကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ သပိတ်တိုက်ပွဲတွေကိုလည်း နည်းမျိုးစုံနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ သူတို့က လူမျိုးရေး ခွဲခြားကန့်သတ်ထားတဲ့ ဘတ်စ်ကားတွေကို မစီးနင်းဘဲနေကြပြီး လူဖြူတွေကိုသာ ရောင်းချတဲ့ စတိုးဆိုင်တွေမှာ သူတို့ကိုမရောင်းမှန်းသိပေမယ့် ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ သွားရောက်ဝယ်ယူကြပါတယ်။ 
ဒါ့အပြင် တောင်းဆိုချက်တွေပါဝင်တဲ့ ဆိုင်းဘုတ်များ စာတန်းများကိုင်ဆောင်ပြီး လမ်းမတွေပေါ် ချီတက်ကြပါတယ်။ သူတို့က ညီမျှမှုမရှိတဲ့ ဥပဒေတွေကို ပြောင်းလဲပြင်ဆင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ နှစ်ပေါင်းရာချီအောင် ခွဲခြားဆက်ဆံလာခဲ့တဲ့စနစ်ကြီးဟာ နေ့ချင်းညချင်းပြောင်းလဲဖို့ မလွယ်ပါဘူး။ အာဏာပိုင်တွေက ဆန္ဒပြသူတွေ၊ အခွင့်အရေးတောင်းဆိုသူတွေကို အကြောင်းအမျိုးမျိုးပြပြီး အရေးယူတာတွေ၊ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

Civil Rights Movement မှာ ထင်ရှားတဲ့လှုပ်ရှားမှုတစ်ခုက "Sit-in" လို့ခေါ်တဲ့ လှုပ်ရှားမှုပါ။ ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လူမည်း ကောလိပ်ကျောင်းသား ၄ ဦးက မြောက်ကယ်ရိုလိုင်းနားပြည်နယ် Greensboro မြို့မှာရှိတဲ့ လူဖြူတွေအတွက်သာ ဖွင့်လှစ်ထားတဲ့ စတိုးတစ်ခုရဲ့ နေ့လယ်စာစားတဲ့ကောင်တာမှာ ထိုင်လိုက်ကြပါတယ်။ အဲဒီဆိုင်က သူတို့ကို ဧည့်ခံရောင်းချမှာမဟုတ်မှန်းသိလျက်နဲ့ သွားရောက်ထိုင်ကြခြင်းဖြစ်ပါတယ်။ သူတို့က ကော်ဖီနဲ့ ဒိုးနပ်မှာကြားပေမယ့် မရောင်းချဘဲ ဆိုင်ထဲကထွက်သွားဖို့ပဲ ပြောဆိုခဲ့ပါတယ်။ သူတို့ ၄ ဦးက မထွက်ခွာဘဲ ဆိုင်ပိတ်ချိန်အထိ ထိုင်နေခဲ့ကြပါတယ်။
 
အမ်းမက် တေးလ် (Emmett Till)

အဲဒီ ဘလဲယ်၊ မက်ကိန်း၊ မက်နီးလ်နဲ့ ရစ်ချ်မွန် (Blair၊ McCain၊ McNeil၊ Richmond) လို့အမည်ရတဲ့ လူမည်းကျောင်းသားတွေက အသားအရောင်ခွဲခြားမှု၊ မညီမျှမှုတို့နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မကြာခဏ တိုင်ပင်ဆွေးနွေးကြတဲ့ သူငယ်ချင်းတွေပါ။ ၁၉၅၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မတရားမှုတစ်ခုကလည်း သူတို့အတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။ အမှုက ၁၉၅၅ ခုနှစ်မှာ အသက် ၁၄ နှစ်ပဲရှိသေးတဲ့ လူမည်းကလေးငယ် အမ်းမက် တေးလ် (Emmett Till) ကို လူဖြူမိန်းကလေးတစ်ယောက်ကို စော်ကားတယ်ဆိုပြီး လူဖြူ ၂ ယောက်က ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ပါ။ လူမည်းကလေးငယ်ကို သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေရှိပါလျက်နဲ့ လူဖြူ ဂျူရီလူကြီးတွေက လူသတ်သမားတွေမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို ဖြစ်ရပ်တွေကြောင့် တန်းတူအခွင့်အရေးရဖို့ သူတို့က ကြိုးပမ်းကြတာ ဖြစ်ပါတယ်။ သူတို့လုပ်ဆောင်တဲ့ ထိုင်သပိတ်သဘောမျိုး ဆန္ဒပြခြင်းကို "Sit-in" လို့ခေါ်ပြီး သူတို့ ၄ ဦးကို "Greensboro Four" လို့ အမည်ပေးခဲ့ကြပါတယ်။ 

