Breaking News

ဒေါက်တာသိန်းလွင် - မြန်မာပြည်တွင်းပညာရေးလှုပ်ရှားမှု



 ဒေါက်တာသိန်းလွင် - မြန်မာပြည်တွင်းပညာရေးလှုပ်ရှားမှု


(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၀

မိတ်ဆွေ သူငယ်ချင်းများအတွက် ရေးသောစာ အပိုင်း (၁၆)
ဤအပိုင်းတွင် မြန်မာပြည်သို့ ကျွန်တော်ပြန်ရောက်ပြီးနောက် ဆောင်ရွက်ခဲ့သည့် ပညာရေးလှုပ်ရှားမှုများ၊ အဖြစ်အပျက်များနှင့် ပြန်လည်သုံးသပ်ချက်များကို ရေးသားထားပါသည်။ မိတ်ဆွေအတော်များများက မေးမြန်းကြသော အကြောင်းအရာဖြစ်၍ စိတ်ဝင်စားကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
ရောဂါပိုးကူးစက်မှုတွေ ပိုများလာလို့ ကျန်းမာရေးလည်း ဂရုစိုက်ကြပါ။
ဒေါက်တာသိန်းလွင်
၂၀၂၀ အောက်တိုဘာလ ၁၀ ရက်။
မြန်မာပြည်တွင်းပညာရေးလှုပ်ရှားမှု (၂၀၁၂-၂၀၁၆)

​၁၉ နှစ်အကြာ ၂၀၁၂ ဧပြီလမှာ ကျွန်တော်အမေနဲ့ ပြန်တွေ့ပါတယ်။ အမေ့ကို သုံးလေးရက်လောက်ပြုစုပြီး ရန်ကုန်ကို သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါတယ်။ ကျွန်တော်ပညာရေးဘာသာရပ်တွေကို လေ့လာတာ၊ ပညာရေးအလုပ်တွေ လုပ်နေတာကို ဒေါ်အောင်ဆန်းစုကြည် သိပါတယ်။ အဖွဲ့ချုပ်ရုံးက ဦးသိန်းဦးကိုခေါ်ပြီး ကျွန်တော်အဖွဲ့ချုပ်မှာပြန်ပြီး တာဝန်ယူမယ့်အကြောင်း အသိပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို ပါတီညီလာခံအဆင့်ဆင့်မှာ ဝင်ရောက်အရွေးခံဖို့ မှာကြားပါတယ်။ အဲ့ဒီအချိန်က NLD ညီလာခံများ (ရပ်ကျေး၊ မြို့နယ်၊ တိုင်း) အတွက်ပြင်ဆင်နေတဲ့ကာလ ဖြစ်ပါတယ်။
​NLD အဖွဲ့ချုပ်ရုံးမှာ ၁၉၈၈-၁၉၈၉ ကာလတွေထဲက လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တဲ့ ဦးဟံသာမြင့်၊ ဦးစိုးဝင်းနဲ့ ဦးနိုင်းနိုင်းတို့ ရှိပါတယ်။ သူတို့ရဲ့ မိတ်ဆက်ပေးမှု့ကြောင့် အဖွဲ့ချုပ်ရုံးမှာတာဝန်ယူနေတဲ့သူတွေရဲ့ နွေးထွေးမှုကို ရရှိပါတယ်။ ဦးဟံသာမြင့်က ကျွန်တော့်ကို လူငယ်သင်တန်းတွေမှာ တာဝန်ယူပေးဖို့ပြောတဲ့အတွက် NLD လူငယ်အဖွဲ့ဝင်တွေကို ဝေဖန်ပိုင်းခြားစဉ်းစားရန် စာဖတ်ခြင်း၊ စာရေးခြင်း၊ ဆွေးနွေးခြင်း၊ မေးခွန်းမေးခြင်းစတာတွေကိုလက်တွေ့ သင််ကြားပေးပါတယ်။
​အဖွဲ့ချုပ်ညီလာခံကို ကျွန်တော်ပဲခူးမြို့နယ်ကနေ ဝင်ရောက်အရွေးခံပါတယ်။ ရပ်ကျေးညီလာခံ၊ မြို့နယ်ညီလာခံတွေမှာ အဆင့်ဆင့်ဝင်ရောက်ယှဉ်ပြိုင်ပြီး အဖွဲ့ချုပ်ညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပါတယ်။
အဖွဲ့ချုပ်ညီလာခံကျင်းပတဲ့အခါ ပါတီဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပါတယ်။ ညီလာခံအတွင်းမှာ ဗဟိုအလုပ်အမှုဆောင်များကို ရွေးချယ်တဲ့အခါ အရံဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ပေးခြင်းခံရပါတယ်။
​ဗဟိုကော်မတီဝင်ဖြစ်ပြီးနောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကျွန်တော့်ကို အဖွဲ့ချုပ်ပညာရေးကော်မတီ ဖွဲ့ စည်းဖို့ တာဝန်ပေးပါတယ်။ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ပညာရေးကော်မတီ ဥက္ကဋ္ဌတာဝန်ယူဖို့နဲ့ ကျွန်တော်အပါအဝင် ဦးဟံသာမြင့်၊ ဒေါက်တာတင်လှိုင်၊ ဒေါက်တာသန့်လွင်မောင် (စာရေးဆရာကိုတာ)၊ ကိုမိုးဇော်ဦး တို့ကို ပညာရေးကော်မတီအတွက် အဆိုပြုပါတယ်။
ဦးဟံသာမြင့်က ဗဟိုအလှုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ အဖွဲ့ချုပ်သင်တန်းတွေကို တာဝန်ယူရသူလည်းဖြစ်တဲ့အတွက် အဆိုပြုတာဖြစ်ပါတယ်။ ဒေါက်တာတင်လှိုင်က အငြိမ်းစားတက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး တက္ကသိုလ်များပြုပြင်ပြောင်းလဲရေးအတွက် စာတမ်းများရေးသားနေသူဖြစ်လို့ အဆိုပြုတာဖြစ်ပါတယ်။ ဆရာကိုတာကတော့ ပုဂ္ဂလိကပညာရေးနဲ့ ဘုန်းတော်ကြီးသင်ပညာရေးမှာ အတွေ့အကြုံရှိသူမို့ အဆိုပြုတာဖြစ်ပါတယ်။ ကိုမိုးဇော်ဦးကတော့ အဖွဲ့ချုပ်စတင်ခါစက လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။
ဦးဟံသာမြင့်၊ ဒေါက်တာတင်လှိုင်၊ ဆရာကိုတာ၊ ကိုမိုးဇော်ဦးနဲ့ ကျွန်တော့်ကို ပညာရေးကော်မတီဝင်များအဖြစ် တာဝန်ပေးအပ်ကြောင်း အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန််းစုကြည်က အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သည့်အတွက် ကော်မတီအားလုံးအတွက် တာဝန်ရှိပြီးဖြစ်တာကြောင့် ပညာရေးကော်မတီမှာ ထပ်မံပါဝင်ခြင်းမရှိပါဘူး။
​ဦးဟံသာမြင့်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့တာဝန်များရှိသည့်အတွက် ကျွန်တော်က ပညာရေးကော်မတီမှာ အဓိကတာဝန်ယူရပါတယ်။ အဲ့ဒီအချိန်က လွှတ်တော်ထဲမှာ အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းကို ဆွေးနွေးနေသည့်အတွက် ပညာရေးကော်မတီအနေနဲ့ ဥပဒေမူကြမ်းအပေါ်ဝေဖန်သုံးသပ်ချက်နဲ့ အကြံပြုချက်ရေးပေးပါတယ်။ လွှတ်တော်က တာဝန်ပေးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်ပြုပြင်ပြောင်းလဲရေးကော်မတီဥက္ကဋ္ဌ ဖြစ်လာပါတယ်။
​NLD ရဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အဖွဲ့များအပါအဝင် အခြားပြည်နယ်နှင့်တိုင်းများမှ မြို့နယ်အချို့မှာ ပညာဒါနကျောင်းများ ဖွင့်လှစ်ထားကြပါတယ်။ အဆိုပါပညာဒါနကျောင်းများအချင်းချင်း ချိတ်ဆက်ထားကြပြီး NLD ပညာရေးကွန်ရက်လို့ အမည်ပေးထားပါတယ်။ NLD ပညာရေးကွန်ရက်ကျောင်းများကို သွားရောက်ပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အားပေးစကားပြောခြင်း၊ စာအုပ်များနဲ့ အလှူငွေများပေးအပ်ခြင်းတို့ကို ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။
ပညာရေးဆွေးနွေးပွဲများစတင်ခြင်း

​NLD မှ ပေးအပ်သောတာဝန်များအပြင် ကျွန်တော့်ရဲ့ Thinking Classroom Foundation ကဆောင်ရွက်နေတဲ့ ဆရာအတတ်ပညာသင်တန်းများကိုလည်းဆက်လုပ်ပါတယ်။ ခရစ်ယာန်ကျမ်းစာသင်တန်းကျောင်း Myanmar Institutue of Christian Theology (MICT) ကျောင်းအုပ်ကြီး ဦးကျော်ထွန်းလင်းကို အထူးကျေးဇူးတင်ပါတယ်။ ဆရာက သူ့ရဲ့ MICT ကျောင်းဝင်းထဲက စာသင်ဆောင်တစ်ခုကို ဆရာအတတ်ပညာသင်တန်းတွေလုပ်ဖို့ နေရာပေးပါတယ်။
ဆရာဦးကျော်ထွန်းလင်းကို ကျွန်တော် ဂျာမဏီရောက်စဉ်က တွေ့ဆုံသိကျွမ်းခဲ့ပါတယ်။ အဲ့ဒီအချိန်က ဆရာက ဂျာမဏီမှာ ကျမ်းစာသင်ကျောင်းတက်နေပါတယ်။ ဆရာ MICT မှာကျောင်းအုပ်ဖြစ်တော့ သူ့ရဲ့ကျောင်းက ဆရာမတစ်ချို့ကိုလည်း ကျွန်တော်ချင်းမိုင်မှာဖွင့်တဲ့ သင်တန်းတွေကို စေလွှတ်ခဲ့ပါတယ်။
​ကျွန်တော်က NLD မှာတာဝန်ရှိနေတဲ့အတွက် ဆရာအတတ်ပညာသင်တန်းတွေမှာ အချိန်ပိုင်းသာ ပါဝင်သင်ကြားနိုင်ပါတယ်။ ဆရာမအစိုင်း (Ms. Hawng Tsai) က Thinking Classroom Foundation ရဲ့ ဒါရိုက်တာဖြစ်လာပြီး သင်တန်းတွေကို ဦးဆောင်စီစဉ်ပါတယ်။ RWCT နာရီ ၆၀ သင်တန်းများနဲ့ ဆရာအသစ်များအတွက် သုံးလသင်တန်းတွေ ပြုလုပ်ပါတယ်။
ဆရာမအစိုင်းနဲ့အတူ ကျွန်တော့်ရဲ့ သင်တန်းဆင်းတွေဖြစ်ကြတဲ့ ဒေါ်အေးမြတ်နွယ်၊ ဒေါ်သူသူမာ၊ မိုင်နွေးနွေး၊ မိချမ်းအိုက်၊ ကိုဇော်မင်းလတ်တို့က သင်တန်းဆရာ ဆရာမများအဖြစ်ဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့ ဖောင်ဒေးရှင်းနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ဘာသာရေးအခြေပြုကျောင်းများ၊ တိုင်းရင်းသားအခြေပြုကျောင်းများသာမက NLD ပညာရေးကွန်ရက်ကျောင်းများမှ ဆရာ ဆရာမများလည်း RWCT သင်တန်းများရရှိကြပါတယ်။ တက္ကသိုလ် ဆရာ ဆရာမတစ်ချို့လည်းပါဝင်လာကြပါ တယ်။
​၂၀၁၀ ဦးသိန်းစိန်အစိုးရတက်လာပြီး ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ လွှတ်တော်မှာ အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းကလွဲလို့ အခြားပညာရေးကိစ္စတွေဆွေးနွေးကြတာ မကြားရပါဘူး။ ဒါကြောင့် ပညာရေးပြုပြင်ပြောင်းလဲဖို့အတွက် အကြံဥာဏ်တွေ ပေးနိုင်ဖို့လိုအပ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ Thinking Classroom Foundation အတွင်းမှာရော၊ NLD ပညာရေးကော်မတီနဲ့ ပညာရေးကွန်ရက်အတွင်းမှာရော ဆွေးနွေးတဲ့အခါ ကျွန်တော်နဲ့ သဘောတူညီကြပါတယ်။ ပညာရေးဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့ ဆရာဦးကျော်ထွန်းလင်းနဲ့ တိုင်ပင်တဲ့အခါ ဆရာကဝမ်းသာအားရပဲ သူ့ရဲ့ကျောင်းမှာ ပညာရေးဆွေးနွေးပွဲလုပ်ဖို့ ခွင့်ပြုပါတယ်။ ဆရာဦးကျော်ထွန်းလင်းနဲ့တကွ MICT က ဆရာ ဆရာမများလည်း ဆွေးနွေးပွဲမှာ ပါဝင်ကြပါတယ်။
​ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ၊ ၈၈နိုင်ငံရေးအင်အားစုများ၊ NLD ပညာရေးကွန်ရက်ကျောင်းများ၊ ဘာသာရေအခြေပြုကျောင်းများ၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း အစရှိသော တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများ၊ မသန်စွမ်းပညာရေးအဖွဲ့အစည်းများ၊ အငြိမ်းစား ဆရာ ဆရာမကြီးများ၊ ပညာရှင်များကို ဖိတ်ကြားပါတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ပညာရေးဆွေးနွေးပွဲတစ်ရပ်ကို ဆရာဦးကျော်ထွန်းလင်းရဲ့ အင်းစိန်ကျမ်းစာသင်ကျောင်းဝင်းထဲမှာ ကျင်းပပါတယ်။ အနယ်နယ်အရပ်ရပ်က တက်ရောက်လာသူ ၅၀၀ ကျော်ပါတယ်။ နှစ်ရက်တာကျင်းပတဲ့ ဆွေးနွေးပွဲအပြီးမှာ ပညာရေးကဏ္ဍ (၁၃) ခုမှာ ပြုပြင်ပြောင်းလဲဖို့ အကြံပြုချက်များထွက်ပေါ်လာပါတယ်။
​ဆွေးနွေးပွဲတက်ရောက်လာသူအားလုံး လွတ်လပ််စွာပါဝင်ဆွေးနွေးခွင့် ရကြပါတယ်။ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများလည်း တည်ဆောက်နိုင်ကြပါတယ်။ ရပ်ဝေးမှလာသူများကို MICT ကျောင်းဆောင်တွေမှာ တည်းခိုနိုင်အောင် ဆရာဦးကျော်ထွန်းလင်းက စီစဉ်ပေးပါတယ်။ ဆွေးနွေးပွဲတက်ရောက်သူ အားလုံးကိုယ့်စရိတ်နဲ့ကိုယ်လာကြသူများ ဖြစ် ပါတယ်။ ဆွေးနွေးပွဲကာလ စားသောက်ရေးကို NLD ပညာရေးကွန်ရက်နဲ့ Thinking Classroom Foundation တို့မှ ကုန်ကျခံပါတယ်။
​ကျွန်တော်တို့ပြုလုပ်တဲ့ ၂၀၁၂ အောက်တိုဘာ ပညာရေးဆွေးနွေးပွဲအပြီးမှာ လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီက အမျိုးသားပညာရေးဥပဒေမူကြမ်း ရေးဆွဲမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။ အမျိုးသားပညာရေးဥပဒေရေးဆွဲရန်အတွက် အမျိုးသားပညာရေးမူဝါဒ တစ်ရပ်ရှိသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ အဆိုပါပညာရေးမူဝါဒဟာလည်း ပြည်သူလူထုထံမှဆင်းသက်လာတဲ့မူဝါဒ ဖြစ်သင့်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
အောက်တိုဘာဆွေးနွေးပွဲတက်ရောက်ခဲ့သူများကို ကျွန်တော်ပြန်လည်ဆက်သွယ်ပြီး ပြည်သူလူထုထံမှ အကြံဥာဏ်များရယူနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှာ ၂၀၁၂ ဒီဇင်ဘာလမှ ၂၀၁၃ မေလအထိ ဒေသဆိုင်ရာဆွေးနွေးပွဲ ၂၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မှာထပ်မံပြုလုပ်တဲ့ ဆွေးနွေးပွဲများအပါအဝင် စုစုပေါင်း ပညာရေးဆွေးနွေးပွဲ ၂၈ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
​ဒေသဆိုင်ရာဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် Thinking Classroom Foundation အဖွဲ့သားများ၊ NLD ပညာရေးကွန်ရက်အဖွဲ့သားများ၊ ဆရာသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ ၈၈ အင်အားစုများ ပါဝင်ဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့အဖွဲ့ သွားတဲ့ခရီးစဉ်များကို ကိုအောင်လှိုင်မင်းက သူ့ကားနဲ့ လိုက်ပို့ပါတယ်။
၂၀၁၂ အောက်တိုဘာအစည်းအဝေးမှာ ပါဝင်တက်ရောက်ကြသူများနဲ့ သက်ဆိုင်ရာဒေသက ပညာရေးပြုပြင်ပြောင်းလဲဖို့ စိတ်အားထက်သန်သူများကို ဆက်သွယ်ပြီး ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲများကို စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒေသဆိုင်ရာဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ဒေသခံအဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်အားလုံးကို အထူးဘဲ ကျေးဇူးတင်ပါတယ်။
ဆွေးနွေးပွဲ ၂၈ ကြိမ်မှ အကြံပြုချက်များကို စုစည်းတဲ့အခါ တူညီချက်များသာမက ကွဲလွဲချက်များပါဝင်တဲ့အတွက် ညှိနိုင်းရန် လိုအပ်လာပါတယ်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ဖြစ်ပေါ်လာပုံ

​ဒေသဆိုင်ရာဆွေးနွေးပွဲ ၂၈ ခုမှ အကြံပြုချက်များကို ညှိနိုင်းရန်အတွက် ပညာရေးညီလာခံတစ်ရပ်ကျင်းပဖို့ ကျွန်တော်တို့ ပြင်ဆင်ကြပါတယ်။ ဦးကျော်ထွန်းလင်းရဲ့ မိတ်ဆက်ပေးမှု့ကြောင့် ရန်ကုန် ခဝဲခြံ မျက်မမြင်ကျောင်းကို တည်ထောင်သူ ဆရာကြီး ဦးသိန်းလွင်နဲ့ တွေ့ဆုံပြီး ညီလာခံကိစ္စတိုင်ပင်ပါတယ်။ ဆရာကြီးဦးသိန်းလွင်က သူ့ကျောင်းမှာ ခန်းမတစ်ခုဆောက်နေကြောင်း ၂၀၁၃ ဇွန်လအမှီ ပြီးစီးအောင်ဆောက်မည်ဖြစ်ကြောင်းနဲ့ သူ့ရဲ့ခန်းမသစ်မှာ ပညာရေးညီလာခံလုပ်ဖို့ ပြောပါတယ်။ ကျွန်တော်တို့သဘောတူကြသည့်အတွက် ၂၀၁၃ ဇွန်လမှာ ညီလာခံလုပ်ဖို့ ပြင်ဆင်ကြပါတယ်။
​ပညာရေးဆွေးနွေးပွဲများအတွင်း ပညာရေးပြုပြင်ပြောင်းလဲမှုကို လိုလားသူများ ချိတ်ဆက်မိကြပါတယ်။ အဆိုပါချိတ်ဆက်မှုဟာ ကွန်ရက်သဖွယ်ဖြစ်လာပါတယ်။ ကွန်ရက်ကို အမည်ပေးဖို့စဉ်းစားကြပါတယ်။ ကျွန်တော်က National Network for Education Reform (NNER) လို့ အမည်ပေးဖို့ အဆိုပြုပါတယ်။ စိတ်ကူးရတာကတော့ အမေရိကန်နိုင်ငံမှာ National Network for Education Renewal (NNER) ဆိုတာ ရှိပါတယ်။ ကျွန်တော်တို့က အလားတူကွန်ရက်မျိုးဖြစ်တဲ့အတွက် National Network for Education Reform (ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) လို့ အဆိုပြုတာဖြစ်ပါတယ်။ အားလုံးဘဲ သဘောတူကြပါတယ်။
ပညာရေးညီလာခံဖြစ်ပေါ်လာရန် စုစည်းချိတ်ဆက်မှုများကို ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လို့ စတင်အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ NNER ကိုအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဖွဲ့စည်းခဲ့တာမဟုတ်ပါဘူး။ ချိတ်ဆက်မှုကွန်ရက်အဖြစ်သာ အမည်တပ်ခဲ့တာဖြစ်ပါတယ်။
​ညီလာခံတက်ရောက်ရန်အတွက် ဒေသဆိုင်ရာဆွေးနွေးပွဲကျင်းပရာဒေသတစ်ခုလျှင် ကိုယ်စားလှယ် ၁၀ ဦး တက်ရောက်ရန် ဖိတ်ကြားခဲ့ပါတယ်။ ဆွေးနွေးပွဲကို လူ ၃၀၀ မှ ၅၀၀ အထိတက်ရောက်နိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။
​ပညာရေးညီလာခံကို ၂၀၁၃ ဇွန်လ ၈-၉ နေ့တွေမှာ ရန်ကုန်ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပပါတယ်။ ဆွေးနွေးပွဲစတင်တဲ့အချိန်မှာ တက်ရောက်သူစုစုပေါင်း ၁၂၀၀ ကျော်ရှိပါတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ ဆရာသမဂ္ဂအဖွဲ့ဝင်များ၊ Thinking Classroom Foundation နှင့် လက်တွဲဆောင်ရွက်သော ပညာရေးအဖွဲ့အစည်းများ၊ RWCT သင်တန်းဆင်းများ၊ အခြားပညာရေးအဖွဲ့အစည်းများ၊ စိတ်ဝင်စားသူများပါဝင်တက်ရောက်ကြသဖြင့် အင်အားကောင်းခြင်း ဖြစ်ပါတယ်။ အချို့ဒေသများမှလည်း ကိုယ်စားလှယ် ၁၀ ဦး ထက်ပို၍လာကြပါတယ်။
​ညီလာခံတွင် ဒေသအသီးသီးမှ ရရှိတဲ့ အကြံပြုချက်များကို ညှိနှိုင်းဖို့အတွက် ပညာရေးဆိုင်ရာအခြေခံမူများကို အလျှင်ချမှတ်ပါတယ်။ အခြေခံမူများကိုညှိနှိုင်း သဘောတူကြပြီးနောက် အကြံပြုချက်များကို အခြေခံမူများနှင့် တိုက်ဆိုင်ညှိနှိုင်းသဖြင့် အလွယ်တကူပင်ညှိနှိုင်းရရှိပါတယ်။ ၂ ရက်တာကျင်းပသည့်ညီလာခံအပြီးတွင် “အမျိုးသားပညာရေးမူဝါဒ” အတွက် အကြံပြုချက်များ ထွက်ပေါ် လာပါတယ်။ ပျော်ရွှင်ဖွယ်ကောင်း၍ ရလဒ်ကောင်းထွက်သောညီလာခံဖြစ်ပါတယ်။
​ပါဝင်သူများ၏ပူးပေါင်းဆောင်ရွက်မှု့ကြောင့် ရလဒ်ကောင်းထွက်သည်ဟု ယုံကြည်ပါသည်။ ညီလာခံခန်းမနှင့် ရပ်ဝေးမှလာရောက်သူများတည်းခိုရေးကို မျက်မမြင်ကျောင်းမှ ဆရာကြီး ဦးသိန်းလွင်က ကူညီပါသည်။ ညီလာခံကာလအတွင်း စားသောက်ရေးနှင့် အထွေထွေကုန်ကျစရိတ်အတွက် NLD ပညာရေးကွန်ရက်မှ ကျပ်သိန်း ၂၀၀ အသုံးပြုပါသည်။ စေတနာရှင်များကလည်း သောက်ရေနှင့် စာရွက်စာတမ်းများကူညီကြပါသည်။ ညီလာခံတက်ရောက်သူများကလည်း ကိုယ့်စရိတ်နှင့်ကိုယ် လာကြသူများဖြစ်ကြပါသည်။
ပညာရေးမူဝါဒအကြံပြုချက်များ၏ နောက်ဆက်တွဲဖြစ်ရပ်များ
