Breaking News

ကိုဂျေ ● အဆိုတော်ကြီး ဦးတင်လှိုင်၊ မယ်ဒလင် ဆရာဒိုး၊ ပန်ချီမောင်မောင်သိုက်နဲ့ တောင်သမန်ည

ကိုဂျေ ● အဆိုတော်ကြီး ဦးတင်လှိုင်၊ မယ်ဒလင် ဆရာဒိုး၊ ပန်ချီမောင်မောင်သိုက်နဲ့ တောင်သမန်ည
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၉

၈၈ အရေးအခင်းမတိုင်ခင်မှာတော့ အဆိုတော်ကြီး ဦးတင်လှိုင်ကို ၃၅ လမ်းနဲ့ ၃၆ လမ်းကြား၊ အနော်ရထားလမ်းမပေါ်က တေးစီးရီးဖြန့်ချိဆိုင်တွေ ရှေ့မှာ မကြာခဏ တွေ့ရတတ်ပါတယ်။ အဖြူရောင် ကော်လာကတုန်း အင်္ကျီ၊ ရခိုင်ပုဆိုး အနီ ရောင်၊ ပန်းနုရောင်၊ အပြာနုရောင်တွေကို ဆင်မြန်းထားတတ်ပြီး အနီရောင် ကချင်လွယ်အိတ် တလုံးကိုလဲ လွယ်ထားတတ် ပါတယ်။ ရံခါဆိုသလိုပဲ အပြာနုရောင် တိုက်ပုံတထည်ကို ပခုံးထက်မှာတင်ထားရင်း လမ်းလျှောက်နေတဲ့ အစ်ကိုကြီးကို တွေ့ရတတ်ပါတယ်။ တခါတရံမှာတော့  ကိုသန်းလှိုင်၊ ကိုတင်လှိုင် (တေးပလ္လင်က အဆွေးသခင်ကြီးများ) ဆိုတဲ့ စီးရီး ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေနားမှာ ထိုင်နေတတ်တဲ့ အစ်ကိုကြီးကို တွေ့ရပါတယ်။ စစ်အစိုးရက ဦးတင်လှိုင်ကို သီချင်းသီ ဆိုခွင့် သီချင်းခွေ ထုတ်ခွင့်တွေ ပိတ်ခဲ့တဲ့ကာလမှာတော့ အစ်ကိုကြီးနဲ့ ကျနော်တို့ မကြာခဏ ဆုံဖြစ်ကြပါတယ်။ နေ့လယ် ၂ နာရီခွဲလောက်မှာ ပန်းဆိုးတန်း အထက်လမ်းက တေးပုလဲဦးဘမြင့် တေးသံသွင်းရှေ့မှာ ဆုံတတ်ပါတယ်။

“ဖိုးဂျေ ခဏနေရင် ဖိုးကုလားလာလိမ့်မယ်။ ညနေကျရင် သိုက်လေးဆီမှာ ဆုံရအောင်” လို့ ချိန်းတတ်ပါတယ်။ ဖိုးကုလား ဆိုတာက စာရေးဆရာ မောင်မောက် (ဥက္ကာ) ကို အစ်ကိုကြီးတယောက်ထဲက သီးသန့်ခေါ်တဲ့နာမည် ဖြစ်ပါတယ်။ သိုက် လေးဆိုတာကတော့ ပန်းချီဆရာ မောင်မောင်သိုက် (ကွယ်လွန်) ကို အစ်ကိုကြီးက ခေါ်တဲ့နာမည် ဖြစ်ပါတယ်။ အစ်ကိုကြီးရဲ့ ထူးခြားချက်ကတော့ သူချစ်တဲ့ သူတွေကို သူခေါ်လေ့ရှိတဲ့ နာမည်မျိုးကို တခြားသူတွေက လိုက်ခေါ်ရင် နောက်တမျိုးပြောင်း ခေါ်တတ်တာပါပဲ။ ကိုသိုက်ကို အစ်ကိုကြီးက သိပ်ချစ်ပါတယ်။ ဒါကြောင့် သိုက်လေး၊ မောင်သိုက်၊ ဖိုးသိုက် စသဖြင့် ခေါ်တတ်ပါတယ်။ ဦးချစ်ဆွေ (စန္ဒရားချစ်ဆွေ) နဲ့ လေးမြတ်က ကျနော့်ကို အစ်ကိုကြီး ခေါ်သလို ဖိုးဂျေလို့ခေါ်တဲ့အတွက် သူတို့ရှေ့မှာဆိုရင် ကျနော့်ကို ဂျေလေး လို့ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျေမောင်မောင်က ဖိုးဂျေထက် အသက်ကြီး တယ်ကွလို့ ပြောတတ်ပါတယ်။

၁၉၉၃ ခုလောက်ကပါ။ အစ်ကိုကြီးနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ အဖြစ်ရဆုံး နေ့တနေ့ ရှိခဲ့ဖူးပါတယ်။ အစ်ကိုကြီး တယောက် ကျနော်နဲ့ ကိုသိုက် ထိုင်နေတဲ့ ကုန်သည်လမ်းမပေါ်၊ ဘိုကလေးဈေးလမ်းထိပ်က စည်ဘီယာဆိုင်ကိုရောက်လာပါတယ်။ သူရောက်လာတဲ့ အချိန်က ညမှောင်စပျိုးချိန်ပါ။ ကျနော်တို့က အတော် အရှိန်ရနေတဲ့ အချိန်ပါ။  အစ်ကိုကြီးကို တွေ့လိုက် တာနဲ့ ကိုသိုက်က ထဖက်ပါတယ်။ နမ်းပါတယ်။ လွမ်းနေတာ အစ်ကိုကြီးရာ။ ချစ်တာ ဒါကြောင့် အစ်ကိုကြီးကို ချစ်ရတာလို့ ပြောပါတယ်။ ပြီးတော့ ဒီနေ့တော့ အစ်ကိုကြီး သီချင်းမဆိုတော့နဲ့ နားထောင်တော့ အစ်ကိုကြီးကို ဘယ်လောက် ချစ်တယ်။ အစ်ကိုကြီး သီချင်းတွေကို ဘယ်လောက်ရတယ်ဆိုတာ အစ်ကိုကြီးရှေ့မှာ ဆိုပြချင်တာလို့ ကိုသိုက်က အစ်ကိုကြီးကို ပြောပါတယ်။ ပြီးတော့ မတ်တပ်ရပ်ပြီး အစ်ကိုကြီးရဲ့ သီချင်းတွေကို တပုဒ်ပြီး တပုဒ်ဆိုပါတယ်။ ဒီလိုပိုးမျိုးက ကိုဂျေ့မှာလဲ ရှိနေတော့ ကိုသိုက်နဲ့အတူ မတ်တပ်ရပ်ပြီး အစ်ကိုကြီး သီချင်းတွေကို အတူဆိုခဲ့ကြပါတယ်။ လမ်းဘေးဆိုတော့ ဈေးသွား ဈေးလာ ရပ်ကွက်နေလူတွေက ကိုသိုက်နဲ့ ကျနော်ကို မြင်ကြတာပေါ့။ အဲဒီနေ့က အစ်ကိုကြီးနဲ့ လမ်းခွဲတော့ ည ၁ဝ နာရီ ကျော်ပါပြီ။ အစ်ကိုကြီးကို အငှားကားပေါ်တင်ပေးပြီးတာနဲ့ ကိုသိုက်နဲ့ ကျနော် ဆိုက္ကားတစင်းငှားပြီး ကိုယ်က သူ့ပို့လိုက် သူကကိုယ့်ပို့လိုက် လုပ်ကြပါတယ်။ သီချင်းဆိုချင်စိတ်တွေ မကုန်သေးတာကြောင့်၊ ဆိုက္ကားစီးရင်း ဦးတင်လှိုင်၊ ဦးသန်းလှိုင်၊ ဦးမောင်မောင်ညွန်၊ ဦးစောညိမ်း သီချင်းတွေကို ကိုသိုက်တယောက် တဝကြီးဆိုပြန်ပါတယ်။ နောက်ဆုံးတော့ ကိုသိုက်ကို အိမ်ပြန်ပို့ပြီး ကျနော်  ပြန်ခဲ့ပါတယ်။

