Breaking News

အမေရိကန်ကို နေရာဖယ်ပြီး အာရှရဲ့စစ်သူကြီးအသစ်ဖြစ်လာနေတဲ့ တရုတ်

အမေရိကန်ကို နေရာဖယ်ပြီး အာရှရဲ့စစ်သူကြီးအသစ်ဖြစ်လာနေတဲ့ တရုတ်
By DAVID LAGUE and BENJAMIN KANG LIM
(မိုးမခ) မေ ၈၊ ၂၁၉

Myanmar Now မှ ပြန်လည်ကူးယူသည်။

တရုတ်ပြည်ကြီးကို ကွန်မြူနစ်ပါတီလက်အောက် အရောက်ပို့ရေး ခရီးရှည်ကြီးကြိုးပမ်းနေစဉ်ကာလ ၁၉၃၈ ခုနှစ်က တော်လှန်ရေးခေါင်းဆောင်ကြီး မော်စီတုန်းက“စစ်တပ်ရှိသူဟာ အာဏာရှိတာပဲ” ဟု ရေးခဲ့ဖူးသည်။

ဥက္ကဋ္ဌကြီးမော်၏ ဆက်ခံသူ နောက်ဆုံးမျိုးဆက် ရှီကျင့်ဖျင်ကမူ အထက်ပါအဆိုအမိန့်ကို နှလုံးသားထဲ သံမှိုနှက် ထားသူဖြစ်သည်။

ရှီသည် ပြောက်ကျားအင်္ကျီဝတ်ဆင်ထားသည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးဦးစီးချုပ် တင်မြှောက်ထားပြီး အင်အား နှစ်သန်းရှိသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ကြီးကို ထိန်းချုပ်ထားသည်။ ၁၉၄၉ ခုနှစ် မော်က ထိုတပ်မကြီးကို ဦးဆောင်ကာ ပြည်တွင်းစစ်မှာ အနိုင်တိုက်ပြီး ပြည်သူ့သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့သည့်နောက်ပိုင်း အကြီးဆုံးသော ပြုပြင်ပြောင်းလဲမှုကြီးဖြစ်သည်။

ရှီကျင့်ဖျင်သည် PLA ကို ပြုပြင်ပြောင်းလဲရာတွင် ယခင်တောက်လျှောက် ကြည်းတပ်ကိုသာ အားပြုခဲ့သည့် တပ်အဖြစ်မှ ရေတပ်အင်အားကို အဓိကထားသည့် တပ်အဖြစ်သို့ မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲလျက်ရှိ သည်။ ထို့ပြင် မော်စီတုန်းလက်ထက်ကတည်းက တည်ဆောက်ခဲ့သည့် စစ်ဗျူရိုကရေစီ ယန္တရားကြီးကို ဖျက်သိမ်း ပစ်လိုက်သည်။ အသစ်ဖန်တီးလိုက်သည့် အမိန့်ပေးအဆင့်ဆင့်တွင် ရှီ က နိုင်ငံ၏ အမြင့်ဆုံးအဆင့် တပ်ဘက် အဖွဲ့အစည်းဖြစ်သည့် ဗဟိုစစ်ဘက်ရေးရာကော်မရှင်၏ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ရေတပ်၊ ဒုံးခွင်းစနစ်၊ လေတပ်၊ ကြည်းတပ်နှင့် ဆိုက်ဘာတပ်ဖွဲ့များ၏ လုပ်ငန်းပိုင်းဦးဆောင်မှုကို အုပ်ချုပ်ရေးပိုင်းနှင့် လေ့ကျင့်ရေးတို့မှ ခွဲထုတ်လိုက်သည်။ တရုတ်နှင့် အနောက်နိုင်ငံတို့မှ ကာကွယ်ရေးလေ့လာသုံးသပ်သူတို့ကမူ ၎င်းပုံစံသည် အမေရိကန်နိုင်ငံ၏ စစ်ဘက်အဖွဲ့အစည်းကို အတုယူထားသည့် တည်ဆောက်ပုံဖြစ်သည်ဟု ဆိုကြသည်။

တရုတ်နိုင်ငံ၏ ခေါင်းဆောင်ကြီး ရှီသည် PLA ကိုသာလျှင် တော်လှန်ပြောင်းလဲနေခြင်း မဟုတ်ပါ။ သူသည် တရုတ်နိုင်ငံကိုရော ကမ္ဘာ့လက်ရှိဟန်ချက်ကိုရော အသွင်သစ်ပြောင်းလဲပစ်မည့် ခြေလှမ်းများကို ဆက်တိုက် လှမ်းနေခြင်း ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး ဗိသုကာကြီးဖြစ်သည့် တိန်ရှောက်ပင်က တရုတ်ပြည်သည် ကိုယ့်အင်အားကို ကြောင်လက်သည်းဖွက် ဖွက်ထားပြီး အချိန်အခါကို စောင့်သင့်သည်ဟု ပြောခဲ့ဖူးသော်လည်း ယခုမူ ရှီကျင့်ဖျင်သည် ၎င်းမှ လမ်းခွဲထွက်လိုက်ပြီဖြစ်သည်။ နဂါးမှန်းသိအောင် အမောင်ထောင်ပြရမည့် အချိန်ရောက်ပြီ။ ရှီ၏မိန့်ခွန်းတိုင်းတွင် “တရုတ်အိပ်မက်” ဆိုသော စကားက အဖန်ဖန်ပါနေသည်။ ရှေးခေတ်ဟောင်းကတည်းက အစဉ်အလာကြီးမားခဲ့သည့် အမျိုးသား နိုင်ငံတော်ကြီးတစ်ရပ်သည် အနောက်နိုင်ငံများ၏ ကျူးကျော်ရန်စခံရခြင်းဆိုသော အတိတ်မှ ရုန်းထွက်ကာ အာရှ၏မျက်နှာဖုံး၊ အာရှ၏ရှေ့ဆောင်ဆိုသော လူမှန်နေရာမှန်ကို ပြန်လည်ရယူတော့မည်။ ရှီက ဤသို့ အကြိမ်ကြိမ် ကြွေးကြော်လျက်ရှိသည်။

ထိုအိပ်မက်တို့ အကောင်အထည်ပေါ်စေရန် ရှီက မည်သို့ကြိုးစားနေပါသနည်း။ အသိသာဆုံးကတော့ “ကျော့ကွင်းနှင့်လမ်း” ဟု အမည်ပေးထားသည့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ လမ်းကြောင်း ကွန်ရက်တည်ဆောက်ရေး စီမံကိန်းဖြစ်သည်။ ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီး မြှုပ်နှံ ရမည့် အဆိုပါ ကွန်ရက်ကြီး၏ အလယ်ဗဟို၌ တရုတ်က ရှိနေမည်ဖြစ်ပြီး “တရုတ်ပြည်မှာလုပ်သည်” ဆိုသော အဆင့်အတန်းမျိုး ၂၀၂၅ ခုနှစ်မှာဖြစ်လာစေရေး မျှော်မှန်းချက်ဖြင့် တိုင်းပြည်ကို နည်းပညာမြင့် ကုန်ထုတ်လုပ်သော အင်အားကြီးနိုင်ငံကြီးဖြစ်လာ စေဖို့ ရှီက စိတ်ကူးထားသည်။

သို့သော်လည်း ကုန်သွယ်၊ စီးပွား၊ နည်းပညာ စသည့် အနုစားနည်းလမ်းများဖြင့် ကမ္ဘာကို စိုးမိုးရေးထက် ပိုပြီး ဖြုံလောက်စရာ စုတ်ချက်တစ်ချက်မှာ တရုတ်နိုင်ငံကို စစ်အင်အားကြီးမားသည့် နိုင်ငံကြီးဖြစ်ရေး ကြိုးပမ်းချက်ပင် ဖြစ်သည်။ ရှီသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကြီးကို ကမ္ဘာ့အကြီးဆုံး စစ်တပ်ကြီးဖြစ်အောင် တည်ဆောက်လိုစိတ်ရှိနေသည်။ တိုင်းပြည်သစ်ပြန်လည်မွေးဖွားရေး ရှီသည် စိတ်ကူးအိပ်မက် မက်လျက်ရှိသည်။ တိုင်းသစ်ပြည်သစ်တွင် သစ္စာရှိပြီး သန့်ရှင်းသော တပ်မတော်တစ်ရပ်ရှိနေရမည်။ ထိုတပ်မတော်သည် ရှီ၏ အဆိုအရ တိုက်လည်းတိုက်၊ နိုင်အောင်လည်း တိုက်ရန် အဆင်သင့်ဖြစ်နေသော တပ်ဖြစ်ရမည်။ ရှီက ထိုသို့ အားခဲနေသည်။