ပညာရေးမူဝါဒဆိုင်ရာအကြံပြုချက်များ ထွက်ပေါ်လာပြီးနောက် အဆိုပါအကြံပြုချက်များကို ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်းကောင်း၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့လည်းကောင်း၊ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များသို့လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးသို့လည်းကောင်း ပေးပို့ခဲ့ပါသည်။ NLD နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်နှင့် ပညာရေးကော်မတီဝင်များ၊ NLD ပညာရေးကွန်ရက်အဖွဲ့ဝင်များက ပညာရေးဆွေးနွေးပွဲများနှင့် ပညာရေးညီလာခံတွင် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
​ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်အား ၂၀၁၃ ဇွန်လ ၂၉-၃၀ ရက်များတွင် နေပြည်တော်၌ ကျင်းပသည့် အဆင့်မြင့်ပညာရေးဆွေးနွေးပွဲ (Higher Education Dialogue) ကို တက်ရောက်ရန်ဖိတ်ကြားပါသည်။ ဤဆွေးနွေးပွဲတွင် ကျွန်တော်က NNER ညီလာခံမှထွက်ပေါ်လာသော ပညာရေးမူဝါဒဆိုင်ရာ အကြံပြုချက်များကို ရှင်းလင်းပြောကြားပါသည်။ ကျွန်တော်ပြောအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်၏ တင်ပြချက်များသည် ငြင်းဆိုဖွယ်မရှိကြောင်းပြောကြားခဲ့ပါသည်။
​၂၀၁၃ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျွန်တော့်အမေ ကွယ်လွန်ပါသည်။ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျွန်တော့်ထံ သမ္မတရုံးမှ ဖုန်းဆက်ပါသည်။ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံရန် ကျွန်တော့်အားဖိတ်ကြားပါသည်။ ကျွန််တော်က ဘယ်နှစ်ဦးတက်ရောက်နိုင်ပါသလဲလို့မေးရာ၊ ၄ ဦး တက်ရောက်နိုင်ကြောင်း ပြောပါသည်။ သမ္မတရုံးမှဖိတ်ကြားချက်ကို ကျွန်တော်၏ ဆွေမျိုးများအား အသိပေးရာ ဆွေမျိုးများမှသွားရန်ခွင့်ပြုပါသည်။
အမေ့စျာပနကို ဆွေမျိုးများနှင့်ထားခဲ့ပြီး ဇူလိုင်လ ၁၃ ရက်နေ့တွင် သမ္မတဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံပါသည်။ ဒေါက်တာတင်လှိုင်၊ ဆရာကိုတာနှင့် ဒေါ်သူသူမာတို့ကို ကျွန်တော်နှင့်အတူ လိုက်ပါရန် ခေါ်သွားခဲ့ပါသည်။ ဦးသိန်းစိန်နှင့်အတူ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဒေါက်တာမြအေးနှင့် အခြားပုဂ္ဂိုလ်တချို့လည်း ပါဝင်ကြပါသည်။
ဦးသိန်းစိန်က ကျွန်တော်တို့ပေးပို့ထားသော ပညာရေးမူဝါဒအကြံပြုချက်များကို သူဖတ်ပြီးကြောင်း၊ ကြိုက်နှစ်သက်ကြောင်း ပြောပါသည်။ နိဂုံးချုပ်တွင် ကျွန်တော့်အားပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် ကျွန်တော်တို့တင်သွင်းသည့် ပညာရေးမှုဝါဒအကြံပြုချက်များကို NLD မှတဆင့် လွှတ်တော်သို့ တင်သွင်းရန်မှာကြားပါသည်။
​သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် အမေ့စျာပနသို့ ကျွန်တော်ပြန်လာခဲ့ပါသည်။ အမေ့စျာပနကို ကျွန်တော့်ဆွေမျိုးများ၊ ငယ်သူငယ်ချင်းများ၊ NLD မှ လုပ်ဖော်ကိုင်ဖက်များ၊ NNER ကွန်ရက်မှ လုပ်ဖော်ကိုင်ဖက်များ လိုက်ပါပို့ဆောင်ပေးကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေ့စျာပနအတွက် သင်္ကန်းနှစ်စုံ ပေးပို့လှုဒါန်းပါသည်။
အမေ့ကိုသင်္ဂြုလ်ချိန်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် လိုက်ပါပို့ဆောင်ကြသူများအားလုံး မိုးရေများစိုရွှဲကာ ဗွက်လည်းနစ်ကြပါသည်။ ဆွေမျိုးများ၊ မိတ်ဆွေများ၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ရွာသူရွာသားများကို အထူးကျေးဇူးတင်ပါသည်။
​အမေ့စျာပနပြီးနောက် ရန်ကုန်သို့ပြန်လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံပါသည်။ ဦးသိန်းစိန်၏ မှာကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြပါသည်။ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ထဲမှာ NLD က လူ ၄၀ ကျော်ပဲရှိတာမို့၊ ဒီမူဝါဒကို လွှတ်တော်တင်ရင် ရှုံးနိုင်တယ်၊ ပြည်သူလူထုထံကလာတဲ့မူဝါဒမို့ အရှုံးမခံနိုင်ဘူး။ လွှတ်တော်ကို မတင်သင့်သေးဘူး” လို့ ပြောပါသည်။ ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်ကို ကျွန်တော်သဘောတူလက်ခံခဲ့ပါသည်။
​၂၀၁၃ စက်တင်ဘာလလောက်တွင် ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်အား ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီအစည်းအဝေးတက်ရောက်ရန် စေလွှတ်ပါသည်။ နေပြည်တော် စည်ပင်ရိပ်သာတွင် NLD လွှတ်တော် အမတ်များထံ တည်းခို၍ ပညာရေးကော်မတီအစည်းအဝေး သုံးကြိမ်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးများတွင် NNER ညီလာခံမှရရှိသည့် ပညာရေးမှုဝါဒအကြံပြုချက်များကို တင်သွင်းခဲ့ပါသည်။
​လွှတ်တော်ခေတ္တရပ်နားပြီးနောက် ပြန်လည်စတင်သည့်အခါ ကျွန်တော်က လွှတ်တော်ပညာရေးကော်မတီဥက္ကဌ ဒေါက်တာချမ်းငြိမ်းထံ ဆက်သွယ်၍ ပညာရေးကော်မတီအစည်းအဝေးကျင်းပမည့်ရက်ကိုမေးရာ ကျွန်တော်ကို အစည်းအဝေးတက်ရန်မလိုတော့ကြောင်းပြောကြားပါသည်။
​လွှတ်တော်ပညာရေးကော်မတီ အစည်းအဝေးများတွင် ကျွန်တော်ပါဝင်တက်ရောက်ခြင်းမရှိတော့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်က စိတ်ဆိုးကြောင်း မိတ်ဆွေများမှတဆင့်သိရပါသည်။ အချိန်အတော်ကြာမှသိရသဖြင့် ဒေါ်အောင် ဆန်းစုကြည်ထံ ကျွန်တော်ဖြေရှင်းခွင့်မရခဲ့ပါ။
NLD မှ ထုတ်ပယ်ခံရခြင်း
​၂၀၁၄ စက်တင်ဘာလမှာ အမျိုးသားပညာရေးဥပဒေကို အတည်ပြုပြီးနောက် ကျောင်းသားများ သပိတ်မှောက် ဆန္ဒပြကြသည်ကို အားလုံးသိပြီးဖြစ်ပါသည်။ “အမျိုးသားပညာရေးဥပဒေဟာ ဒီမိုကရေစီနည်းလမ်းမကျဘူး၊ ဗဟိုချုပ်ကိုင်မှုများလွန်းတယ်၊ ကျောင်းသားတွေရဲ့တောင်းဆိုချက်ကို လှစ်လျူရှုတယ်” ဆိုပြီး သပိတ်မှောက်ကြတာပါ။
ကျောင်းသားတွေ မန္တလေးကနေ ရန်ကုန်ကို လမ်းလျှောက်ဆန္ဒပြကြတာလည်း အားလုံးသိကြပါတယ်။ လမ်းတစ်လျှောက်မြို့တွေ၊ ရွာတွေက ကြိုဆို ထောက်ခံကြတာကိုလည်း မီဒီယာတွေမှာတွေ့မြင်ရပါတယ်။ ချီတက်တဲ့ ကျောင်းသားတွေ ပဲခူးတိုင်း၊ လက်ပံတန်းမြို့ အရောက်မှာ အစိုးရက ပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်အစည်းအဝေးကျင်းပဖို့ကြေညာပါတယ်။ အစိုးရ၊ လွှတ်တော်၊ ဆန္ဒပြကျောင်းသားများနဲ့ NNER တို့ ပါဝင်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ NNER ကွန်ရက်ကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ် ၂၀ တက်ရောက်ဖို့ အစိုးရက ဖိတ်ကြားပါတယ်။
အစည်းအဝေးတက်ဖို့ ကျွန်တော်အပါအဝင် NNER ကို ကိုယ်စားပြုသူ လူ ၂၀ ရဲ့ အမည်စာရင်းကို ပေးပို့လိုက်ပါတယ်။ အစည်းအဝေးကျင်းပရန် ၂ ရက်အလိုမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက ကျွန်တော်နဲ့ တွေ့ဆုံပြီး လေးပွင့်ဆိုင် အစည်းအဝေးကိုမတက်ဖို့ ပြောပါတယ်။ အစ်မက မတက်စေချင်ဘူးလို့ ဆိုပါတယ်။ ကျွန်တော်က NNER ကိုယ်စားလှယ်များကို တင်ပြလိုသဖြင့် စဉ်းစားပါ့မယ်လို့ပြောကြားခဲ့ပါတယ်။ ဒေါက်တာအောင်မိုးညိုက ပျော့ပြောင်းညင်သာပြီး စိတ်သဘော ထားကောင်းသူဖြစ်ပါတယ်။
​နောက်တစ်နေ့ NNER ကိုယ်စားလှယ်များနဲ့ ကျောင်းသားကိုယ်စားလှယ်များတွေ့ဆုံတဲ့အချိန်မှာ ကျွန်တော့်ကို NLD က လေးပွင့်ဆိုင်ဆွေးနွေးပွဲမသွားစေလိုကြောင်း အသိပေးပါတယ်။ သူတို့ကကျွန်တော့်ကို လေးပွင့်ဆိုင်မှာ ပါဝင်စေချင်ကြပါတယ်။ ကျွန်တော့်ကို ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက် (၁၁) ချက်အပေါ် ပညာရေးရှု့ဒေါင့်ကနေရှင်းပြပေးဖို့ လိုလားကြပါတယ်။။
​ကျွန်တော့်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချနှိုင်ဖို့ အလွန်ခက်ခဲတဲ့အချိန်ဖြစ်ပါတယ်။ တဖက်က NLD။ ၁၉၈၈ ကထဲက ကျွန်တော်ပါဝင်ခဲ့တဲ့ အဖွဲ့အစည်း။ တစ်ဖက်ကကျောင်းသားများ။ ကျွန်တော် လေးပွင့်ဆိုင်ကို လိုက်မသွားခဲ့လျှင် ကျောင်းသားတွေဖက်က အားနည်းသွားနိုင်ပါတယ်။ အင်အားကြီးသူနဲ့အင်အားနည်းသူ ရွေးချယ်စရာရှိရင် အင်အားနည်းတဲ့လူတွေဘက်က ကျွန်တော်ရပ်တည်လေ့ရှိပါတယ်။ နောက်တစ်နေ့ လေးပွင့်ဆိုင်အစည်းအဝေးကို ကျွန်တော်တက်ရောက်ပါတယ်။ ကျောင်းသားများနဲ့အတူရပ်တည်ခဲ့ပါတယ်။
၂၀၁၅ ဖေဖော်ဝါရီလဆန်းမှာ လေးပွင့်ဆိုင်အစည်းအဝေးကို ရန်ကုန်မှာကျင်းပပါတယ်။ နောက်နေ့မှာ ကျွန်တော့်ကို ဗဟိုကော်မတီမှ ထုတ်ပယ်လိုက်ကြောင်း NLD မှ ကျေညာချက်ထုတ်ပြန်ပါတယ်။ မီဒီယာတွေကမေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်ဟာ NLD နဲ့ NNER အဖွဲ့အစည်း၂ ခုမှာ ပါဝင်နေတဲ့အတွက် အဖွဲ့အစည်းများ၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခ (Conflict of Interest) ကြောင့် ကျွန်တော့်ကို ထုတ်ပယ်ရခြင်းဖြစ်တယ်လို့ပြောကြားပါတယ်။
​NLD နဲ့ NNER ဟာ သီးခြားစီရပ်တည်ကြတဲ့အဖွဲ့အစည်း၂ ခု ဆိုရင် ကျွန်တော်က ၂ ဖွဲ့စလုံးမှာပါဝင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ Conflict of Interest ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ NLD နဲ့ NNER ကို သီးခြားစီလို့ မမြင်ပါဘူး။ တူညီတဲ့ ပညာရေးရည်မှန်းချက်တွေရှိတယ်လို့သာ နားလည်ထားပါတယ်။
ကျောင်းသားများအပါအဝင် NNER ကွန်ရက်မှာပါဝင်သူများဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ NLD ကိုတစ်လျောက်လုံးထောက်ခံဝန်းရံသူတွေ ဖြစ်ကြပါတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုကိုလည်း ဒီမိုကရေစီနည်းကျ လိုလားကြသူတွေ ဖြစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က NNER ညီလာခံမှ ထွက်ပေါ်လာတဲ့ ပညာရေးမူဝါဒအကြံပြုချက်များကိုလည်း လက်ခံထားပြီး ဖြစ်ပါတယ်။ NNER အစည်းအဝေးတွေမှာလည်း နာယက ဦးတင်ဦး၊ ဦးဟံသာမြင့်နဲ့တကွ ပညာရေးကော်မတီဝင်များ၊ NLD ပညာရေးကွန်ရက် အဖွဲ့ဝင်များလည်းပါဝင်ကြပါတယ်။ ဒါကြောင့် NLD နဲ့ NNER တို့ဟာ သီးခြားစီ မဟုတ်ပါဘူး။
ပြန်လည်သုံးသပ်ချက်

​ဒေါ်အောင်ဆန်းစုကြည်က NNER ကြိုးပမ်းထားတဲ့ ပညာရေးမူဝါဒအကြံပြုချက်များကို ထောက်ခံကြောင်း ၂၀၁၃ ဇွန်လ၊ နေပြည်တော်မှာ ကျင်းပတဲ့ အဆင့်မြင့်ပညာဆွေးနွေးပွဲမှာကတည်းက ပြောဆိုထားပြီးဖြစ်ပါတယ်။ ကျွန်တော့်ကိုလည်း လွှတ်တော်ပညာရေးကော်မတီအစည်းအဝေးမှာ သွားရောက်တင်ပြဖို့ တာဝန်ပေးခဲ့သူ ဖြစ်ပါတယ်။ လေးပွင့်ဆိုင် အစည်းအဝေးရောက်မှ ဘာ့ကြောင့်ပြောင်းလဲသွားသလဲဆိုတာ ကျွန်တော်မသိပါဘူး။
​ယခင်အစိုးရ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ရေးသားတဲ့ Myanmar’s Political Transition and Lost Opportunities (2010-2016) စာအုပ်မှာ “လွှတ်တော်နှင့် အစိုးရ အာဏာပြိုင်မှုအကြားတွင် ကျွန်တော်က ဓားစာခံဖြစ်ခဲ့ရကြောင်း” ရေးသားထားပါတယ်။ ကျွန်တော်လက်လှမ်းမမှီတဲ့အကြောင်းအရာတွေ အများကြီး ရှိခဲ့ပါတယ်။
NNER လှုပ်ရှားမှုများရပ်ဆိုင်းသွားခြင်း
NNER ရဲ့ပညာရေးမူဝါဒအကြံပြုချက်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ပညာရေးဌာနများကလည်း လက်ခံကြပါတယ်။ ၂၀၁၃ ဇွန်လမှာအတည်ပြုခဲ့တဲ့ မူလအကြံပြုချက်များဟာ ဒီမိုကရေစီပညာရေးနဲ့ ပညာရေးလွတ်လပ်ခွင့်များကို အကြံပြုထားပါတယ်။ ၂၀၁၆ ခုနှစ်ရောက်တဲ့အခါ တိုင်းရင်းသားပညာရေးအဖွဲ့များရဲ့ ထပ်မံအကြံပြုချက်များကို ရယူပြီး အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီမယ့် ပညာရေးမူဝါဒဆိုင်ရာအကြံပြုချက်များအဖြစ် ပြင်ဆင်ဖြည့်စွက်ခဲ့ပါတယ်။ ၂၀၁၆ ဧပြီလ၊ တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
​၂၀၁၆ နောက်ပိုင်းမှာတော့ NNER လှုပ်ရှားမှုများ အရှိန်လျော့သွားပါတယ်။ ဒေသအသိီးသီးမှ ကွန်ရက်တွင် ချိတ်ဆက်ထားသူများ ၆ လ တစ်ကြိမ်သာ တွေ့ဆုံပြီး ပညာရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် အသိအမြင် ဖလှယ်ကြပါတယ်။ အထူးသဖြင့် ၂၀၁၅ ကမ္ဘာ့ပညာရေးညီလာခံဆုံးဖြတ်ချက်များနဲ့ ၂၀၁၆ ခုနှစ်ကစတင်တဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် ပညာရေး (SDG-4) ဆိုင်ရာအကြောင်းအရာများကိုဦးတည်ဆွေးနွေးကြပါတယ်။
​၂၀၁၈ နောက်ပိုင်းမှာတော့ NNER ကွန်ရက်လှုပ်ရှားမှုတွေရပ်ဆိုင်းသွားပါတယ်။ အဓိကအကြောင်းတွေကတော့ NNER ကွန်ရက်ချိတ်ဆက်မှုကို စတင်ခဲ့တဲ့ ရည်ရွယ်ချက်က ပညာရေးမူဝါဒဆိုင်ရာအကြံပြုချက်များ စုစည်းဖို့အတွက် ချိတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ မူလရည်ရွယ်ချက် (Mission) ပြီးဆုံးသွားပြီလို့ဆိုနိုင်ပါတယ်။ အကြံပြုချက်များကို အစိုးရ ရော၊ လွှတ်တော်ကိုပါ ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။
​ဒုတိယအကြောင်းအရာကတော့ NNER ကွန်ရက်မှာပါဝင်သူများ သဘောထားကွဲကြပါတယ်။ NNER ကွန်ရက်ကို ပညာရေးမူဝါဒအကြံပြုချက်များအတွက် စုစည်းခဲ့တာဖြစ်သော်လည်း၊ တချို့က NGO များထံ ငွေကြေးလျှောက်ထားပြီး NGO ပရောဂျက်လုပ်ရန် ရည်ရွယ်ကြပါတယ်။ ကျွန်တော်သဘောမတူခဲ့ပါဘူး။ ဒါကြောင့် NNER အမည်နဲ့ ကွန်ရက်လှုပ်ရှားမှုတွေ မလုပ်တော့ပါဘူး။

၂၀၁၆ နောက်ပိုင်း ကျွန်တော်၏ ပညာရေးအလုပ်များ

​ဆရာအတတ်ပညာ ၃လ သင်တန်း (Intensive Teacher Training - ITT) ၆ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ နာရီ ၆၀ RWCT သင်တန်းများကိုလည်း ဒေသအသီးသီးကိုသွားပြီး ပို့ချပေးပါတယ်။ ဘာသာရေးအခြေပြုကျောင်းများ၊ တိုင်းရင်းသားပညာရေးအခြေပြုကျောင်းများနဲ့ ပုဂ္ဂလိကကျောင်းတစ််ချို့က ဆရာ ဆရာမများ ပါဝင်တက်ရောက်ကြပါတယ်။ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်နဲ့ ရှမ်းပြည်နယ်များသာမက ချင်းတောင်နဲ့ ရခိုင်ပြည်နယ်မှ ဆရာ ဆရာမများလည်း ပါဝင်တက်ရောက်ကြပါတယ်။
ကချင်နဲ့ မွန် ပညာရေးဌာနများနဲ့ ဘုရားကျောင်းအခြေပြုကျောင်းများအတွက် ပညာရေးမူဝါဒနဲ့ သင်ရိုးညွှန်းတမ်းဆိုင်ရာ ဆွေးနွေးပွဲများလည်း လုပ်ခဲ့ပါတယ်။ ၂၀၁၆ နောက်ပိုင်း အသစ်တိုးလာတာကတော့ တက္ကသိုလ်ဆရာများအသင်းနဲ့ ပူးပေါင်းပြီး Critical Thinking in Higher Education စာသင်ခန်းသင်ကြားရေးနည်းစနစ်များအတွက် သင်တန်းများ ပြုလုပ်ပေးပါတယ်။ ချင်းမိုင်ကို ဆရာ ဆရာမ နှစ်သုတ်လာပြီးကြပါပြီ။ တက္ကသိုလ်ကျောင်းပေါင်း ၂၀ လောက်က ဆရာ ဆရာမများပါဝင်ပါတယ်။ ပြည်တွင်းက တက္ကသိုလ် ၆ ကျောင်းမှာလည်း သင်တန်းတွေ ပြုလုပ်ခဲ့ပါတယ်။
ပြောရန်ကျန်သေးသော အကြောင်းအရာများ
ကျွန်တော်ရဲ့မိတ်ဆွေသူငယ်ချင်းများအတွက်ရေးသောစာ အပိုင်း ၁၆ ခု အပြီးမှာ ကျွန်တော် သူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်မရတဲ့အချိန်တွေမှာ ကျွန်တော် ဘယ်မှာရောက်နေတယ်၊ ဘာတွေလုပ်နေတယ် ဆိုတာ အကြမ်းဖျင်း သိကြပြီထင်ပါတယ်။
​ကျွန်တော်ပြောဖို့ကျန်နေသေးတဲ့အကြောင်းအရာတစ်ချို့ရှိပါတယ်။ NLD ထူထောင်ကာစက အတွေ့အကြုံတွေ မပြောရသေးပါဘူး။ သင့်လျော်တယ်လို့ထင်တဲ့အချိန်မှာ ပြောပါမယ်။ အထူးသဖြင့် NLD ကိုယ်တိုင်က သူ့ရဲ့ ဖြတ်သန်းမှုတွေကို ပြန်လည်သုံးသပ်တဲ့အချိန်မျိုးဆိုရင် ပိုကောင်းမယ်ထင်ပါတယ်။
မိတ်ဆွေတချို့က ကျွန်တော်ရေးတဲ့စာတွေမှာ အိမ်ထောင်ရေးအကြောင်း မပါသေးဘူးလို့ ပြောကြပါတယ်။ ကျွန်တော်တမင်မရေးဘဲ နေခဲ့တာပါ။ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ထိခိုက်စရာတွေ၊ နာကျင်စရာတွေ ရှိတာမို့ မရေးတာပါ။
​ကျွန်တော့်ဘဝဖြတ်သန်းမှုမှာ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ပြည့်နှက်နေပါတယ်။ ပျော်ရွှင်စရာများရှိသလို၊ ဝမ်းနည်းစရာများလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်လေ့လာဆည်းပူးခဲ့တဲ့ ပညာရေးဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို တစုံတရာအတိုင်းအတာအထိ မျှဝေပေးနိုင်ခဲ့ပါတယ်။
ဓါတ်ပုံများမှာ
၁။ နေပြည်တော်တွင်ကျင်းပသည့် Higher Education Dialogue, June 2013
၂။ ချင်းမိုင်တွင်ပြုလုပ်သည့် Intensive Teacher Training (ITT-3) သင်တန်းဆင်းပွဲ Oct-Dec 2016
၃။ ဟင်္သာတတက္ကသိုလ်တွင်ပြုလုပ်သည့် Critical Thinking in Higher Education (CTHE) Workshop, February 2020
​လေးစားလျှက်
ဒေါက်တာသိန်းလွင်
၂၀၂၀ အောက်တိုဘာလ ၁၀ ရက်။