အိမ်ပြန်ရောက်တော့ မဒမ်ဂျေ တယောက်က မျက်နှာမကောင်းပါဘူး။ ရှင်နဲ့ ကိုသိုက်တို့ လမ်းဘေးမှာ သီချင်းတွေ အော် ဆိုကြတယ်ဆို..ရှင်တို့ကို မြင်တဲ့သူတွေက အိမ်ကိုလာပြောတယ်။ ဦးတင်လှိုင်ရဲ့ ဂုဏ်သိက္ခာလည်း ထိန်းပါဦးလို့ မဒမ်ဂျေက ပြောပါတယ်။ “မင်း နားမလည်ဘဲ ဘာမှဝင်မပြောနဲ့၊ ငါတို့က ငါတို့ချစ်တဲ့ အစ်ကိုကြီးကို ဂုဏ်ပြုနေတာ...စစ်အစိုးရက အစ် ကိုကြီးရဲ့ အနုပညာတွေကို ချိုးနှိမ်ထားတာကြောင့် ငါတို့တွေက ဂုဏ်ပြုနေတာကွ”လို့ ကိုဂျေတယောက် အမူးလွန်ပြီး မဒမ်ဂျေကို အော်ခဲ့ ရင်ဖွင့်ခဲ့ပါတယ်။

အခုလဲကြည့်ပါဦး...နိုင်ငံကျော် အဆိုတော်ကြီး ဦးတင်လှိုင်တယောက်၊ တောင်သမန်က မယ်ဒလင်ဆရာကြီး ဆရာဒိုးနဲ့  ဦးပိန်တံတား အလယ်ဇရပ်မှာ သီချင်းဆိုတဲ့ သတင်းက ဆရာတော် ဦးပညာနဲ့ ဦးပညာရဲ့ တောင်လေးလုံးကျာင်းတိုက်မှာ ရောက်နေကြတဲ့ စာရေးဆရာ မောင်သိန်းဆိုင်၊ ကဗျာဆရာ မောင်မောက်(ဥက္ကလာ)၊ ပန်းချီကေမျိုးတို့ ဆီရောက်သွားပါတယ်။ သူတို့ တဖွဲ့လုံး ကျနော်တို့ရှိနေတဲ့ ဦးပိန်တံတား အလယ်ဇရပ်ကိုလိုက်လာကြပါတယ်။ သူတို့ရောက်လာတဲ့ အချိန်မှာ အစ်ကိုကြီးနဲ့ ဆရာဒိုးရဲ့ပွဲက ပြီးနေပါပြီ။ ဒါကို မကျေမနပ် ဖြစ်နေသူက ဆရာမောင်သိန်းဆိုင်ပါ။

“ဒီလိုတော့ ဘယ်ရမလဲ...ဆရာဒိုးကို ပြန်ခေါ်မယ်။ မယ်ဇယ်ပင်တန်းအောက်မှာ ဝိုင်းပြန်စမယ်”လို့ ဆရာမောင်သိန်းဆိုင်က အစ်ကိုကြီးကို ဂျီကျပါတယ်။ ကဲ ဒါဆိုလဲ စီစဉ်လိုက်လေလို့ အစ်ကိုကြီးက ပြောခဲ့ပါတယ်။ ဒီလိုနဲ့ အစ်ကိုကြီးနဲ့ ဆရာဒိုးတို့ရဲ့ ဆိုတီးပွဲကို တောင်သမန် အင်းစောင်းက မယ်ဇယ်ပင်တန်းအောက်မှာ ဆက်ပြီး ကျင်းပခဲ့ပါတယ်။ ညက နက်လာပါပြီ။ ဝိုင်းကမပြီးသေးပါဘူး။ ဒီဝိုင်းကို မဟာဂန္ဓာရုံကျောင်းတိုက်က စာသင်သားတွေ၊ တောင်သမန်ဝန်းကျင်က ပရိတ်သတ်တွေ အပြင် ရန်ကုန်နဲ့ မန္တလေးစာပေလောကသားတွေပါ ဝိုင်းအားပေးလာကြတဲ့ အတွက် ပွဲကြီးပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲဟာ အစ်ကိုကြီးဘဝမှာ အမှတ်ရနေမယ့် ပွဲတပွဲဖြစ်ခဲ့သလို၊ ပျံလွန်တော်မူသွားပြီးဖြစ်တဲ့ ဆရာတော် ဦးပညာအတွက် လည်း အမှတ်တရ ပွဲတပွဲဖြစ်ခဲ့တာပေါ့။ ဆရာတော် ဦးပညာက ဒီလို အနုပညာရှင်မျိုးက ရှားတယ်။ ဒါကြောင့် နိုင်ငံကျော် အဆိုတော်ကြီး ဖြစ်လာတာလို့ မှတ်ချက်ချခဲ့တယ်။ လွမ်းလိုက်တာ အစ်ကိုကြီးရေ....။

ကိုဂျေ
သြဂုတ်လ ၃ ရက်၊ ၂ဝ၁၇