ပြည်ပသို့တိုင် အာဏာစက်ဖြန့်ကျက်နိုင်ဖို့ ရှီက ကြိုးပမ်းနေသလို တစ်ဖက်ကလည်း ပြည်တွင်း၌ နိုင်ငံရေး အကွက်ရွှေ့မှုများဖြင့် ကစားပြန်သည်။ ရှီသည် ဗိုလ်ချုပ်ကြီး ၁၀၀ ကျော်ကို ဖြုတ်ပစ်ခဲ့သည်။ နိုင်ငံပိုင် မီဒီယာ၏ အဆိုအရ ထိုဗိုလ်ချုပ်ကြီးများသည် အကျင့်ပျက်မှုဖြင့်ဖြစ်စေ၊ သစ္စာမစောင့်သိမှုဖြင့်ဖြစ်စေ အစွပ်စွဲ ခံထားရသူများ ဖြစ်သည်။

နိုင်ငံပိုင် ရုပ်သံမီဒီယာသည် “အင်အားရှိသော တပ်မတော်ကြီး” ဆိုသော သတင်းရုပ်သံဇာတ်လမ်းတွဲတစ်ခု ကို တင်ဆက်ခဲ့သည်။ PLA နှင့်ပတ်သက်သည့် ဘုန်းတော်ဘွဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတွဲကြီးသည် တကယ်တော့ ရှီကျင့်ဖျင်၏ ဩဇာအာဏာကို အမောက်ထောင်ပြခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဇာတ်လမ်း အပိုင်းများ အနက် ပြကွက်တစ်ကွက်တွင် တရားရုံး၌ အမှုရင်ဆိုင်နေရသည့် အဘိုးအိုတစ်ယောက်ကို ပြသည်။ သူသည် စစ်ခုံရုံးတစ်ခုရှိ “တရားခံ” ဟု ရေးထားသည့် ခုံတွင်ထိုင်နေသည်။ အပြာရင့်ရောင်ရှိ ရိုးရိုးအရပ်သားဝတ် ဂျာကင်တစ်ထည်ဝတ်ထားပြီး အားနည်းဖျော့တော့နေဟန် ရှိသည်။ သူကတော့ ရှီ၏ ရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ဖမ်းဆီးရုံးတင်ခံရသူများတွင်ပါဝင်သည့် ဗိုလ်ချုပ်ကြီးဟောင်း၊ အဆင့်အမြင့်ဆုံး အရာရှိ ကောဘိုးရှုံ (Guo Boxiong) ဖြစ်သည်။ သူသည် လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသည့် စာရွက် တစ်ထပ်ကိုကြည့်၍ လာဘ်စားမှုစွပ်စွဲချက်များအပေါ် ကိုယ်တိုင်ဝန်ခံချက်ကို ဖတ်ပြ နေသည်။

အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် တရားခွင်၌တွေ့ရသည့် ကောဘိုးရှုံသည် ရှီကျင့်ဖျင်၏ ရှင်းလင်းခြင်းကို ခံရသူများအနက် ရာထူးအမြင့်ဆုံးသော စစ်ဘက်ခေါင်းဆောင်ဖြစ်သည်။ (ရင်းမြစ် - CCTV)

“ဗဟိုစစ်ဘက်ကော်မရှင်သည် ကျွန်တော်၏အမှုကို လုံးဝပြည့်ပြည့်စုံစုံ စစ်ဆေးကိုင်တွယ်ခဲ့ပါသည်။ ကျွန်တော့အပြစ်ကို ကျွန်တော်ဝန်ခံပြီး ထို့အတွက်လည်း တာဝန်ယူပါသည်” ဟု ၎င်းကိုယ်တိုင် တစ်ချိန်က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းခဲ့ဖူးသည့် အဖွဲ့အစည်းကို တိုင်တည်ကာ ကော က ထုတ်ဖော်ဝန်ခံသည်။ ထို့အတွက် ကောဘိုးရှုံသည် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသည်။

ရှီကျင့်ဖျင်၏ ကြီးကြပ်မှုအောက်တွင် တရုတ်၏ စစ်အင်အား လျင်လျင်မြန်မြန်နှင့် မယုံနိုင်ဖွယ်ရာ တီထွင် တိုးတက်လာမှုကြောင့် အမေရိကန်တို့ အာရှမှာ အငြင်းပွားဖွယ်မရှိ လွှမ်းမိုးခဲ့သည့် ကာလ အဆုံးသတ် သွားပုံကို ‘ရိုက်တာ’ သတင်းဌာနက ဆက်တိုက်ဆိုသလို လေ့လာတင်ပြလျက်ရှိသည်။ တရုတ်သည် နှစ် ၂၀ ကျော်ကလေးအတွင်းမှာပင် အမေရိကန်တို့နှင့်တန်းတူ သို့မဟုတ် ထို့ထက်ပင် သာသည့် သာမန်ရိုးရိုး ဒုံးခွင်းကျည်များကို ထုတ်လုပ်ပြခဲ့သည်။ တရုတ်သင်္ဘောကျင်းများက ယခု အရှေ့အာရှတစ်ဝိုက် ကြီးစိုးနေသည့် ကမ္ဘာ့အကြီးဆုံး ရေတပ်ပိုင် သင်္ဘောများကို ထုတ်လုပ်ခဲ့သည်။ ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘောများမှ အဏုမြူထိပ်ဖူးတပ် ဒုံးကျည်များကို ပေကျင်းသည် ယခုအခါ ပစ်လွှတ်နိုင်ပြီ ဖြစ်သည်။ ဓားကိုဓားချင်း၊ လှံကိုလှံချင်းတင်မက ယခု ပေကျင်းသည် အဏုမြူကို အဏုမြူချင်း လက်တုံ့ပြန်နိုင် လောက်အောင် စွမ်းပကားကြီးနေပြီဖြစ်သည်။ ထို့ပြင် PLA သည် တောင်တရုတ်ပင်လယ် ရေပြင်ကျယ် တစ်ဝိုက်ရှိ ရေတပ်စခန်းများကို အခိုင်အမာ တည်ဆောက်လျက်ရှိသလို တစ်ဖက်ကလည်း လိုအပ်လျှင် အင်အားသုံးချင်သုံးရပါစေ ထိုင်ဝမ်ကိုပြန်သိမ်းယူနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ငါးရာက တရုတ်ကမ်းခြေဒေသသို့ ပေါ်တူဂီကုန်သည်များ စတင်ခြေချစဉ်မှစပြီး ပထမဆုံး အကြိမ်အဖြစ် တရုတ်သည် ၎င်း၏ ကမ်းလွန်ပင်လယ်ပြင်များကို လွှမ်းမိုးထားနိုင်သည့် စစ်အင်အားကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ အဆိုပါ ပင်လယ်ပြင်များ၌ တရုတ်နှင့်အမေရိကတို့ ပဋိပက္ခဖြစ်ပွားခဲ့လျှင် အထူးသဖြင့် ထိုင်ဝမ်ကိစ္စကြောင့် တိုက်ရခိုက်ရ သည့်အဖြစ်မျိုး ဖြစ်ခဲ့လျှင်သွေးချောင်းစီးကာ အပျက်အစီးလည်းများမည်ဟု လက်ရှိတာဝန်ထမ်းဆောင်ဆဲ၊ ထမ်းဆောင်ခဲ့ပြီး အဆင့်မြင့် အမေရိကန် အရာရှိများက သုံးသပ်သည်။ စစ်အေးခေတ်ပြီးကတည်းက ပခုံးချင်းယှဉ်နိုင်မည့်သူ မရှိခဲ့သည့် အမေရိကန် တို့အတွက်မူ အကယ်၍ တရုတ်နှင့်စစ်ဖြစ်ခဲ့လျှင် သူတို့မလွဲမသေနိုင်ပါလိမ့်မည်ဟု အာမခံချက်တော့ မရှိချေ။

“အမေရိကန်တွေ ရှုံးချင်ရှုံးသွားနိုင်ပါတယ်။ ကျွန်တော်တို့တစ်တွေဟာ သမိုင်းမှာ အင်မတန်ထူးခြား အရေးပါတဲ့ အချိုးအကွေ့ကာလတစ်ခုကို ရောက်နေတာ အမှန်ပါပဲ” ဟု ထရမ့်အစိုးရအဖွဲ့၏ ကာကွယ်ရေး မဟာဗျူဟာ လေ့လာသုံးသပ်ရေးအဖွဲ့ ပူးတွဲဥက္ကဋ္ဌ ဂယ်ရီ ရိုးဟက်ဒ်က ပြောသည်။ ၎င်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း သုံးသပ်ချက်ကို ထုတ်ဝေခဲ့သည်။

