Breaking News

ခွန်ဆိုင် - အိုင်စီဂျေ -အတွန်း နဲ့ မြန်မာ- အရွေ့



ခွန်ဆိုင် - အိုင်စီဂျေ -အတွန်း နဲ့ မြန်မာ- အရွေ့

(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၂၀

တကယ်ဆိုရင် ၂၀၁၉ ဟာ မြန်မာပြည်သားတွေအတွက် တရားရစရာ- တရားကျစရာ အပြည့် နဲ့ နှစ် ပါ ။ ဒါကို တရားမကျ - မတရားဓမ္မများ နဲ့ များလှ မြန်မာတွေ ၂၀၂၀ ကို ဆက်ဖြတ်လိုက် ကြမှာ အထူးစိတ်ပူ ပါတယ် ။ အိုင်စီဂျေမှာ ဂျီနိုဆိုဒ်လို့ စွတ်စွဲတာကို ရင်ဆိုင်နေရတယ်။ တဖက်နိုင်ငံရောက် ဒုက္ခသည်အားလုံးကို ( အစစ်အဆေးရှိမရှိ မသိ ) အကုန်ပြန် လက်ခံပေးဘို့ ကုလသမဂ္ဂနဲ့ နိုင်ငံကြီးတွေက ဝိုင်း ဖိအားပေးတာကို ခံနေရတယ် ။ တချိန်ထဲမှာအဲလို ပြဿနာမီးအုံးနေတဲ့ ရခိုင် ပြည်နယ်ကို ရခိုင် တပ်မတော်က မြို့ပြအာဏာတွေ ထူထောင်ဦးမယ်တဲ့ ။ အစိုးရက ရွေးကောက်ပွဲတွေ လုပ်မယ်ဆို သူနဲ့ ညှိရမယ် ဆိုတယ်။ အဲလို စစ်ပူဒေသမျိုးတွေမှာ အစိုးရက ရွေးကောက်ပွဲ လုပ်ပေးဘို့ စီစဥ်ရမယ့်အချိန်ကျလာတယ် ။ စစ်ဖြစ်နေချိန်ရင် အရင်လို မဲပေးခွင့် ရကြမလား ။ လူထု အထိအခိုက်မရှိ သေနတ်နဲ့ခြိမ်းခြောက် အနိုင်ကျင့် မဲ ထည့်ခိုင်းတာတွေမရှိ တရားနည်းလမ်းတကျမဲဆွယ်တာတွေ ရွေးကောက်ပွဲတွေ ကို အစိုးရက ကျင်းပနိုင်စွမ်းမလား ။တဖက်မှာလဲ မြန်မာ့တပ်မတော် က စစ်ရှိန်ကိုဘယ်လိုလျော့ မလဲ။ ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုတာမျိုး ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမပြင်ပဲ ဘယ်လိုတည်ဆောက်ကြမလဲ ။ တိုင်းရင်းသား လူနည်းစု အကျိုးစီးပွါးနဲ့ အချုပ်အခြာအာဏာကို ဘယ်လို ချိန်ခွင်လျှာ ညှိကြမလဲ ။ မြေပုံမြို့နယ်ထဲ မှာ သူပုန်ဖြစ်ဖြစ် အရပ်သားဖြစ်ဖြစ် မိုင်းထောင်တာတွေ့တယ် ဆိုရင် တပ်မတော်ဖက်က သက်သေနဲ့တကွ ရဲစခန်းကို ပို့လို့ မရဘူးလား ။ ကမ္ဘာ့တရားရုံးအထိ တိုင်းပြည်က ဖြေရှင်းနေရာတာတွေ ငါတို့နဲ့ မဆိုင် ဘူးလို့ သဘောထားတာ မျိုးလား ။ အေအေကလဲ အရပ်သား အစိုးရဝန်ထမ်းတွေအထိ ရသလို ဖမ်းဆီးလာ နေတာက စစ်ပွဲတွေ အတွက် တန်ဆာခံ ပေါ်လစီအသစ် လား ။ တွေးလိုက်ရင် ၂၀၂၀ ဟာ ရင်လေးစရာကြီး ။ အဲလို နှစ်သစ်မှာ ဆုမွန်ကောင်းများ ဘယ်လိုတောင်းရပါ့ ။