နောက်ရက်မှာလည်း သူတို့ ၄ ဦးက တခြားကျောင်းသားတွေနဲ့အတူ အဲဒီဆိုင်ရဲ့ နေလယ်စာကောင်တာကို သွားရောက်ပြီး အစားအသောက်တွေ မှာ​ပါတယ်။ ထုံးစံအတိုင်း သူတို့ကို မရောင်းတဲ့အတွက် ဆိုင်ပိတ်ချိန်အထိ ထိုင်ကြပြန်ပါတယ်။ တတိယနေ့မှာတော့ ကျောင်းသားတွေပိုများလာပြီး နေလယ်စာကောင်တာမှာရှိတဲ့ ထိုင်ခုံတော်တော်များများမှာ နေရာယူ ထိုင်ခဲ့ကြပါတယ်။ တချို့ကျောင်းသားတွေက အနီးအနားက တခြားဆိုင်တွေကိုလည်းသွားရောက်ပြီး အလားတူလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ 

Sit-In လှုပ်ရှားမှုအတွင်း အနိုင်ကျင့်ခံရပုံ

၄ ရက်မြောက်နေ့မှာ သူတို့လှုပ်ရှားမှုထဲ လူဖြူကျောင်းသူ ၃ ဦး ပါဝင်လာခဲ့ပြီး ၅ ရက်မြောက်မှာတော့ ဆန္ဒပြကျောင်းသား အယောက် ၃၀၀ လောက်ထိ ဖြစ်လာခဲ့ပါတယ်။ ဒီလိုအင်အားများလာချိန်မှာ လူဖြူများရဲ့ အနိုင်ကျင့်မှုတွေ ပေါ်ပေါက်လာပါတယ်။ ဆိုင်ထဲမှာရှိတဲ့ လူဖြူတွေက လှောင်ပြောင်တာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာ၊ အနိုင်ကျင့်တာတွေ လုပ်ကြပါတယ်။ တချို့က ဆန္ဒပြ ထိုင်နေကြသူတွေရဲ့အပေါ် အစားအသောက်တွေ၊ ဖျော်ရည်တွေ လောင်းချတာ လုပ်ကြပါတယ်။ ဆန္ဒပြလူမည်းကျောင်းသားတစ်ယောက်ရဲ့ ကုတ်အင်္ကျီကို မီးရှို့တာမျိုးတောင် ကြုံခဲ့ရပါတယ်။ 

ကျောင်းသားတွေက အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြကြတာဖြစ်လို့ သူတို့ကို အနိုင်ကျင့်တာတွေကို တုံ့ပြန် ရန်ပြုတာတွေ မလုပ်ကြပါဘူး။ ဒါပေမယ့် သတင်းဌာနတွေက ဒီသတင်းတွေကို အလေးထားဖော်ပြခဲ့တာကြောင့် တခြားသောအရပ်ဒေသတွေကပါ သိရှိသွားပါတော့တယ်။ အဲဒီနောက် ဒီလိုဆန္ဒပြမှုမျိုး တိုင်းပြည်အတွင်းက မြို့ပေါင်း ၁၀၀ ကျော်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ အတ္တလန္တာမြို့မှာလည်း မာတင်လူသာကင်းနဲ့အဖွဲ့က "Sit-in" လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကြောင့် တစ်လကျော်လောက်ကြာတဲ့အခါ လူဖြူတွေအတွက်သာရောင်းချခဲ့ကြတဲ့ တချို့ နေ့လယ်စာရောင်းတဲ့နေရာတွေက အာဖရိကနွယ်ဖွားများအတွက် နေ့လယ်စာ ရောင်းချပေးတာတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ 

"နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ဘူး" ဆိုတာ နှမ်းစေ့တိုင်းမှာရှိနေတဲ့ အစွမ်းနဲ့ ဂုဏ်သတ္တိတွေကို အထင်သေးတဲ့သဘော ဖြစ်ပါတယ်။ တစ်စေ့ချင်းရှိတဲ့ နှမ်းစေ့တွေပေါင်းလိုက်လို့ "နှမ်းဆီ" ဆိုပြီး ဖြစ်လာတာပါ။ ကိုယ်ဟာ နှမ်းတစ်စေ့ဖြစ်တယ်ဆိုရင်တောင် ဂုဏ်သတ္တိပြည့်ဝတဲ့ နှမ်းတစ်စေ့ဖြစ်တယ်လို့ ယုံကြည်လိုက်ပါ။ လုံးဝ မမေ့ပါနဲ့။ 

ငါတို့မှာ ငါတို့ရှိပါတယ်။ 

ထိန်လင်း
၁၊ ၁၂၊ ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar