Breaking News

မိုးချိူသင်း - ပြည်သူတွေရဲ့ နှလုံးသားကို တံခါးခေါက်ခဲ့တယ်


မိုးချိူသင်း -  ပြည်သူတွေရဲ့ နှလုံးသားကို တံခါးခေါက်ခဲ့တယ်

(မိုးမခ) ဩဂုတ် ၈၊ ၂၀၁၉

လူတွေဟာ အသက်ကြီးလာပြီဆိုရင် အရင်က အတိတ်တွေ ပြန် စမြုံ့ပြန်တတ်တာလား မသိဘူး။ ကိုယ်လဲ အသက်ကြီးပြီဆိုတော့ အမြဲလိုပဲ ငယ်ငယ်ကအကြောင်းတွေ မိသားစု အတူနေခဲ့ရတဲ့ အချိန်တွေသာ ပြန်တွေးမိတာပဲ။ အခုလိုအချိန်တွေဆိုရင် ၈၈ ကာလများဆီက ရန်ကုန်မြို့ ဆင်ခြေဖုံးက အိမ်ကလေးဆီ အတွေးတွေက လမ်းလျှောက်သွားတော့တာပါ။

အဲဒီတုန်းက မိသားစုက စုံစုံညီညီ ရှိသေးတယ်။ ညနေထမင်းဝိုင်းတွေဟာ အလွန်ပဲ ပျော်စရာကောင်းခဲ့တယ်။ ဟင်းကအသင့်အတင့် မပေါများလှဘူး။ ဒါပေမယ့် လောက်င ပါတယ်။ မျှပြီးလဲ စားရတယ်။ မျှပြီးလဲ ကြားကြရတယ်။ တနေ့ တနေ့ ကျောင်းက၊ အလုပ်က ကြားလာတဲ့ သတင်းတွေ ထမင်းဝိုင်းမှာ အလုအယက် ပြောရတယ်။ ရင်ထဲမှာ စိတ်လှုပ်ရှားမှုတွေ ခံစားချက်တွေနဲ့ ပြည့်နေတတ်တယ်။ ညစာစားပြီးရင် သတင်းတွေ နားထောင်ရတယ်။ အမှတ်မိဆုံးက တိုးတလှည့် ပြတ်တလှည့် ရေဒီယိုသံလေးတွေကိုပါ။ တဂျစ်ဂျစ် နဲ့ လိုင်းတွေ မိအောင် ဖမ်းပြီး သတင်းတွေကို ရင်တထိတ်ထိတ်နဲ့ နားစွင့်နေရချိန်တွေဟာ အရသာရှိလှပါတယ်။ ကျောင်းတွေကလဲ ဖွင့်တလှည့် ပိတ်တလှည့်။

အဲဒီတုန်းက ကဗျာဆရာအဖေဟာ အိမ်နဘေးက စမ်းချောင်းလေးအကြောင်း ကဗျာမစပ်တော့ဘူး၊ စပယ်ပွင့်လေးကိုလဲ ခဏမေ့ထားရတဲ့ အချိန်။ အိမ်ထိပ်မှာ ချိတ်နေတဲ့ လ ကလေးကိုလဲ မော့ မကြည့်အား။ အဖေ့ကို စွပ်ကျယ်လက်ပြတ်လေးနဲ့ နေ့တိုင်းညတိုင်း တကုပ်ကုပ် ကဗျာတွေ ရေးနေတာ တွေ့ရတတ်တယ်။ အဖေ့ကဗျာရေးပြီးသွားရင် အမေ့ကို အရင်ဆုံး ပေးဖတ်လေ့ရှိတယ်။ ပြီးမှ ကိုယ်တို့တွေ ဖတ်ချင်တဲ့သူ ဖတ်။ ကိုယ်တို့ဟာ အဖေ့ကဗျာတွေကတဆင့် ခေတ်ကြီးကို နားလည်ဖို့ ကြိုးစားခဲ့ကြတယ်။

"တို့ဘဝတွေဟာ
လိမ်ညာထားတဲ့
အစီရင်ခံစာတွေ ဖြစ်တယ်။
မှန်ပါ့ဘုရား အသံသွင်းထားတဲ့
မုသာဝါဒ သတင်းကြိုးခွေဖြစ်တယ်။
ခေါက်ရိုးကျိုး တွန့်ကြေနံနေတဲ့
အပေါ်ယံ ပင်နီတိုက်ပုံ ဖြစ်တယ်။
ထားရာနေ စေရာသွား တဲ့
လူကြီးမင်းများရဲ့ ဓာတ်ဗူး ဖြစ်တယ်။"

ဒါကိုဖတ်ပြီးချိန်မှာ ကိုယ်ဟာ အဖေ့ကို ငေးကြည့်နေမိတာ မှတ်မိနေပါတယ်။ အဲဒီတုန်းက ကိုယ်က တက္ကသိုလ် ပထမနှစ်။ ကဗျာကို သီချင်းလောက် ၀တ္တုလောက် စိတ်မဝင်စားခဲ့တာ ဝန်ခံရမှာပါ။ ညံ့တယ်ပဲ ဆိုဆို..။ ဒါပေမယ့် အခုတော့ ကိုယ်တို့ရင်ထဲကပြောချင်တာတွေကို ကဗျာထဲမှာ မျက်လုံးလေး တောက်ပြီး ဖတ်နေရပြီ။ နှလုံးသား နိုးပြီး ဖတ်နေရပြီ။

ဒီလိုနဲ့ အမှောင်ထဲမှာ သွေးနံ့ ယမ်းနံ့တွေ လှိုင်လာတယ်။ ဘယ်သူမှ မနာခံချင်တဲ့ အမိန့်တွေ ဆူတယ်။ ခြိမ်းခြောက်တဲ့ သတင်းတွေဟာ တရုတ်ခြေသေးမ ပုဝါလို ရှည်လဲ ရှည် နံလဲ နံပါပေ့ လို့ အဖေက သတင်း နားအထောင်ပြီးမှာ ရေးလိုက်တယ်။ တခါတလေ သတင်းတောင် မပြီးသေး၊ အဖေက ကဗျာထိုင်စပ်နေပြီ။ အဖေ့ကဗျာတွေက အရင်လို လေးလုံးစပ်တွေ မဟုတ်တော့ဘူး။ စကားပြောသလို ရင်ထဲက ပြောချင်တာတွေ တရစပ် ချရေးလိုက်တယ်။ ဒါပေမဲ့ ကာရံတော့ လွတ် မသွားဘူး။

"လက်နက်တကားကား
ရက်စက်သလား မမေးနဲ့
တို့သွေးများ ချောင်းစီးလို့
မြောင်းကြီး မြောင်းငယ်ဖောက်ကြတယ်။
ကောက်ကျစ် ယုတ်မာတဲ့ နှလုံးယုတ်ကို
ထုံးသုတ်လို့ ဖြူမတဲ့လား"

ကိုယ်ဟာ ဖတ်ပြီးတဲ့အခါ သဘောကျလို့ အသံထွက်တောင် ရီလိုက်မိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ခြံတိုင်း ထုံးတွေ သုတ်ရမယ်လို့ အမိန့်ထုတ်ထားလို့လေ။ စားဖို့တောင် ခက်ခဲနေရတဲ့ အရေးအခင်းကာလကြီးမှာ ထုံးသုတ်ခိုင်းတဲ့ အမိန့်ဟာအော့နှလုံး နာသွားစေတယ်။ စစ်ရေးအမြင်နဲ့ သစ်ပင်ကြီးတွေကိုခုတ်စေတယ်။ သစ်ပင်အောက်ခြေကို ထုံးဖြူတွေ သုတ်တယ်။ စစ်ကားတွေပေါ်မှာ ဘက်နက်တွေ ပြောင်လက်နေတယ်။

"ဒီလူတွေနဲ့ ငြိမ်းချမ်းရေး
ဘယ်နှယ့်လုပ် ဆွေးနွေးမလဲ။
ငြိမ်းချမ်းရေးအသံကြားရင်
နားဝ မှာ ခါးနေတဲ့သူတွေ
စစ်ရှိမှ ကြီးပွား
စစ်နဲ့ပဲ လုပ်စားနေကြတာ
စစ်အား မကောင်းရင် ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး"

ဒါပေမယ့် လက်နက်တိုတချောင်းတောင် ကိုင်မထားတဲ့ လူငယ်လေးတွေကို အဖေ ချစ်တယ်။ သူတို့လေးတွေကို ပုခုံးပေါ်မှာ ကြယ်ပွင့်တထွေးကြီးနဲ့ လူတွေထက် အဖေ အထင်ကြီးတယ်။ ချီတက်လာတဲ့ လူအုပ်ကြီးကို ကြည့်ပြီး "သူတို့ မသေသေးပါလား၊ သူတို့ မကျေသေးပါလား" လို့ အံ့သြ ဝမ်းသာတတ်တယ်။

"လူငယ်များဟာ
မြောင်ကြား ချောက်ကြားက
ပေါက်ဖွားလာတဲ့ ဝါးရုံများပေါ့။
သန်လဲ သန်၊
မြန်လဲ မြန်၊
မှန်လဲ မှန်ပါပေ့။
မိုးကောင်းကင် လက်လှမ်း
လမင်းကို ထိ နမ်းတော့မတတ်
အစွမ်းလဲ ကြီးပါပေ့" တဲ့...

အဲဒီကဗျာတွေ အဖေစပ်ပြီးရင် ကိုယ်က စာအုပ်ကောင်းကောင်းတအုပ်မှာ ပြန် ပြန်ကူးရေးနေမိတာပါ။ တအုပ် ပျောက်ရင် တအုပ် ကျန်နေခဲ့အောင်ပါ။ အဖေ့လောက် လက်ရေးမလှပေမယ့် အတတ်နိုင်ဆုံး လှအောင် အားထုတ်နေမိတာ။

ဒါနဲ့ ကဗျာတွေ တအုပ်ပြီး တအုပ် တိုးလာခဲ့..။ အမေက ဖတ်ပြီးရင် ဒါတော့ အပြင်ထုတ်လို့ မဖြစ်ဘူး လို့ အဖေ့ကို စိုးရိမ်စိတ်တဝက်နဲ့ ကျီစယ်လေ့ ရှိတယ်။ အဖေကလဲ ဘယ်ပေးလို့ ဖြစ်ပါ့မလဲ တဲ့ ပြုံးရင်း ပြန်ပြောတယ်။ ဒါပေမယ့် ဆရာ မျိုးမြင့်ညိမ်း နဲ့ အမ မသီတာ ကဗျာ လာတောင်းရင် အဖေက စာအုပ်လိုက် လက်ထဲ အပ်လိုက်တာ။ ဘာမှ အရေးမကြီး သလို။ ကြိုက်တာယူ၊ ကြိုက်တာ သုံး။ နံမည်ဝှက်နဲ့လဲ မရေး။ ကလောင်နံမည်ရင်းပဲ တပ်လိုက်ပေါ့ တဲ့။ မန္တလေး စည်းရုံးရေးအတွက် ကဗျာစာအုပ်ထုတ်မလို့ ရှေ့နေကြီး ဦးတင်ရွှေကို ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများဆိုတဲ့ ကဗျာရှည်ကြီး ကူးပေးလိုက်ပါအုံး သမီးရေ တဲ့။ အရင်က ကဗျာမပေးခင်ကို စာမူခ ရလေ့ရှိတယ်။ အခုတော့ စာမူခ ဆိုတာ စိတ်ကူးထဲတောင် ထည့်ပုံမရ။ အမေကလဲ ဘာမှ မပြော။ ၁၉၉၀ ရွေးကောက်ပွဲဆိုတဲ့ အဖိနှိပ်ဆုံး အကြပ်တည်းဆုံးကာလတွေမှာ ပါတီဝင် မဟုတ်တဲ့ အဖေ့ကဗျာတွေဟာ NLD မှာ ရန်ပုံငွေ အရှာပေးနိုင်ဆုံး ကဗျာဆရာ ဖြစ်ခဲ့တယ်။

အိမ်ထဲမှာပဲ ရေးနေတာပါပဲ၊ ဒါပေမယ့် အဖေ့ ကဗျာတွေဟာ နိုင်ငံအဝှမ်းက ပြည်သူတွေရဲ့ နှလုံးသားကို တံခါးခေါက်ခဲ့တယ်။ အဲဒီကဗျာတွေကြောင့်ပဲ အဖေ ထောင်ကျခဲ့တယ်။ စစ်အာဏာရှင်စနစ်ဆိုးကို နောက်ဆုံးအချိန်ထိ ကလောင်နဲ့ တိုက်ပွဲဝင်ခဲ့တဲ့ အဖေ့ကို ဒီ ၈၈ အရေးတော်ပုံကြီး နှစ်ပတ်လည်ကာလမှာ လွမ်းဆွတ်လို့ ရေးလိုက်မိပါတယ်။