ရိုးဟတ်သည် သီအိုရီသမားသက်သက် မဟုတ်ပါ။ သူသည် အမေရိကန်ရေတပ်တွင် ရေကြောင်း စစ်ဆင်ရေး ဦးစီးချုပ်အဖြစ် ရေတပ်၏အမြင့်ဆုံးရာထူးကို ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းခဲ့သည့် အငြိမ်းစားရေတပ်မှူးချုပ် ဖြစ် သည်။ သူ၏ သတိပေးချက်သည် အမေရိကန်ကာကွယ်ရေးလောကသားများအကြား လက်ခံ တွင်ကျယ် လာနေသည့် အမြင်အပေါ် အခြေခံခြင်းလည်း ဖြစ်သည်။ သူနှင့် သူ့လုပ်ဖော်ကိုင်များသည် အစီရင်ခံစာမှ တစ်ဆင့် အင်မတန်အရေးကြီးသည့် သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ ယင်းမှာ အမေရိကန် ပြည်ထောင်စု သည် တရုတ်နှင့် ရုရှား စစ်အင်အား ကြီးထွားလာမှုအပေါ် အဓိကအကြောင်းခံလျက် “တစ်တိုင်းပြည်လုံး လုံခြုံရေး အကျပ်တွေ့” နေပြီဟု ၎င်းတို့က သတိပေးသည်။ “အမေရိကန်သည် ယခင်အတိုင်း စစ်အင်အား သာလွန်သူ ဖြစ်နေဆဲပါဟု ယတိပြတ် ပြော၍မရတော့သလို ယင်းက အမေရိကန်၏ အကျိုးစီးပွားနှင့် အမေရိကန်၏ လုံခြုံရေးတို့အတွက် ကြီးမားသည့် အန္တရာယ်ရှိနိုင်ကြောင်း” ၎င်းတို့ လေ့လာရေးအဖွဲ့က ကောက်ချက်ဆွဲထားသည်။


ဗြိတိသျှအုပ်စိုးမှုလက်အောက်မှ တရုတ်လက်အောက် ပြန်ရောက်သည့် နှစ် ၂၀ ပြည့်အထိမ်းအမှတ် ကျင်းပသည့် ၂၀၁၇ ခုနှစ် အခမ်းအနားတွင် PLA Hong Kong Garrison သို့ ရောက်ရှိလာမည့် သမ္မတရှီကို ကြိုဆိုရန် တရုတ်တပ်မတော်သားများ ပြင်ဆင်နေကြစဉ် (ဓာတ်ပုံ - ရိုက်တာ)

အာရှတစ်လွှား အမေရိကန်တို့ ကြီးစိုးထားသည့် ခေတ်တစ်ခေတ်ကို အဆုံးသတ်ချင်စိတ် ရှီကျင့်ဖျင်မှာ ရှိနေသည်မှာ ထင်ရှားပါသည်။ “နိဂုံးကောက်ချက်ချရာမှာတော့ အာရှတိုက်ရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်ရမှာ၊ အာရှတိုက်ရဲ့ ပြဿနာတွေကို ဖြေရှင်းရမှာ၊ အာရှတိုက်ရဲ့ လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရမှာ တွေဟာ အာရှတိုက်သားတွေပဲ ဖြစ်ရပါလိမ့်မယ်” ဟု ၂၀၁၄ ခုနှစ်က ဒေသတွင်း လုံခြုံရေး ကိစ္စ ဆွေးနွေးရန် တက်ရောက်လာသည့် ပြည်ပခေါင်းဆောင်များကို ရှီက ပြောကြားခဲ့ဖူးသည်။

တရုတ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ အမေရိကန်နိုင်ငံ အင်ဒို-ပစိဖိတ် စစ်နယ်မြေဌာနနှင့် ပင်တဂွန်တို့သည် ယခု ဆောင်းပါးအတွက် မေးခွန်းများကို ဖြေဆိုခြင်းမပြုခဲ့သလို တွေ့ရှိချက် အသေးစိတ် တင်ပြချက်များအပေါ်ကိုလည်း မည်သို့မျှ တုံ့ပြန်ပြောကြားခြင်း မရှိခဲ့ပါ။

ရှီကျင့်ဖျင်နှင့် PLA (၎င်းတွင် တရုတ်ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုပါဝင်) အကြောင်း ယခု တင်ပြချက်များ သည် တရုတ်၊ အမေရိကန်၊ ထိုင်ဝမ်နှင့် ဩစတြေးလျတို့မှ လက်ရှိတာဝန်ထမ်းဆဲ၊ တာဝန်မှ အနားယူပြီးသူ အရာရှိကြီး စုစုပေါင်း ၁၇ ဦးနှင့် ပြုလုပ်သည့် အင်တာဗျူးများအပေါ် အခြေခံထားပါသည်။ တွေ့ဆုံ မေးမြန်းခဲ့သူ အတော်များများကတော့ သူတို့အမည်ကိုမဖော်ပြဖို့ တောင်းဆိုပါသည်။ ရှီကျင့်ဖျင်ကိုရော၊ သူ့ မိသားစုကိုရော ဆယ်စုနှစ်ပေါင်းများစွာအောင် သိကျွမ်းခဲ့ကြပြီး၊ ပါတီအောက်ခြေအဆင့်ဆင့်၊ အစိုးရ ယန္တရား အဆင့်ဆင့်ကို ရှီ မည်သို့ကျော်ဖြတ်လာခဲ့သည်ကိုလည်း သိရှိထားကြသည့် အဆင့်မြင့်ခေါင်းဆောင်ပိုင်းနှင့် အချိတ်အဆက်ရှိသူများ၊ တရုတ်အရာရှိများ၏ ပြောပြချက်များအပေါ် အခြေခံထားသည်။ ထို့ပြင် ရှီ၏ နိုင်ငံရေးအတွေးအခေါ်ကို ဖော်ပြထားသည့် တရုတ်အစိုးရထုတ် စာအုပ်စာစောင်များ၊ ရှီ၏မိန့်ခွန်းများ အပြင် သူ၏စစ်ရေးဦးဆောင်မှုကို ပြသသည့် တရားဝင် မှတ်တမ်းရုပ်ရှင်များအပေါ်လည်း မှီငြမ်းပြုထားသည်။
 
● အညတရမှ အထင်ကရအဖြစ်သို့
ဝါရှင်တန်မှာတော့ ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံကြီးသည် ဆင်ကြံကြံလျက်ရှိသည်။ ပေကျင်းရှိ အစိုးရ သည် ကမ္ဘာ့အရေးအရာများကို ကိုင်တွယ်ရာတွင် အမေရိကန်တို့အတွက် ပူးပေါင်းဖြေရှင်းမည့် နိုင်ငံဖြစ်လာ မည်ဟု မျှော်လင့်ချက်ဖြင့် တရုတ်နှင့်ထိတွေ့ဆက်ဆံဖို့ ကြိုးစားခဲ့သည့် ဆယ်စုနှစ်များရှိခဲ့သော်လည်း အမေရိကန်တို့အနေဖြင့် ယခုအခါမှာတော့ အာရှတစ်လွှား သူ့ကိုဖယ်ပြီး ဗိုလ်နေရာယူဖို့ မျက်စပစ်နေသည့် မဟာဗျူဟာမြောက် ပြိုင်ဖက်အဖြစ် တရုတ်ကို ဆက်ဆံနေရပြီဖြစ်သည်။

သူ့ကိုစိန်ခေါ်နိုင်သူ ပေါ်လာသည့်အခါတွင် အမေရိကန်တို့လည်း မနေသာတော့ဘဲ ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်ရပြီဖြစ်သည်။ ထို့ပြင် ရေတပ်ကိုပြန်လည် တည်ဆောက်သလို လက်နက်အသစ် များ အထူးသဖြင့် ပိုဝေးဝေးပစ်နိုင်သည့် တာဝေးပစ်ဒုံးကျည်များကို အရေးပေါ် တီထွင်ထုတ်လုပ်လာရပြီ ဖြစ်သည်။ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဩစတြေးလျ၊ စင်ကာပူနှင့် အိန္ဒိယ စသည့် ဒေသတွင်း အင်အားကြီး နိုင်ငံများနှင့်လည်း စစ်ရေးပူးပေါင်းမှုများ တိုးချဲ့လာရသည်။ ထို့ပြင် တရုတ်၏ ဆိုက်ဘာ တိုက်ခိုက်မှုများ၊ သမားရိုးကျ စုံစမ်းထောက်လှမ်းမှုများနှင့် ဉာဏပစ္စည်းမူပိုင်ခွင့် ချိုးဖောက်မှုများကို တန်ပြန်နိုင်ရေးအတွက် သံခန်းတမန်ခင်းအရရော ထောက်လှမ်းရေးအရပါ ခြေလှမ်းများ လှမ်းနေရသည်။ ၎င်း ခြေလှမ်းများတွင် တရုတ် တယ်လီကွန်းကုမ္ပဏီများဖြစ်သည့် ဟွာဝေးနှင့် ZTE Corp တို့ ကမ္ဘာတစ်ဝန်း ထိုးဖောက်မှုကို ထိန်းချုပ်ဖို့အားထုတ်ချက်များလည်း ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်လက်ထက်တွင် အမေရိကန်အပေါ် တရုတ်၏ကုန်သွယ်ရေး အသာစီးရမှု အကြီးကြီး ရယူထားသည်ကို လျှော့ချရန်အတွက် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်အကြီးအကျယ် ကောက်ကာ ကုန်သွယ်ရေး စစ်ဆင်နွှဲလိုက်သည့်အခါမှာတော့ သိမ်းငှက်ကြီးနှင့် နဂါးကြီးတို့ ထိပ်တိုက် တွေ့ကြပြီဖြစ်သည်။ ကုန်သွယ်ရေးစစ် မည်သို့ပဲ ပြေလည်သွားချင်သွားပါစေ နောက်ထပ် အလားအလာ အကြီးကြီးတစ်ခုက ရှိနေပါသည်။ ယင်းကတော့ နှစ်နိုင်ငံ တင်းမာမှုပိုကြီးလာသည်နှင့်အမျှ တရုတ် ကမ်းလွန်ပင်လယ်ရှိ အငြင်းပွားနေကြသည့် နယ်မြေများနှင့်ပတ်သက်ပြီး ပေကျင်းကတစ်ဖက်၊ ဝါရှင်တန်နှင့် သူ့မိတ်ဆွေ ဒေသတွင်းနိုင်ငံများကတစ်ဖက် စစ်ပွဲဖြစ်မည့် အန္တရာယ်ပဲဖြစ်သည်။


