Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၅ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၅ မြင်ကွင်း

(မိုးမခ) မေ ၁၆၊ ၂၀၂၂


မြန်မာနိုင်ငံက ဒုက္ခများ  

မြန်မာနိုင်ငံထဲက ဒုက္ခတွေကို စာဖွဲ့ရင် ကုန်နိုင်မယ် မထင်ပါဘူး။ စစ်အာဏာမသိမ်းမီကတည်းက ပြည်တွင်းစစ် ဖြစ်ပွားခဲ့တဲ့ဒေသတွေ၊ လူမှုအသိုက်အဝိုင်း ပဋိပက္ခရဲ့ အကျိုးဆက် ဒုက္ခသည်စခန်းတွေမှာ နှစ်နဲ့ချီ နေထိုင်နေခဲ့ကြရသူတွေရဲ့ ဒုက္ခတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုလို့ နိုင်ငံတကာတရားရုံးမှာ စွဲဆိုခံရတဲ့ အဖြစ်အပျက်ရဲ့ အကျိုးဆက် အိမ်နီးချင်းနိုင်ငံ ရောက်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့တင် ဖြေရှင်းဖို့ အဖြေရှာဖို့  ဆယ်စုနှစ်နဲ့ချီကြာနိုင်တဲ့ အနေအထားမှာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကူးစက်ရောဂါကပ်ဘေးက  စီးပွားရေးကို ထပ်မံ ထိခိုက်စေတာ အသွားအလာ ကန့်သတ်မှု ခရီးသွားလုပ်ငန်း ကန့်သတ်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ တဦးချင်း စားဝတ်နေရေးအတွက် ရှာဖွေရပ်တည်နေကြရသူတွေ အခြေပျက်သွားချိန်မှာ စစ်အာဏာသိမ်းမှုက ကျန်တဲ့ ဒုက္ခတွေကို ထပ်ဆင့်ကာ အသက်ဘေး၊ ပိုင်ဆိုင်မှု ဆုံးရှုံးနိုင်တဲ့ ဘေး၊ ကိုယ့်ရပ်ရွာ နေအိမ်မှာ မနေနိုင်ဘဲ တိမ်းရှောင်ကြရတဲ့ ဘေးဒုက္ခတွေ ထပ်ဆင့်တိုးလာပါတော့တယ်။  

အသက်ဆုံးရှုံးမယ့် အန္တရာယ်ထက် ဘာမှ အရေးမကြီးဘူးလို့ ဆိုတဲ့စကားက ခြွင်းချက်မရှိ မှန်ကန်ပေမယ့်လည်း မြန်မာနိုင်ငံက အခြေအနေက အသက်မဆုံးရှုံးဘဲ ကျန်နေရစ်သူတွေရဲ့ဘဝတွေကလည်း ရှင်သန်ဖို့ ရုန်းကန်ရတဲ့အခြေအနေတွေက အသက်ဆုံးရှုံးရတဲ့အန္တရာယ်နီးပါး ခက်ခဲကြတာမို့ တခါတရံ သေဆုံးသွားခြင်းက လွတ်မြောက်သွားတယ်လို့တောင် နှိုင်းယှဥ်ပြောဆိုကြတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဘာလို့ဆို ကျန်ရစ်ခဲ့သူတွေအဖို့ အသက်ဘေးက လွတ်မြောက်ပေမယ့်လို့ နေစရာ မရှိတဲ့ဘဝမျိုး၊ မနာမကျန်းဖြစ်ရင် ကုသစရာ ဆေးဝါး၊ ဆေးရုံ ဆေးခန်း မရှိတဲ့ဘဝမျိုး၊ စားစရာ ရိက္ခာတွေ ပျက်စီးဆုံးရှုံးပြီး စိုက်ပျိုးဖို့လည်း ရပ်ရွာက မငြိမ်းချမ်း ကိုယ့်မြေကိုယ့်ယာမှာ နေဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ အကူအညီကို မှီခိုမျှော်လင့်နေရတဲ့ ဘဝမျိုးက လူသားဂုဏ်သိက္ခာရော ဂုဏ်သိက္ခာပါ ဆုံးရှုံးရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။  

ဒုက္ခသည်ပြဿနာတွေ၊ နိုင်ငံရေးပြဿနာတွေလို့ပြောရင် စစ်အာဏာ မသိမ်းမီကာလနဲ့ စစ်အာဏာသိမ်းပြီးနောက် ကာလလို့ ခွဲပြောရလောက်အောင် မြန်မာနိုင်ငံမှာ များပြားလွန်းလှပါတယ်။  