ပထမကမ္ဘာစစ်တုန်းက တူရကီ ( အော်တိုမန်အင်ပါရာ ) တွေ အုပ်စိုးစဥ် အာမေးနီးယန်း တသန်းခွဲကို ( ၁၉၁၅-၁၉၂၃အတွင်း )သုတ်သင်ရှင်းလင်းခဲ့တဲ့ ရာဇဝင်ရှိပါတယ်။ အဲဒီကိစ္စကို ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလထဲမှာ အမေရိကန်လွှတ်တော်ကနေ ဂျီနိုဆိုဒ်ဆိုပြီး ဆုံးဖြတ်ချက်ချ လိုက်ပါတယ်။အဲဒီအထိ နိုင်ငံရေးပါပဲ၊ တရားရေးမပါ ။ ဒီမိုကရက်အမတ်တွေ ကော ရီပတ်ဘလစ်ကန် အမတ်တွေ ပါ ၂ဖက်လုံးက တညီတညွတ် ထဲ အဲသလို ဆုံးဖြတ်တယ်။ ဒါပေမယ့် ဒီလိုဆုံးဖြတ်လိုက် တာကို သမတ ထရန့်အစိုးရက သဘောမတူပါဘူး တဲ့။ အဲသလောက် အသတ်ခံခဲ့ကြရတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒါ ဂျီနိုဆိုဒ်မဟုတ်ဘူးတဲ့ ။ ထရမ့်လက်ထက် အမေရိကန်တပ်တွေ ဆီးရီးယား က ရုတ်သိမ်းလိုက် တဲ့အခါ တူရကီတပ်တွေဝင်ခွင့် သာသွားတယ်။ ကဒ်တပ်တွေရှိတဲ့ နယ်မြေတွေကို ဝင် ရှင်းလင်းပစ် တယ်။ ဒီကိစ္စ အတွက် သမတထရမ့် အစိုးရ နဲ့ လွှတ်တော်ကြားမှာ စစ်ရေးမဟာမိတ်များအပေါ်သဘောထားပေါ်လစီ အတွက် အတော် စကားများနေခဲ့ကြရင်း ဒီလို အစထုတ်တာတွေ ဖြစ်လာတာလား တွက်ဆရပါတယ်။ အိုဘားမား လက်ထက် အိုဘားမား မဲဆွယ်စဥ်ကာလ ၂၀၀၈ တုန်းကလဲ အားမေးနီးယန်းတွေ သုတ်သင်ခံရတာ ဂျီနိုဆိုဒ်လို့ အိုဘားမားက ပြောတယ်။ သူ တကယ်တန်း အစိုးရ ဖြစ်လာချိန်ကျတော့ တူရကီနဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်ဘို့ဖြစ်လာတဲ့ အခါ အမေရိကန်အစိုးရအနေနဲ့ အဲဒီအဖြစ်ကို အဲလို ဂျီနိုဆိုဒ်လို့ ဆုံးဖြတ်ပြောဆိုတာမျိုး မရှိပါဘူးလို့ ပြန်ပြင်သွား တယ်။ အခု ထရန့်လက်ထက်မှာတခါ လွတ်တော်က အဲဒီလို ဆုံးဖြတ်တဲ့ အပေါ် တူရကီသမတ က သူတို့တူရကီကို ဂျီနိုဆိုဒ်လုပ်တယ် လို့ ဆုံးဖြတ်ကြရင် သူတို့ကလဲ အမေရိကန်ရာဇဝင်ကိုပြန်လှန်မယ်တဲ့ ။ ဥရောပကနေ အမေရိကတိုက်ကို အမေရိကန် ဘိုးဘေးတွေ စတင်အခြေချစဥ်ကာလတုန်းက ဒေသခံမျိုးနွယ်စုတွေ ကို မျိုးဖြုတ်ခဲ့တာ နယ်မြေရှင်းလင်းခဲ့တာတွေ ပြန်ဖေါ်မယ်လို့ ပြန်ခြိမ်းခြောက်ပါတယ်။

ပါဝါကြီးတွေ အချင်းချင်း အဲသလို နိုင်ငံရေးကစားကြ ခြိမ်းခြောက်ကြ အလျော့အတင်းလုပ်ကြ ဆိုတာတွေရှိ ပေမယ့် မြန်မာကတော့ လောလောဆယ် အိုင်စီဂျေအထိ အမှု ရောက်နေပါပြီ။ ကုလသမဂ္ဂအစည်းအဝေး ကလဲ ခုရက်ထဲမှာတင် မြန်မာနိုင်ငံကို ရှုံချတဲ့ အဆိုတင်ပါတယ်။ ၁၉၃ နိုင်ငံမှာ၁၃၄ နိုင်ငံကမြန်မာကို ရှုံ့ ချတယ်။ မြန်မာနိုင်ငံကို ဝင်ဖြေရှင်းရမယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ အခု လတ်တလော ဆုံးဖြတ်ချက်က ဒီ ဇန်နဝါရီလထဲ အိုင်စီဂျေတရားရုံး ကဆုံးဖြတ်ချက်ချပေး ရမှာ ဖြစ်တဲ့-- ရခိုင်ပြည်နယ်အတွင်း လူနည်းစု မူဆလင်ဘာသာဝင်များ ကိစ္စအပေါ် ပြင်ပနိုင်ငံတွေက အရေးပေါ်ဝင်ရောက်ကိုင်တွယ် ဖြေရှင်းပေးဘို့ လိုမလို စဥ်းစား ဆုံးဖြတ်ချက်ကို ဝင်အားဖြည့်ပေးတဲ့ သဘောသက်ရောက်နေပါတယ်။

အိုင်စီဂျေ ဘယ်လိုဆုံးဖြတ်မလဲ ။ ကျွန်တော်တယောက်ထဲ အမြင်ကတော့ မြန်မာပြည်သူအများစုနဲ့ အမြင်တူပါလိမ့်မယ်။မြန်မာတွေမှာ လူမျိုးတုန်းသတ်ဖြတ်တဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတဲ့ စိတ်ရင်း ။ ဒီအတိုင်း အဖြေ ထွက်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဖြေက ကြာဦး မယ်။ တရားရုံးမှာ ငြင်းခုန်နေကြတာ နှစ်များစွာလဲ ကြာသွား နိုင်ပါတယ်။ အရေးပေါ် အစီအမံ လိုမလို ဆိုတဲ့ ဆုံးဖြတ်ချက် ကတော့ ဒီလထဲ လာတော့ မှာ။ သူလာရင် မြန်မာတွေ ဘယ်လို လုပ်မလဲ။
အိုင်စီဂျေက မျှတလက်ခံနိုင်တဲ့ အဖြေ မျိုး ထုတ်မယ်လို့ တော့ ထင်တာပဲ ။ သူ့ အဖြေ ဘယ်လိုဖြစ်မလဲ။ သူ့ အဆုံးအဖြတ်ကို အစိုးရက ဘယ်လိုတုန့်ပြန်မလဲ ကျွန်တော် မသိပါ။ အစိုးရ ဦးဆောင်တာကိုသာ လူထုက လိုက်နာဘို့ အရေးကြီးပါတယ်။
ဒီကိစ္စ ဟာနောက်ခံ သမိုင်းနဲ့ ပါဝင်နေတဲ့လက်တွေများလွန်းတာမို့ အလွန်ကို သိမ်မွေ့ ရှုပ်ထွေးပါတယ်။ ငါ သာ လုံးဝ မှန် တယ်။ သူတို့က လုံးဝမှား တာ ။ ငါသာ လုံးဝတရားတယ် ။ သူတို့က လုံးဝ မတရားဘူးဆိုတာမျိုး တွေကို တွေးရင် ပြဿနာအဖြေ မရပဲ - အစိတ်စိတ်ကွဲနေကြနေမှာသေချာပါတယ်။
ဂျီနိုဆိုဒ် အထိ မရှိပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေခဲ့တယ်ဆိုတာအထိ ခင်ဗျား လက်ခံနိုင်မှာလား ။
ဒီအတွက် တရားမျှတမှုကို ခင်ဗျား လိုလားပါသလား။
လူ့အခွင့်အရေးကို လုံးဝပစ်ပယ် ပြီး လက်လွတ်စပါယ် ပြောလို့ မရသလို အကူးအပြောင်းကာလရဲ့ တရားမျှတမှုများကိုလဲ ပြသ ပေးဆပ်ကြရပါဦးမယ် ။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ချင်နေတာနဲ့ တချိန်ထဲမှာ အပြစ်လုပ်ပြီး အပြစ်လွတ်တဲ့ အပြစ်မသင့်ကြတဲ့ ထုံးစံ အစဥ်အလာဆိုးကြီးကို ရိုက်ချိုးချင်စိတ် မရှိသေးရင်လဲ မရသေးပါ ။
ငါ့တို့တရား ငါတို့ စီရင်တာပဲဆိုတဲ့ လူတချို့ရဲ့ အလွန်အကျွံ လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးက မြန်မာအားလုံးကို ဘာသာအမှားပြန်နေတယ်။ကြာပြီ။ အခုက ထပ်မမှားဘို့ နဲ့ တိကျတဲ့ ကျင့်ဝတ်တွေကို ချမှတ်နိုင် ကြိုးစား မတ်တပ် ရပ်ကြရမယ့်အချိန်ပါ။ အတိတ်က မှားတာတွေ ကို ပြန်မပြင်နိုင်ပေမယ့် အနာဂတ်မှာ အမှား ကြီးတွေ ထပ်ထပ် မမှားအောင်တော့ သင်ခန်းစာ ယူကြရမယ့် အချိန်ဆိုတာ သိသင့်ကြပါတယ်။