အနောက်ဘက် ရှင်းကျန်ဒေသတွင် လေ့ကျင့်နေသည့် PLA ရေတပ်အဖွဲ့ဝင်များကို ၂၀၁၆ ဇန်နဝါရီလ အတွင်း တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)

တကယ်တော့ တရုတ်တပ်မတော်ကြီး ကြီးထွားလာရေးမှာ ရှီ ၏တစ်ခုတည်းသော လုပ်ဆောင်ချက် မဟုတ် သေးပါ။ သူ အာဏာမရခင် အတော်ကြာကတည်းကပင် အင်အားကြီးမားသည့် တရုတ်တပ်မတော်ကို အသွင်သစ်အဖြစ် ပုံလောင်းယူခဲ့ပြီး ဖြစ်သည်။ ၁၉၄၉ ခုနှစ်က လက်ယာသမားများအပေါ် မော်စီတုန်းနှင့်တကွ သူ၏သွေးသောက်များ (ရှီ၏ဖခင်လည်းပါဝင်) အနိုင်ရခဲ့သည့် လက်ထက်ကဆိုလျှင် တရုတ် လွတ်မြောက်ရေးတပ်ကြီးသည် စွမ်းရည်အရ သာမန်မျှသာ ဖြစ်သေးသည်။ ဆယ်စုနှစ်ပေါင်း များစွာ ကြအောင် ကာကွယ်ရေးအသုံးစရိတ်များ သိသိသာသာ တိုးမြှင့်ခဲ့သည့်အတွက် တရုတ်ပြည်သည် ယခုအခါ နည်းပညာမြင့် လက်နက်များကို ပိုင်ဆိုင်နိုင်ပြီဖြစ်လို သန်းနှင့်ချီသော စစ်သည်များကိုလည်း လျှော့ချနိုင်ခဲ့သည်။ သို့သော်လည်း အကျင့်ပျက်ခြစားမှုကတော့ တင်းကျမ်းဖြစ်နေခဲ့သေးသည်။

တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်တို့မှ လေ့လာဆန်းစစ်သူများ၊ အငြိမ်းစား အရာရှိများ အဆိုအရ ရှီကျင့်ဖျင်မတိုင်မီ သမ္မတများဖြစ်ကြသည့် ကျန်ဇီမင်းနှင့် ဟူကျင့်ထောင်တို့သည် တရုတ်တပ်မတော် ထိပ်ပိုင်း အရာရှိများအကြား ထောက်ခံမှုမပါဘဲ တိုင်းပြည်ခေါင်းဆောင်ဖြစ်လာခဲ့ကြသည့် အရပ်သားသမ္မတများ ဖြစ်ကြသည်။ သူတို့နှစ်ဦးလက်ထက်တွင် ကူညီဖေးမစောင့်ရှောက်မှု၊ လစာတိုးမြှင့်ပေးခြင်း၊ ဘတ်ဂျက် တိုးမြှင့်ခြင်းတို့ မှတစ်ဆင့် သစ္စာခံမှုရအောင် ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် ဟူကျင့်ထောင်၏ အားပျော့သည့် ခေါင်းဆောင်မှုအောက်တွင် အဆင့်မြင့်အရာရှိကြီးများသည် ရာထူးအားကိုးဖြင့် နိုင်ငံပိုင်ငွေများ၊ အထူးသဖြင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် စစ်လက်နက် ဘတ်ဂျက်များကို အိတ်ထဲထည့်ခဲ့ကြသည်။ ရာထူးတိုးရေးအတွက် လာဘ်ပေးလာဘ်ယူမှုလည်း မြင့်မားခဲ့သည်။

ရှီကျင့်ဖျင် လွှဲပြောင်းရယူခဲ့သည့် တရုတ်စစ်တပ်သည် ဟူကျင့်ထောင် လက်ထက်တွင် ဘာဥပဒေ အထိန်း အကွပ်မျှ မရှိခဲ့သည့် တပ်မတော်ဖြစ်သည်ဟု စင်ကာပူအမျိုးသားတက္ကသိုလ် တရုတ်စစ်ဖက်ဆိုင်ရာ သုတေသီ လီနန်က ပြောသည်။ “ဖြစ်ချင်တိုင်းကို ဖြစ်နေခဲ့တာလို့ ပြောလို့ရတယ်။ အခုတော့ တပ်အာဏာအားလုံးဟာ ရှီကျင့်ဖျင်ရဲ့ လက်ထဲရောက်သွားပြီ” ဟု လီက ပြောသည်။

ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်ပိုင်းအလွှာမှ ပေါက်ဖွားလာသူတစ်ဦးဖြစ်ပြီး သူ့ကို ‘ကိုယ်တော်လေး’ ဟုလည်း ခေါ်ကြသည်။ သို့သော်လည်း သူ့မိသားစုသည် မော်၏ ယဉ်ကျေးမှု တော်လှန်ရေးကာလတွင် တစ်ကွဲတစ်ပြားဖြစ်ကာ နှိပ်ကွပ်ခံခဲ့ရသည်။ ရှီကျင့်ဖျင်၏ သွားလေသူ ဖခင်ကြီး ရှီကျုံးရွှင်းသည် တရုတ်ပြည်ခေတ်ဦး တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သလို ကွန်မြူနစ် အုပ်စိုးမှု အစောပိုင်းကာလတွင်လည်း အစိုးရထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သို့သော် မော်၏ ကသောင်း ကနင်းကာလများတွင် ဖယ်ရှားခံခဲ့ရပြီး ၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဈေးကွက်စနစ်သို့ ပြောင်းလဲသည့်အခါတွင် အခရာကျသည့် ခေါင်းဆောင်တစ်ဦးအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့သူ ဖြစ်သည်။


တရုတ်နိုင်ငံ၏ တစ်စင်းတည်းသော တိုက်လေယာဉ်တင်သင်္ဘော ‘လျောင်နင်း’ ပေါ်မှ ပျံတက်သွားသည့် ဂျက်လေယာဉ်တစ်စင်းကို တောင်တရုတ်ပင်လယ်အတွင်း ၂၀၁၇ ဇန်နဝါရီလက ပြုလုပ်သည့် စစ်ရေး အစမ်းလေ့ကျင့်မှုတစ်ခု၌ တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)

ရှီ၏ လက်ထဲသို့ တိုင်းပြည်အာဏာများ မယုံနိုင်ဖွယ် ရောက်ရှိလာပုံမျိုးကို မည်သူမျှထင်မှတ်မထားကြပါ။ ကွန်မြူနစ်ပါတီနှင့် အုပ်ချုပ်ရေးယန္တရားကြီးအတွင်း ရှီသည် လူမသိထင်မရှား သာမန်ပါတီဝင်တစ်ဦး အဖြစ် တစ်ထစ်ချင်းတက်ကာ အထွဋ်အထိပ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးသမားဘဝ အစောပိုင်း ကာလများအကြောင်း သိသည့် တရုတ်လူမျိုးအများအပြားက ပြောပြသည်။

၁၉၇၉ ခုနှစ် တက္ကသိုလ်မှဆင်းပြီးနောက် ထိုစဉ်က ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ကုံ့ပြောင်း၏ ကိုယ်ရေးအရာရှိအဖြစ် အငယ်တန်း ရာထူးတစ်ခုတွင် စတင်ထမ်းဆောင်သည်။ ရှီ၏ တရားဝင် ထုတ်ပြန်ထားသည့် ကိုယ်ရေးအတ္ထုပ္ပတ္တိကိုကြည့်သည့်အခါ အဆိုပါ သုံးနှစ်ကာလကို “တာဝန်ထမ်းဆောင်” သည့်ကာလအဖြစ် မှတ်တမ်းသွင်းထားသည်။ ထိုရာထူးမှာရှိစဉ် ရှီသည် ၁၉၇၉ ခုနှစ် ဗီယက်နမ်နိုင်ငံအား တရုတ်ကကျူးကျော်မှုအကြောင်း ဖိုင်များအပါအဝင် လျှို့ဝှက် စစ်ဘက် စာရွက်စာတမ်းများကို ကြည့်ရှုခွင့်ရခဲ့သည်ဟု ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် ရင်းမြစ်များက ပြောသည်။ ရှီ သည် ရာနှင့်ချီသော တယ်လီဖုန်းနံပါတ်များကို အလွတ်မှတ်ရကြောင်း၊ ယင်းမှာ တယ်လီဖုန်းစာအုပ် ပျောက်ဆုံး သို့မဟုတ် အခိုးခံရပါက အခက်မတွေ့ရန်အတွက် စာအုပ်ကို အားမကိုးစေခဲ့ကြောင်း ၎င်း ရင်းမြစ်များက ပြောသည်။

ထို့နောက်ပိုင်းတွင် ရှီသည် ပြည်နယ်အစိုးရနှင့် ပါတီဆိုင်ရာ ရာထူးများတွင် တစ်ခုပြီးတစ်ခု ထမ်းဆောင် ခဲ့ရသည်။ ထိုစဉ်ကာလများက သူ၏ စွမ်းဆောင်မှုမှာ သိပ်ပြီးထူးထူးခြားခြား ပြောစရာမရှိခဲ့ပါ။ သာဓက အားဖြင့် အရှေ့တောင်ပိုင်းပြည်နယ် တစ်ခုဖြစ်သော ဖူကျန့်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ယူစဉ်က ရှီသည် ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်း တစ်ခုကို စွဲစွဲမြဲမြဲဖြစ်ခဲ့ဖူးသည်။ ယင်းမှာ ကွန်မြူနစ်ပါတီ စာရွက်စာတမ်းများ၊ ထိပ်ပိုင်းခေါင်းဆောင်တို့၏ မိန့်ခွန်းများကို ပြန်လှန်သုံးသပ်ကြည့်ရှုရသည့် နိုင်ငံရေး လေ့လာချက် သင်တန်းများ ဖြစ်သည်ဟု ထိုအချိန်က ရှီနှင့်သိခဲ့သူများက ပြန်လည်ပြောပြကြသည်။


၂၀၁၇ အောက်တိုဘာအတွင်း ပေကျင်း၌ကျင်းပသည့် ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ကွန်ဂရက်၌ သမ္မတ ဟောင်းများဖြစ်ကြသည့် ဟူကျင့်ထောင် (ဘယ်) နှင့် ကျန်းဇီမင်း (ယာ) တို့ အလယ်၌တွေ့ရသည့် ရှီကျင့်ဖျင် (ဓာတ်ပုံ - ရိုက်တာ)

ရှီသည် လူကြိုက်များသူ တစ်ဦးတော့ မဟုတ်ခဲ့ပါ။ ၁၉၉၇ ခုနှစ် ကွန်မြူနစ်ပါတီ၏ ၁၅ ကြိမ် မြောက် ကွန်ဂရက်အတွင် အဖွဲ့ဝင် ၂၀၀ ပါ ဗဟိုကော်မတီအတွက် အလှည့်ကျ အဖွဲ့ဝင်များကို ရွေးကောက်ရာ ရှီသည် နောက်ဆုံးပိတ် ချိတ်ခဲ့သည်။

ရှီ သည် ထူးထူးခြားခြား မျက်စိကျရလောက်သူတစ်ဦး မဟုတ်ခဲ့ခြင်းကြောင့်လည်း အမြင့်သို့ရောက်ခဲ့ဟန် ရှိသည်။ ကျန်ဇီမင်းသည် သူ၏ သမ္မတသက်တမ်းအတွင်း ဆက်ခံဖွယ်ရှိသူအဖြစ် ရှီကို တော်ကောက်ခဲ့သည်။ အကြောင်းမှာ ထိုလူငယ်ကလေးကို ကြည့်ရသည်မှာ ရည်မှန်းချက်ကြီးပုံမရသောကြောင့် ဖြစ်သည်ဟု တရုတ်ထိပ်တန်း ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူများက ဆိုသည်။ ထို့ပြင် ရှီသည် ကျောထောက်နောက်ခံ မရှိသူဖြစ်သဖြင့် လိုသလိုကြိုးကိုင်၍ရမည့် ခေါင်းဆောင်လောင်းလျာတစ်ဦးဖြစ်လိမ့်မည်ဟု ယူဆခံခဲ့ရသည်ဟု အမည်မဖော်လိုသူ ရင်းမြစ်တစ်ဦးက ပြောသည်။

သို့သော်လည်း ရှီ သည် ခေါင်းဆောင်ကြီးဖြစ်လာသည့်အခါတွင်တော့ ပါတီ၊ အစိုးရနှင့် စစ်တပ် အပေါ်ပိုင်းတွင် အမြစ်ကစမြေလှန်ပြောင်းလဲရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသခဲ့သခဲ့သည်။

“ပြည်မကြီးက ကျွန်တော့ အသိမိတ်ဆွေတွေနဲ့ စကားပြောကြည့်တော့ သူတို့အားလုံးက ရှီ့ကို စွန့်စား လုပ်ကိုင်ကြည့်ချင်တဲ့သူဖြစ်တယ်လို့ ပြောကြတယ်။ သူ ဘာအကွက်ဆက်ရွှေ့မလဲဆိုတာ ဘယ်တော့မှ မသိရဘူး” ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဟောင်း အန်ဒရူး ယန်နျန်းဒူက ပြောသည်။

ယခုပုံသည် ၂၀၁၅ ခုနှစ်က အမေရိကန်တို့ လျှို့ဝှက်ရိုက်ယူခဲ့သည့်ဗွီဒီယိုမှ ဖြစ်သည်။ ပုံအရ တရုတ်တို့က တောင်တရုတ်ပင်လယ် အတွင်းရှိ အငြင်းပွားနေကြသော စပရက်တလေ ကျွန်းများရှိ Mischief Reef ပတ်လည် တစ်ဝိုက် သောက်တူးသင်္ဘောများဖြင့် သောင်တူးနေသည်ဟု ယူဆရသည်။

● စစ်တပ်ကိုပုံသွင်းတဲ့ ရှီ
ပွဲစသည်ဆိုသည်နှင့် ရှီသည် အကျင့်ပျက်အရာရှိများကို ရှင်းထုတ်ပြီး သစ္စာခံသည့် အရာရှိများကို နေရာပေးခဲ့ခြင်းကို ကြည့်လျှင် သူ့တွင် PLA နှင့်ပတ်သက်ပြီး ရည်မှန်းချက်ကြီးကြီးရှိကြောင်း ထင်ရှား လှသည်။ ၂၀၁၅ နှစ်လယ်တွင်တစ်ခါ တိုက်ခိုက်ရေးတပ်သားမဟုတ်သောသူ စစ်မှုထမ်းများနှင့် အုပ်ချုပ်ရေး ပိုင်းမှ ဝန်ထမ်းအများစုပါသော စုစုပေါင်း ၃၀၀,၀၀၀ ကို လျှော့ချလိုက်ပြီးလျှင် စစ်တပ်ကြီးတစ်ခုလုံးကို လုံးဝ ပြောင်းလဲပစ်သည်။

ထို့ပြင် ရှီသည် မော်စီတုံးလက်ထက်က ဖွဲ့စည်းခဲ့သော PLA ၏ “အထွေထွေဌာန” လေးခုကို ဖျက်သိမ်းခဲ့သည်။ ထိုဌာနများသည် တန်ခိုးထွားလာခဲ့ပြီး မည်သူမျှထိန်းမနိုင်အနေအထားတွင် ရှိနေသလို အကျင့်လည်း အတော်ပျက်သည့် ဌာနများဖြစ်သည်ဟု စင်ကာပူ အမျိုးသားတက္ကသိုလ်မှ လီ က ပြောသည်။ ရှီ သည် ထိုဌာနလေးခုကို ၁၅ ဌာနဖြင့် အစားထိုးခဲ့ပြီး သူ ဥက္ကဋ္ဌလုပ်သည့် ဗဟိုစစ်ဘက်ရေးရာကော်မရှင်ထံသို့ တိုက်ရိုက် အစီရင်ခံစေခဲ့သည်။

ရှီသည် ဒေသအလိုက် ဖွဲ့စည်းထားသည့် စစ်တိုင်းစစ်ဒေသ ခုနစ်ခုကို ဖျက်သိမ်းပြီး ၎င်းတို့နေရာတွင် ကြည်း ရေ လေ ပူးပေါင်း စစ်တိုင်းငါးတိုင်းဖြင့် အစားထိုးခဲ့သည်။ အသစ်ပေါ်ထွက်လာသည့် စစ်တိုင်းများသည် စစ် ဆင်ရေးအတွက် တာဝန်ရှိပြီး လေ၊ ကြည်း၊ ရေနှင့် တရုတ်တပ်မတော်၏ အခြားသော စွမ်းရည်များ ပူးပေါင်းကာ ခေတ်သစ်တိုက်ပွဲများနှင့် အံ့ကိုက်စစ်ဆင်နိုင်ရေးအပေါ် အလေးထားသည်။


ထိုင်ဝမ် တိုက်လေယာဉ်မှူးများကိုတွေ့ရစဉ်။ တရုတ်၏ စစ်ရေးအင်အားကြီးထွားလာသည်နှင့်အမျှ အမေရိကန်သည် ထိုင်ဝမ် ကဲ့သို့သော ဒေသတွင်း မဟာမိတ်များနှင့် ဗျူဟာမြောက်ပူးပေါင်းမှုများ ပိုမိုပြုလုပ်လာသည်။ (ဓာတ်ပုံ - ရိုက်တာ)

ရှီသည် ၎င်းနှစ်သက်သည့် တပ်မှူးများကိုလည်း ရာထူးတိုးပေးခဲ့သည်။ ထိုတပ်မှူးများမှာ အများအားဖြင့် ဖူကျန့်နှင့် ကျေးကျန်းပြည်နယ်များ၌ ၎င်း၏နိုင်ငံရေးဘဝအစောပိုင်းကာလ အရာရှိအဖြစ် တာဝန်ထမ်းခဲ့စဉ်က သိခဲ့ရသူများဖြစ်သည်ဟု PLA ကို လေ့လာကြသည့် တရုတ်နှင့်အနောက်တိုင်းသား များက ပြောသည်။ ကျန်သည့် တပ်မှူးများကတော့ ၎င်း၏ဇာတိ ရှန်းရှီးပြည်နယ်မှဖြစ်စေ၊ သူ့လိုပင် ပါတီ ထိပ်ပိုင်းအလွှာမှ ဖြစ်စေ လာသူများဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလက ကျင်းပသည့် ၁၉ ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ရှီသည် ဗဟို စစ်ဘက်ရေးရာ ကော်မရှင်၏ အဖွဲ့ဝင် ၁၁ ဦးကို ခုနစ်ဦးသို့ လျှော့ချကာ ၎င်းအပေါ် သစ္စာခံသူများနှင့် အစားထိုးလိုက်ခြင်းဖြင့် စစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်များအပေါ် ၎င်း၏အာဏာကို ထပ်မံဖြန့်ကျက် လိုက်သည်။ အဆိုပါ ကော်မရှင်အဖွဲ့ဝင်သစ်များမှာ ရှန်းရှီးနှင့် ဖူကျန့်ပြည်နယ်များမှ ရှီ သိကျွမ်းခဲ့သူ အများစုဖြစ်သည်။

စစ်ဘက်စစ်ရေးနှင့် ပတ်သက်ပြီး အမှတ်တက်ဖို့ ကြိုးပမ်းသည့် ရှီသည် အစောပိုင်းကာလ တပ်ထဲမှာ တာဝန်ထမ်းခဲ့ဖူးသည့်အချက်ကို ဖော်ထုတ်လေ့ရှိသည်။ တပ်မတော် အခမ်းအနားများ၌ မိန့်ခွန်းပြောကြား သည့်အခါများတွင် ရှီသည် သူ့ကိုယ်သူ စစ်သားဘဝမှလာသော အရာရှိအဖြစ် ပုံဖော်လေ့ရှိကြောင်း နိုင်ငံပိုင် မီဒီယာများ၏ သတင်းများတွင် တွေ့ရသည်။ PLA ပြောက်ကျားစစ်ဝတ်စုံ၊ ဦးထုပ်နှင့် တိုက်ခိုက်ရေးသုံး ဘွတ်ဖိနပ်များ ဝတ်ဆင်လျက် ရှီသည် ၁၉၄၉ ခုနှစ်နောက်ပိုင်း အကြီးဆုံးဖြစ်သည့် စစ်ရေးပြအခမ်းအနား အချို့ကို စစ်ဆေးဖူးသည်။ နောက်ဆုံး သူစစ်ဆေးခဲ့သည့် စစ်ရေးပြပွဲတွင် ထုံးစံပါနေကျ တခြားပါတီ ခေါင်းဆောင်များနှင့် ဝါကြီးသူများပင် မပါဘဲ သူတစ်ယောက်တည်း ဂုဏ်ပြုခံစင်မြင့်ထက်မှနေ၍ တပ်ဖွဲ့ များ၏ အလေးပြုခြင်းကို ခံယူခဲ့သည်။

မနှစ်က ဧပြီလအတွင်း ကျင်းပသည့် ရေကြောင်းလေ့ကျင့်မှုကြီးတွင် ရှီသည် ချန်ရှား ပဲ့ထိန်းဒုံးကျည်ဖျက် သင်္ဘောပေါ်တက်ရောက်ကာ တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်စစ်သင်္ဘော ၄၈ စင်းကို ကြည့်ရှု စစ်ဆေးခဲ့သည်။ နိုင်ငံပိုင်ရုပ်သံတွင် ရေတပ် ဒုဗိုလ်ချုပ်ကြီး ချိန်ကျင်းလုံနှင့် ရေတပ် နိုင်ငံရေးအရာရှိ ဒုဗိုလ်ချုပ်ကြီး ချင်ရှန့်ရှန်တို့ နှစ်ဦး ရှီ့အား သတိဆွဲအစီရင်ခံပြီး အလေးပြုပုံကို ပြသသွားသည်။ ထို့နောက် ရှီက လေ့ကျင့်ခန်း ဆက်လုပ်ရန် အမိန့်ပေးသည်။

အဆိုပါ ရေတပ်ထိပ်ပိုင်းခေါင်းဆောင် နှစ်ဦးစလုံးမှာ ရှီ၏ လက်ရင်းတပည့်များဖြစ်ကြသည်။ တရုတ်လူမျိုး လေ့လာသုံးသပ်သူများနှင့် အနောက်တိုင်းသား လေ့လာသူများအဆိုအရ ချိန် သည် ရှီကျင့်ဖျင် သမ္မတ ဖြစ်လာပြီးနောက်တွင် ၎င်းထက် ရာထူးပိုကြီးသည့် အရာရှိများကို ကျော်တက်ကာ အဆင့်ကျော် ရာထူး တိုးပေးခံခဲ့ရသည်။ ချင် ကတော့ လက်ရှိ ရေတပ်ရာထူးသို့ ၂၀၁၇ ခုနှစ်အတွင်း ရာထူးတိုးမြှင့်ပေး မခံရမီက ဗဟိုစစ်ဘက်ရေးရာကော်မရှင်တွင် ထိပ်တန်းရာထူးတစ်ခု၌ ယခုသမ္မတကြီး ရှီနှင့်အတူ နီးနီးကပ်ကပ် လက်တွဲလုပ်ခဲ့ဖူးကြောင်း တရုတ်နိုင်ငံ၏ တရားဝင် စစ်တပ်ပိုင်မီဒီယာက ဖော်ပြသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ရှီသည် PLA ၏ နှစ် ၉၀ ပြည့်အဖြစ် အတွင်းမွန်ဂိုလီးယားပြည်နယ် ကျူးရီ လေ့ကျင့်ရေးကွင်း၌ ကျင်းပသည့် စစ်ရေးပြပွဲကြီးတွင် စစ်ဝတ်စစ်စားဖြင့် ပြန်ပေါ်ထွက်လာခဲ့သည်။ ထိုစဉ်က စစ်ရေးပြအဖွဲ့၏ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဟန်ဝေကော၏ အလေးပြုခြင်းကို ခံယူသည်။ ၎င်းသည် ဖူကျန့် ပြည်နယ်၌ ရှီ ပါတီနှင့် အစိုးရအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းစဉ်က အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးသည်။ ဟန် သည် ရှီ၏လက်အောက်တွင် အဆင့်ဆင့်ရာထူးတိုးပေးခံရသည်။ အဆိုပါ စစ်ရေးပြပွဲအပြီးတွင် တရုတ် ကြည်းတပ် ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရသည်။

“ရှီကျင့်ဖျင်က စစ်ရေးပြပွဲတွေကို သိပ်ကြိုက်တယ်။ အမြင်မှာကြည့်ကောင်းတဲ့ အင်အားပြပွဲတွေကို သဘောတွေ့တယ်” ဟု တရုတ်စစ်ရေးနှင့် နိုင်ငံရေးထိပ်ပိုင်းအလွှာအတွင်း တာဝန်အပြောင်းအလဲများကို နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့သူလည်းဖြစ်၊ ဟောင်ကောင်ရှိ တရုတ်တက္ကသိုလ်တွင် ပါမောက္ခတစ်ဦးလည်း ဖြစ်သူ ဝီလီ လမ်ဝိုလပ်က ပြောသည်။

ရှီသည် စစ်ရေးပရိယာယ်ကို ကျွမ်းကျင် ပိုင်နိုင်သူ တစ်ဦးဖြစ်ကြောင်း နာမည်တစ်လုံးရအောင် ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ချိရေးယန္တရားကိုသုံးပြီး တည်ဆောက်သည်။ ၁၉ ရာစုနှစ် ပထမဘိန်းစစ်တွင် ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ပြည်ပလွှမ်းမိုးမှုများ၊ ကိုလိုနီနိုင်ငံတို့၏ခြယ်လှယ်မှုများမှ တရုတ်ပြည်ကြီး ခန့်ခန့်ထည်ထည် ပြန်ဖြစ်လာနိုင်အောင် အရေးပါသော အလှည့်အပြောင်းကို ဖော်ဆောင်သည့် ခေါင်းဆောင်အဖြစ် ရှီ့ကို အရောင်တင်ပေးသည်။

“အင်အားကောင်းသောတပ်မတော်ကြီး” အမည်ရှိ မှတ်တမ်းရုပ်ရှင်၏ အဖွင့်ပြကွက်များတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က ရှဲ့ကိုး ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ပဲ့ထိန်းဒုံး ဖျက်သင်္ဘော ဟိုက်ကို ပေါ်သို့ ရှီ သည် ပါတီနှင့် စစ်တပ်ခေါင်းဆောင်ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တက်ရောက်နေပုံ၊ ထို့နောက် သင်္ဘောက တောင်တရုတ်ပင်လယ်အတွင်းသို့ ခုတ်မောင်းထွက်ခွာသွားပုံတို့ ပါဝင်သည်။ ပြကွက်တွင် ရှီက မှန်ပြောင်းဖြင့် မိုးကုတ်စက်ဝိုင်းရှိရာသို့ ကြည့်နေစဉ် နောက်ခံစကားပြောသူက “စစ်သင်္ဘောဟာ လှိုင်းလုံးတွေကို ထိုးခွဲသွားနေချိန်မှာတော့ ရှီ ဟာ အတိတ်သမိုင်းမှာ တိမ်မြုပ်ခဲ့ရတဲ့ တိုင်းပြည်ရဲ့အိပ်မက် တစ်ခုကို လှမ်းမျှော်ကြည့်ရှုနေပါတယ်။ အဲဒီအိပ်မက်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ တုန်းက အနောက် နိုင်ငံကြီးတွေ ပင်လယ်လမ်းကနေ တစ်ဆင့် တရုတ်ပြည်ကိုရောက်လာခဲ့တဲ့နောက် ပြိုပျက်ခဲ့ရပြီး နိုင်ငံဟာ အိပ်မက်ဆိုးနဲ့ ကြုံခဲ့ရတာပဲဖြစ်ပါတယ်” ဟု ပြောလျက်ရှိသည်။


ဟောင်ကောင်ကျွန်းကို ဗြိတိသျှလက်အောက်မှ ပြန်လည်လွှဲပြောင်းရယူမှု နှစ် ၂၀ ပြည့်အဖြစ် ၂၀၁၇ ခုနှစ်က ဟောင်ကောင်မှာ ကျင်းပသည့် အခမ်းအနားတွင် တပ်ဖွဲ့များကိုစစ်ဆေးနေသည့် ရှီကျင့်ဖျင် (ဓာတ်ပုံ - ရိုက်တာ)

အဆိုပါ အိပ်မက်ဆိုးသည် မော်ဦးဆောင်သော ကွန်မြူနစ်တို့ အောင်ပွဲရပြီးနောက် တိန့်ရှောင်ဖိင်၊ ကျန်းဇီမင်းနှင့် ဟူကျင့်ထောင်တို့ လက်ထက် စီးပွားရေးနှင့် စစ်ရေးအားကောင်းလာသော ကာလများနှင့်အတူ ပြီးဆုံးသွား ခဲ့ပြီဟု အဆိုပါမှတ်တမ်းရုပ်ရှင်က ဆိုသည်။ ရှီ့လက်ထက်တွင်တော့ လက်နက်အင်အား အလွန် တောင့်တင်း နေပြီဖြစ်သည့် တရုတ်နိုင်ငံသည် အတိတ်ကပျောက်ဆုံးခဲ့သည့် ခန့်ညားထည်ဝါမှုများကို ပြန်လည် ရရှိတော့မည်ဟု အဆိုပါ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတွဲက ပြသသွားသည်။

ရှီသည် မီဒီယာအားဖြင့်သာ နာမည်ယူနေသူမဟုတ်ပါ။ တကယ်တော့ သူသည် တရုတ်၏ ခေတ်သစ် စစ်ရေး အင်အားကို တည်ဆောက်ရာတွင် သူ့ရှေ့ကခေါင်းဆောင်အများစုထက် အလွန်တရာ ခြေလှမ်းသွက်သူဖြစ်ကြောင်း သက်သေပြလျက်ရှိသည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်သည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေကြသော ကျွန်းစုများနေရာတွင် သောင်တူးစက်များဖြင့် ကျွန်းတည်ဆောက်ခဲ့သည်။ တရုတ်တို့က နန်ရှားချွင်းတောင်ဟု ခေါ်သည့် စပရက်တလီကျွန်းများ (Spratly islands) နေရာ သည် ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် ဘရူနိုင်းတို့နှင့် တရုတ်တို့ကြား ရေပိုက်နက် နေရာလု နေကြသည့်နေရာဖြစ်သည်။

ရှီ သည် အဆိုပါကစားကွက်များကို ကိုယ်တိုင်ရွှေ့သူဖြစ်သည်ဟု ကွန်မြူနစ်ပါတီ၏ ဗဟိုပါတီ သင်တန်းကျောင်း၏ တရားဝင်အာဘော်ဖြစ်သည့် Study Times ၏ ၂၀၁၇ ဇူလိုင်လပါ အမြင်ဆောင်းပါး တစ်ပုဒ်တွင် ဆိုထားသည်။ “၎င်းသည် မဟာတံတိုင်းကြီးတစ်ခုကို ပင်လယ်ပြင်၌ တည်ဆောက်ခြင်းနှင့် အတူတူပင် ဖြစ်သည်” ဟု ၎င်းဆောင်းပါးတွင် ရေးထားသည်။

အဆိုပါ နယ်ခြားဒေသစစ်စခန်းများကို အကြီးအကျယ် ခိုင်ခံ့အောင်ပြုလုပ်ခြင်းကို ကြည့်လျှင် တရုတ်သည် ပင်လယ်ပြင်ရေပိုင်နက် အတော်ကြီးကြီးတစ်ခုကို ထိန်းချုပ်ရယူနိုင်ထားပြီဟု သိနိုင်သည်။ အမေရိကန်၏ အင်ဒို-ပစိဖိတ်စစ်ဒေသကို ဦးဆောင်ရန် မေလ ၃၀ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီး ဖိလစ် ဒေးဗစ်ဆင်က တရုတ်သည် ယခုအခါ တောင်တရုတ်ပင်လယ်ပြင်ကို “အဓိကစစ်ပွဲကြီးများ ဆင်နွှဲစရာ မလိုဘဲ” ကြိုက်သလို ပုံဖော်ထိန်းချုပ်နိုင်စွမ်းရှိနေပြီဟု ကွန်ဂရက်ကော်မတီတစ်ခုကို ၎င်း ရာထူးမရမီ ပြောကြားခဲ့ဖူးသည်။

ရှီသည် ထိုင်ဝမ်၊ ဂျပန်နှင့် အိန္ဒိယတို့အပေါ်လည်း စစ်ရေးဖိအားများ တိုးမြှင့်နေသည်။ ထိုင်ဝမ်ကို ပစ်ခတ်နိုင်သည့် ဒုံးကျည်စနစ်ကြီးတစ်ခုအပြင် တရုတ် ရေနှင့်လေတပ်များသည် ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ကာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်ပြုလုပ်လျက်ရှိသည်။

၎င်းလေ့ကျင့်ခန်းများသည် ထိုင်ဝမ်ကို ခြိမ်းခြောက်ဖို့၊ အဆိုပါလေ့ကျင့်ခန်းများအပေါ် တုံ့ပြန်ရမည့် ထိုင်ဝမ်တပ်များ ဖြုံသွားစေဖို့ ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်ဟု ထိုင်ဝမ်ကာကွယ်ရေး လေ့လာသုံးသပ်သူ အချို့က ပြောကြသည်။ “သူတို့က ထိုင်ဝမ်အပေါ်မှာ လက်နက်ပြခြိမ်းခြောက်အကျပ်ကိုင်တဲ့ နည်းကို သုံးနေတာ သိသာနေတာပဲ” ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဟောင်း ယန် က ပြောသည်။ ပေကျင်း၏ အမြင်တွင်မူ ထိုင်ဝမ်သည် ပြည်မကြီး၏ လက်လှမ်းမမီသော ပြည်နယ်တစ်ခုသာဖြစ်ပြီး ပြည်မကြီး၏ အာဏာစက်အောက် ပြန်ရောက်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ‘ရိုက်တာ’ သတင်းဌာန၏ မေးခွန်းများကို ဖြေကြားရာတွင် နိုင်ငံ၏ လေကြောင်းနှင့် ပင်လယ်ရေပြင်ပိုက်နက်များကို စောင့်ရှောက်နိုင်ရေးအတွက် ရန်သူ့လှုပ်ရှားမှုကို စောင့်ကြည့်ခြင်း၊ လေယာဉ်နှင့် စစ်သင်္ဘောများ ဖြန့်ကျက်ထားခြင်းတို့ကို ဆက်လုပ်မည်ဟု ဖြေသည်။

တရုတ်ရေတပ်နှင့် လေတပ်တို့သည် တပ်ဖြန့်ချထားခြင်း၊ စစ်လေ့ကျင့်ခြင်းနှင့် လုံခြုံရေးကင်းလှည့်ခြင်းတို့ကို ဂျပန်ကျွန်းစုများမှဖြတ်၍ အရှိန်မြှင့်လာနေကြသည်။ ဂျပန်အနီးတစ်ဝိုက်တွင် တရုတ်တို့က “တစ်ဖက်သတ် စစ်ရေးလှုပ်ရှားမှုမြှင့်တင်ခြင်းများ” ကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုများဖြစ်လာရသည်ဟု ဂျပန်၏ နှစ်စဉ် ထုတ်ပြန်သည့် စစ်ဘက်ဆိုင်ရာ အစီရင်ခံစာတစ်စောင်က ဆိုထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း တရုတ် တိုက်လေယာဉ်တို့ဆီ ပို့လွှတ်သည့် လေလှိုင်းများကို ဂျပန်ဘက်က ၆၃၈ ကြိမ်တိတိ ကြားဖြတ်နှောင့်ယှက်ခဲ့ရပြီး ၎င်းသည် ရှေ့နှစ်ကနှင့်ယှဉ်လျှင် ၃၀ ရာခိုင်နှုန်းနီးပါး တက်လာခြင်းဖြစ်သည်။

“တရုတ်ဟာ အရှေ့တရုတ်ပင်လယ်မှာသာမက ပစိဖိတ်သမုဒ္ဒရာနဲ့ ဂျပန်နိုင်ငံရဲ့ပတ်ပတ်လည် ပင်လယ်ပြင် တွေမှာပါ အဲဒီလို စစ်ရေးလှုပ်ရှားမှုတွေကို တိုးလည်းတိုးချဲ့ အရှိန်အဟုန်လည်း မြှင့်တင်နေပါတယ်။ အဲဒီ လှုပ်ရှားမှုတွေဟာ စစ်တိုက်ရည်တိုးတက်စေဖို့နဲ့ တရုတ်ရဲ့လက်တံ့ဖြန့်နိုင်မှု မြင့်တက်စေဖို့ ရည်ရွယ်ဟန် တူပါတယ်” ဟု ဂျပန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနက ‘ရိုက်တာ’ ကို ဖြေကြားသည်။

ယခုကဲ့သို့ ရဲရဲတင်းတင်း ခြေလှမ်းများလှမ်းနေသော်လည်း တရုတ်တပ်များသည် အမေရိကန်နှင့် အခြား စစ်အင်အားကြီးနိုင်ငံများနှင့် ယှဉ်နိုင်ပါ့မည်လား ဆိုတာကိုတော့ မေးခွန်းများထုတ်စရာ ကျန်ပါသေးသည်။ တရုတ်တပ်မတော်၏ တိုက်ပွဲအတွေ့အကြုံမဲ့မှု၊ နည်းပညာအမီမလိုက်နိုင်မှုနှင့် ထိရောက်သော အမိန့်ပေးထိန်းချုပ်စနစ်များ မကျင့်သုံးနိုင်မှုတို့ရှိကြောင်း တရုတ်အရာရှိများနှင့် သေနင်္ဂဗျူဟာသမားများက ဆောင်းပါးများရေးသားထောက်ပြသည်။

ရှီ၏ အာဏာစက်ချုပ်ကိုင်မှုနှင့် ရဲတင်းသည့် နိုင်ငံရေးရည်မှန်းချက်တို့သည် သူ့အပေါ်မှာသာမက ပါတီနှင့် တရုတ်ပြည်တို့အတွက်ပါ ထိခိုက်နိုင်ခြေရှိနေပြန်သည်။ စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း၊ ပါတီနှင့်အစိုးရအရာရှိများကို တစ်ပြိုင်နက်တည်း ဖြုတ်ထုတ်သတ်လုပ်ခြင်းများအရ ရှီသည် အနိမ့်ဆုံး အားဖြင့် လူမသိသူမသိ အာဏာလုပြိုင်ဖက်များရှိနေသည့်အပေါ် လက်တုံ့ပြန်ခြင်းကလည်း တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်ဟု တရုတ်ပြည်သူများအကြား ခန့်မှန်းသုံးသပ်နေကြသည်။

၎င်းအနုမာနအတွက် သက်သေပြစရာများများစားစား မရှိပါ။ သက်သေပြစရာတစ်ခုကတော့၂၀၁၇ ခုနှစ် အောက်တိုဘာလ တုန်းက ကျင်းပသည့် ၁၉ ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ထိုစဉ်က တရုတ်ပြည်၏ စတော့ဈေးကွက်ကြီးကြပ်ရေးအရာရှိချုပ် လျိုရှီးယုသည် ဖြုတ်ထုတ်သတ်ထဲတွင် ပါသွားခဲ့သည့် အရာရှိကြီး အချို့အပေါ် အာဏာသိမ်းရန်ကြိုးပမ်းမှု စွပ်စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ စွပ်စွဲခံရသူများတွင် အကျင့်ပျက် ခြစားမှုဖြင့် နာမည်ပျက်ရသူ စစ်ခေါင်းဆောင်ဟောင်း ကောဘိုးရှုံလည်း ပါဝင်သည်။ ထို့မတိုင်ခင်ကလည်း စစ်တပ်ပိုင်သတင်းစာကြီးက သက်သေများမထုတ်ပြဘဲ အလားတူ စွပ်စွဲချက်မျိုး လေသံပစ်ခဲ့သေးသည်။ အကျင့်ပျက်ခြစားမှုများဖြင့် ထောင်ချခံခဲ့ရသည့် ကောဘိုးရှုံကိုတော့ ယခုကိစ္စအတွက် မှတ်ချက် တောင်းခံ၍ မရပါ။ တရုတ်အစိုးရကမူ ထိုစွပ်စွဲချက်နှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

တန်ခိုးထွားလှသည့် စစ်ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များ၊ ၎င်းတို့ထဲမှ သူ့အုပ်စု ကိုယ့်အုပ်စုများကို ဖြိုခွင်းရာတွင် ရှီသည် ရန်သူအမြောက်အများကို မွေးလိုက်သလိုဖြစ်ပြီဟု ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူများ က ပြောသည်။ အကယ်၍ အကြွေးပိနေသည့် တရုတ်စီးပွားရေးသာ ဆက်လက်၍နှေးကွေးနေမည်ဆိုပါက စစ်ရေးဘတ်ဂျတ်များ ဆတက်ထမ်းပိုး တိုးမြှင့်နေရန် မဖြစ်နိုင်ပါ။

မည်သို့ဆိုစေ ရှီကတော့ တရုတ်တပ်မတော်ကြီးကို ခေတ်မီအောင်တည်ဆောက်လိုသည့် သူ့ရည်မှန်းချက်ကို အရှိန်သတ်မည့် အလားအလာ မပြသေးပါ။ အောက်တိုဘာလ ၂၅ ရက်နေ့က သူသည် တောင်တရုတ်ပင်လယ် ကို ကြီးကြပ်ကွပ်ကဲရသည့် စစ်ဌာနချုပ်တည်ရာ ကွမ်ကျိုးမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွားရောက် လှည့်လည်ကြည့်ရှုခဲ့သည်။ စစ်ဝတ်စုံ၊ စစ်ဖိနပ်ဝတ်ထားသည့် ရှီကို အဆင့်မြင့်တပ်အရာရှိကြီးများ ခြံရံလျက် အမိန့်ပေးစစ်စခန်းအတွင်း လျှောက်ကြည့်နေပုံကို နိုင်ငံပိုင်မီဒီယာက ပြသသွားသည်။ ထိုခရီးစဉ်အတွင်း ရှီက အရာရှိများကို တစ်ခုမှာကြားသည်ဟု နိုင်ငံပိုင်မီဒီယာက ပြောသည်။ ယင်းမှာ “စစ်တိုက်ဖို့ အတွက် ပြင်ဆင်ထားဖို့” ဖြစ်သည်ဟူ၍ပင်။

Reuters သတင်းဌာနက David Lague နှင့် Benjamin Kang Lim ၏ China Challenge ဆောင်းပါးတွဲများအနက်မှ How China is replacing America as Asia's military titan ကို ဘာသာပြန်ဆိုခြင်း ဖြစ်သည်။