စစ်အာဏာ မသိမ်းမီကာလက ပြဿနာတွေမှာ ဆယ်စုနှစ်ချီတဲ့ ပြည်တွင်းစစ်ရဲ့ အကျိုးဆက် ကချင်ပြည်နယ်က ဒုက္ခသည်ပြဿနာက ဆယ်စုနှစ် တခုပြည့်ပြီလို့ ဆိုရပါမယ်။ ကချင်ပြည်နယ်ထက် ပိုပြီးသက်တမ်းရှည်ကြာတဲ့ ဒုက္ခသည်စခန်းတွေက ကရင်ပြည်နယ် ကယားပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ တည်ရှိကြပြီး အဲဒီဒုက္ခသည်စခန်းတွေက ဆယ်စုနှစ် ၂ ခုကျော် ၃ ခုနီးပါးကြာမြင့်နေပြီဖြစ်တဲ့ စခန်းတွေ ဖြစ်ပါတယ်။  

အဲဒီနောက် ၂၀၁၂ နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူမှုအသိုက်အဝိုင်း ပဋိပက္ခလို့ ခေါ်ဆိုကြတဲ့ ရခိုင်ပြည်နယ်က လူမျိုးရေး ဘာသာရေး ဆိုင်ရာ ပဋိပက္ခကြောင့် နေအိမ်တွေ ဆုံးရှုံး မြို့ရွာတွေကနေ လူမှု အသိုက်အဝိုင်း၂ ခုကို ခွဲခြား နေထိုင်စေတဲ့ ဒုက္ခသည်စခန်းတွေက အခုထက်ထိတိိုင် ပြန်လည် နေရာချထားနိုင်ခြင်းမရှိသေးတဲ့ ပြဿနာ တခုဖြစ်ပါတယ်။  

တဖန် ၂၀၁၆၊ ၂၀၁၇မှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်တဲ့ဆီက စလို့ဖြစ်ပွားတဲ့ ဖြိုခွင်းနှိမ်နှင်းမှုက လူမျိုးတုံးသတ်ဖြတ်မှုဆီ ဦးတည်ခဲ့ပြီး လူဦးရေ ၇ သိန်းကနေ ၁ သန်းကြား အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးခိုလှုံကာ အဲဒီသတ်ဖြတ်မှုက  နိုင်ငံတကာ တရားရုံးမှာ စွဲဆိုခံရတဲ့ အခြေအနေ ဖြစ်ခဲ့ပြန်ပါတယ်။  

အထက်က လူဦးရေ ၇ သိန်းနဲ့ ၁ သန်းကြား ဒုက္ခသည်တွေရဲ့ ပြဿနာက အခုချိန်ထိ မပြေလည်နိုင်သေးပဲ အဲဒီမှာ ခိုလှုံနေရသူတွေအဖို့ သူတို့ရဲ့ မျိုးဆက်တဆက် လုံး ဒုက္ခသည်စခန်းတွေမှာ ကြီးပြင်းကြရမယ့် အနေအထားမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။  

အဲဒီနောက် ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အကြား ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ လူမျိုးစုလွတ်မြောက်ရေး လက်နက်ကိုင် တိုက်ပွဲတွေမှာလည်း ရခိုင်ပြည်နယ်က လူပေါင်း သောင်း၊ သိန်းချီ ဒုက္ခသည်ဖြစ်ကြရ၊ ရာဂဏန်းချီ အသက်ဆုံးရှုံးကြရ၊ ထောင်ဂဏန်းချီ ဒဏ်ရာရကာ ဖမ်းဆီးထောင်ချခံကြရပြန်ပါတယ်။  

 ၂၀၂၀ နောက်ပိုင်းကတော့ ကိုဗစ်ကူးစက်ကပ်ဘေးကြောင့် အခက်အခဲကြုံကြရတဲ့ စီးပွားရေး ဒုက္ခဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေ၊ စားသောက်ဆိုင်လုပ်ငန်းတွေ၊ လုပ်ခစား လက်ခစား စက်ရုံ အလုပ်ရုံ အလုပ်သမားတွေ ထိခိုက်ခဲ့ကြရပြီး ဝင်ငွေကျဆင်းတဲ့ဒဏ် ကူးစက်ကပ်ဘေးကန့်သတ်ချက်တွေကြောင့် ဝင်ငွေရလမ်း ရှားပါးလာပြီး ရပ်ကွက်ထဲက စလို့ အွန်လိုင်းပေါ်အထိ စျေးသည်တွေ ဖြစ်ကုန်ကြရတဲ့ အနေအထားဖြစ်ပါတယ်။  