ဖြစ်စဥ်ကြီးက ရှည်လွန်းသွားတယ်။ အမှောင်ထုက ကြီးလွန်းလှတယ်။ ဒါက ဓမ္မ ဒါက အဓမ္မ လို့ ဘယ်သူမှ သေချာ ရှင်းရှင်းလင်းလင်း အပြတ်ပြောလို့ မရတော့တဲ့ သူ့ဖက် ကအမှား ကိုယ့်ဖက်က အမှား အမှားချင်း ထပ်တဲ့ လူမှုသမိုင်းစဥ်ကြီးတခုနဲ့တူပါတယ်။

အခု သက္ကရာဇ် ၂၀၂၀ အတွက် ဘာသာရေးခေါင်းဆောင်တွေ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ၂ မိနစ်စာ ဆီလောက် အဆုံးအမတွေ ဆန္ဒတွေ ဆုတောင်းတွေကို ကျွန်တော်လိုက်ပြီး နားထောင်မှတ်သားကြည့်ပါတယ်။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးက
မျိုးနွယ်စု အားလုံးဟာ ငြိမ်းချမ်းစွာနေလိုကြတာချည်းပဲ ။ လုပ်တာ တွေမမှားကြဘို့ မြန်မာတွေ သတိသံပဇဥ်ညတရားလက်ကိုင်ထား ကြပါလို့ ဆုံးမပါတယ်။
သီတဂူဆရာတော်ကြီးရဲ့ တရားအားလုံးရဲ့ အချုပ် က အပမာဒေန သမ္မါဒေထ- လောကနဲ့ ဘဝ ကို သတိနဲ့ စောင့်ကြည့်ကြပါလို့ ဆုံးမပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တော့ နိုင်ငံသားတွေ ရဲ့ အရည်အချင်းတွေ ပြည့်မှီ လာဘို့ ဆုတောင်းချင်ပါ တယ်တဲ့ ။ နိုင်ငံတနိုင်ငံ ရဲ့ အရည်အချင်း အနှစ်သာရ ဆိုတာက သူ့ နိုင်ငံသားတွေပဲလို့ သူမြင်သတဲ့ ။ နိုင်ငံ အရင်းအမြစ် မှာ နိုင်ငံသားတွေ က အရေးအကြီးဆုံး လို့ ပြောချင် ဆုံးမချင်ပုံ ရပါတယ်။
နိုင်ငံတော်သမတ ဦးဝင်းမြင့် က အမှန်တရား အတွက် တရားမျှတမှု အတွက် ရိုးသားပွင့်လင်းမှုတွေနဲ့ အလုပ်လုပ်သွားကြဘို့တိုက်တွန်းပါတယ်။
ပြည်ထောင်စု လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် ဥက္ကဌတွေဖြစ်တဲ့ ဦးတီခွန်မြတ်နဲ့ ဦး မန်းဝင်းခိုင်သန်းတို့က
အတ္တမာနများကိုချထားကြပါ။ မေတ္တာထား ဆောင်ရွက်ကြပါ ။ မျှဝေကြပါ ။ ကိုယ်ကျင့်သီလ စိတ်စေတနာကောင်းထားကြပါ ။ အရေးကြီးရင် သွေးစည်းကြပါ ။ ပြည်ထောင်စု စိတ်ဓါတ်နဲ့ တိုင်းရင်းသားတရပ်လုံးရဲ့ စုပေါင်းအား နဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ကို အတူတကွ တည်ဆောက်သွား ကြရအောင်လို့ ပြည်သူကို တိုက်တွန်းထား ပါတယ်။

အမေရိကန်လို အင်အားကြီးနိုင်ငံတွေကတော့ နိုင်ငံရေးအရ သူတို့ကံကြမ္မာ သူတို့ ဆုံးဖြတ်နိုင်တဲ့ အင်အားတွေ ရှိကြတယ်။ တူရကီနဲ့ မိတ်မပျက်ချင်တော့ လွှတ်တော် ဆုံးဖြတ်ချက်ကိုလဲ ပစ်ပယ်လိုက်တယ်။ ကိစ္စမရှိ ။ ဂရုစိုက်စရာမလို။ သူတို့မှားလို့ အိုင်စီဂျေအထိ သူတို့ကို ဘယ်သူမှ ဆွဲတင်လို့ မရ။ ကိုယ်တွေက အားသေးတဲ့တိုင်းပြည်။ အိုင်စီဂျေရဲ့ တရားခွင်မှာ တရားသူကြီး ၁၇ ဦးရဲ့ တရား အဆုံးအဖြတ်ကို စောင့်နေရတဲ့ အနေအထားမျိုး ။ အိုင်စီဂျေက( ဒေါ်စု တင်ပြသလို ) တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို နားလည်ပြီး ဆုံးဖြတ်ချက်ချမယ်ဆိုရင် တိုင်းပြည်အတွက် ရှေ့ဆက် လုပ်ရကိုင်ရတာ ချောမွေ့သွားနိုင်ပါတယ်။ အရပ်သား အစိုးရကော တပ်မတော်ကော လက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးကျလာရင် အကောင်းဆုံး ဖြေရှင်းနိုင်သွားကြမယ်။ ချက်ချင်းလက်ငင်း ပြင်းထန်တဲ့ ဆုံးဖြတ်ချက်မျိုးကျလာရင်တော့ တိုင်းပြည်ဟာ အတော်ကို သတိကြီးကြီးနဲ့ ရွေ့ရမယ်အချိန်ကိုရောက်သွားမှာ ဖြစ်ပါတယ်။
သက်ရောက်မှုတွေက အစိုးရဆီ၊ တပ်မတော် ဆီ၊ တိုင်းရင်းသား လူနည်းစုနဲ့ လူနည်းစုဘာသာဝင်တွေအားလုံးဆီကို သက်ရောက်မှာပါတယ်။ နိုင်ငံသားတွေ အရည်အချင်းမရှိရင်တော့ အတိတ်သင်ခန်းစာ ကို မယူရင် ပိုနက်တဲ့ အပျက်အစီးဘက်ကို ရွေ့သွားနိုင်ပါတယ်။ တိုင်းသူပြည်သားအချင်းချင်း နားလည်ခွင့်လွှတ်ခြင်းတရား မထားနိုင်ရင် လူ့အဖွဲ့အစည်းတွေ ဆက်တိုက် ကျိုးပျက်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ အကျိုးအမြတ်ထုတ်မယ့် အဖွဲ့တွေဟာ အိုင်စီဂျေ ကို တင်ကတည်းက ပြင်ဆင်နေကြပြီးသား ဖြစ်ပါတယ်။ အဆုံးအဖြတ်ကျလာရင်လဲ ဘယ်လို ပုံစံမျိုးနဲ့ ဆုံးဖြတ်ဆုံးဖြတ် - ခလောက်ဆန်ကြဘို့ အသင့်ရှိနေကြပါတယ် ။
ပစ်မှတ်ထား တဲ့ ပိတ်ဆို့ အရေးယူမှုတွေ လာမလား ။ တပြည်လုံးအတိုင်းအတာနဲ့ ပိတ်ဆို့တာတွေလာမလား။ ကိုယ်ရဲ့ ဘေးမှာ မိတ်ကောင်းဆွေကောင်းတွေ ဝိုင်းရံတာပဲ ဖြစ်စေချင်တယ်။ စေတနာမှန်တဲ့ မိတ်ဆွေတွေသာ ဝိုင်းရံစေချင်ပါတယ်။ မတတ်သာလို့ ပေါင်းရတဲ့ မိတ်ဆွေမျိုးလဲ မရချင်- မဖြစ်ချင်ဘူး ။

မြန်မာပြည်သားအားလုံး ၂၀၁၉ ကို သင်ခန်းစာယူတတ်ရင် ကောင်းကျိုးတွေ ဖြစ်ကြမှာ ပါ ။ ကျင့်ဝတ်ဘက်ကသာ ရပ်လို့ ဓမ္မဘက်ကသာတွန်းဘို့ အစိုးရနဲ့ လူထုကျောချင်းကပ်နိုင်ကြရင် အကောင်းဆုံးပါပဲ ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်ချက်မှာတော့ ကောင်းသော ကံ ကိုပြုကြမ ယ်ဆိုရင် ကောင်းသောအကျိုးရလဒ်ကို ရကြမယ်လို့ ယုံကြည်ကြပါတယ်။

ခွန်ဆိုင်း ( ၁-၀၁- ၂၀၂၀ )