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခတွေက အရင်ထက် နေရာဒေသ အများကြီးကျယ်ပြန့်လာကာ အသက်ဆုံးရှုံးမှု အရေအတွက် ကိန်းဂဏန်း ဖမ်းဆီးနှိပ်စက်ခံရမှု၊ သတ်ဖြတ်ခံရမှုကိန်းဂဏန်းတွေလည်း မနှိုင်းယှဥ်သာအောင် များပြားလာတာ ဖြစ်ပါတယ်။  

အရင်က ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာမူဆလင်တွေ ရဲ့ ကျေးရွာတွေနဲ့ နောက်ပိုင်း မြောက်ဦး ကျောက်တော်၊ ပလက်ဝ ဒေသတွေမှာ ဖြစ်ပွားသလို နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ အရပ်သားတွေ သတ်ဖြတ်ခံရတာမျိုးက ချင်းပြည်နယ်၊ ကယားပြည်နယ် ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှာ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ကျန်တဲ့ ပြည်နယ် နဲ့ တိုင်းဒေသက လူများစုတွေက ခံစားရသူတွေအပေါ် စာနာမှုနဲ့ ကျူးလွန်သူတွေအပေါ် ကန့်ကွက်ဖို့ အားနည်းခဲ့ကြတာလည်း အခုနေ သင်ခန်းစာ ယူစရာသဖွယ် ဖြစ်လာခဲ့ပါတယ်။  

ပြီးခဲ့တဲ့ ၁ နှစ်ကျော် ကာလအတွင်း စစ်အာဏာရှင် တပ်ကို ယှဥ်ပြိုင်တိုက်ခိုက်ဖို့ ဒေသအလိုက် လက်လုပ်လက်နက်တွေ ဖောက်ခွဲရေး လက်လုပ်မိုင်းတွေ နဲ့ ကာကွယ်ရေး တပ်ဖွဲ့ဆိုတဲ့ ယေဘုယျ အမည်နဲ့ တပ်ဖွဲ့ပေါင်း ရာနဲ့ချီ ပေါ်ထွက်လာသလို မြို့ပြပေါ်မှာလည်း လုပ်ကြံသတ်ဖြတ်ရေး ၊ ချောင်းမြောင်း ပစ်ခတ်ရေး နဲ့ ဖောက်ခွဲရေး ပြောက်ကျား အဖွဲ့ပေါင်းများစွာ ပေါ်ထွက်လာကြတာ ဖြစ်ပါတယ်။  

ဒီလို လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အကျိုးဆက်အနေနဲ့ အထက်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားသလို ရပ်ရွာမီးရှို့မှုတွေ နေအိမ် ရိက္ခာ ဖျက်ဆီးခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေ နေအိမ် ကျေးရွာ စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတာတွေက ဆက်ကာ ဆက်ကာ ဖြစ်ပွားခဲ့ပြီး အခုအခါမှာ ပြည်တွင်းရှိ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ အရေအတွက်က တသန်း ပြည့်လုနီး ဖြစ်လာပါပြီ။  

ပိုင်ဆိုင်မှု၊ နေအိမ် ဆုံးရှုံးမှု တန်ဖိုးတွေကိုလည်း ဘယ်သူမှ ကောက်ခံတွက်ချက်နိုင်ခြင်း မရှိသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတဲ့ ဆုံးရှုံးမှုတွေ၊ ရောဂါဘယဖြစ်ပွားပေမယ့် ကုသစရာ ဆေးရုံ ဆေးခန်းမရှိလို့ ဆေးဝါးမရှိလို့ အသက်ဆုံးရှုံးရသူ အရေအတွက်လည်း ဘယ်လောက်ရှိမယ်ဆိုတာ မသိနိုင်ပါဘူး။ ဒီလို ကိန်းဂဏန်းတွေနဲ့ မဖော်ပြနိုင်ပေမယ့်လည်း မိမိတို့ ပတ်ဝန်းကျင်မှာ မိမိတို့ ဆွေမျိုး မိသားစုတွေထဲမှာ မိတ်ဆွေတွေထဲမှာ အထက်က ဒုက္ခခံစားကြရသူတွေ ဆုံးရှုံးကြရသူတွေ လူတိုင်းမှာ ရှိကြတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။  

မြန်မာနိုင်ငံက ဒုက္ခတွေက မှတ်တမ်းတင်နိုင်ဖို့ မလွယ်ကူတဲ့အနေအထား မှတ်တမ်းတင်မယ့်သူတွေကိုယ်၌ ဒုက္ခတွေရဲ့ သက်ရောက်မှုခံစားကြရသူတွေ ဖြစ်နေမှာ သံသယဖြစ်စရာမရှိပါဘူး။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar