Breaking News

မောင်စွမ်းရည် - သတင်းစာဆရာကြီး မောင်သစ်လွင်(လူထု)



မောင်စွမ်းရည် - သတင်းစာဆရာကြီး မောင်သစ်လွင်(လူထု)

(မိိုးမခ) ဧပြီ ၂၊ ၂၀၂၀

ကဗျာဆရာ တင်မိုး၊ ကဗျာဆရာ မောင်သိင်္ဂါ (ဘာသာပြန်ဆရာ မောင်သာနိုး)၊ ကဗျာဆရာ ကြည်အောင်၊ ဘာသာပြန်ဆရာ မောင်မိုးသူ၊ စာစီစာကုံးဆရာ ဂုဏ်ထူးသိန်းနိုင်၊ ကဗျာဆရာ မောင်စွမ်းရည် စတဲ့ လူထုတိုက်ထွက် စာရေးဆရာများနဲ့အတူ လူထုတိုက်တွင်းကနေ စာရေးနေသူ နှစ်ဦး ရှိပါတယ်။ မောင်သစ်လွင်နဲ့ နတ်မောက်ထွန်းရှိန်တို့ပါ။ နတ်မောက်ထွန်းရှိန်ကတော့ ခုအခါမှာ မန္တလေးဂျာနယ်ကြီးတစောင်ကို ဦးဆောင်း တည်းဖြတ်ထုတ်ဝေနေပါတယ်။ မောင်သစ်လွင်ကိုတော့ စာရေးတာ သိပ်မတွေ့ရပါ။ ကျန်းကျန်းမာမာမှ ရှိပါရဲ့လားလို့၊ အဝေးကနေ တွေးပြီး ပူပန်ရပါတယ်။ ကျွန်တော်တို့ ခေတ်ပြိုင် လူထုတိုက်ထွက်တွေထဲမှာ မောင်သစ်လွင် တဦးသာ (လူထု)ကို ဘွဲ့ခံတာ တွေ့ရပါတယ်။ ကျွန်တော်က သူ့ကို အားကျပြီး မောင်စွမ်းရည်(လူထု)လို့ တခါ လုပ်လိုက်ဖူးပါတယ်။ သူငယ်ချင်း တင်မိုးက ကြီးမှ ဝက်သက်ပေါက်ပြီး အရူးမထစမ်းပါနဲ့လို့ ဆိုတာနဲ့ ဆက်ပြီးမသုံးတော့ တာပါ။

မောင်သစ်လွင်က ချောက်မြို့ကပါ။ စာရေးဆရာ မင်းကျော်တို့နဲ့ ငယ်သူငယ်ချင်းတွေပါ။ သူ့ဖခင်ကြီး က ချောက်ရေနံမြေက အလုပ်သမားခေါင်းဆောင်တဦးဆို ထင်ပါရဲ့။ ဦးလေး လူထုဦးလှရဲ့ မိတ်ဆွေ တဲ့။ မိတ်ဆွေရဲ့သားကို ခေါ်ယူပြီး သတင်းစာသမား ဖြစ်အောင် ဦးလေးတို့က ပြုစုပျိုးထောင်ခဲ့တာ ပါ။ တသက်လုံး ဆိုသလို လူထုတိုက်ထဲမှာပဲ ဒေါ်ဒေါ်လူထုဒေါ်အမာတို့နဲ့အတူ နေထိုင်စားသောက် လုပ်ကိုင်လာတော့ သွားဟန် လာဟန် ပြောဟန်တွေပါ တီးတိုးညင်သာပြီး ‘လူထုဟန်’ပေါက်နေ တယ် ဆိုရပါမယ်။ ကျွန်တော်တို့ လူထုတိုက်သွားရင် သူ့ကို တွေ့နေကျ နှုတ်ဆက်ပြောဆိုနေကျ ဖြစ်ပေမယ့် စာကြောင်း ပေကြောင်းတွေကိုတော့ အတူထိုင်ပြီး အေးအေးဆေးဆေး ဆွေးနွေးပြောဆို တာမျိုး ရှိခဲလှပါတယ်။ သူ့အသက်အရွယ် ဘယ်လောက်လဲ အတိအကျ မသိ၊ မမေးခဲ့ကြဖူးပါ။ ခုတော့ သူက မွေးနေ့လုပ်သတဲ့။ ဖေ့စ်ဘုတ်ပေါ်မှာ ကိတ်မုန့်တွေ ဘာတွေ လှီးလို့။ ကျွန်တော်က လည်း ပြည်ပရောက်မှ စိန်ရတုမွေးနေ့မှာ တကြိမ်တော့ဖြင့် ကိတ်မုန့်လှီးဖူးပါရဲ့။ တောသားတွေ ကြီးပွားနေပုံများ။ စစ်အစိုးရ ခေတ်တွေက ကျွန်တော့်ပုံတော့ သူ တွေ့လိုက်ဖူးမယ် မထင်ပါ။ သူ့ပုံကိုတော့ ကံအားလျော်စွာ တွေ့လိုက်ရပါတယ်။ ဆံပင်တွေဖြူလို့ပေါ့။ ဖြူမှာပေါ့။ အသက်က ရှစ်ဆယ်ကျော် ငါးနှစ်ပတ်လည် အဘတို့အရွယ် ရောက်ခဲ့ပြီကိုး။ ခုလို သတင်းတွေ့ရတော့မှ သူက ကိုယ့်ထက် ခုနစ်နှစ် ကြီးကြောင်း သိလိုက်ရပါတယ်။ သူနဲ့ ကိုသာနိုးနဲ့ ရွယ်တူပေါ့။ တင်မိုးနဲ့လည်း ရွယ်တူပေါ့။ ကျွန်တော်က မောင်မိုးသူတို့၊ ကြည်အောင်တို့နဲ့မှ ရွယ်တူ။ ၁၉၃၇ ခုနှစ် ‘တခုတည်းဖွား’ တေွ။ မောင်သစ်လွင်ကတော့ ‘အစ်ကိုကြီး’ပေါ့။ ၁၉၃၃-၃၄ မွေးဖွားသူ ဖြစ်မှာပေါ့။

ကိုသစ်လွင်က ကျွန်တော်တို့လို စာပေလောကမှာ နေရာတကာ ဟိုစပ်စပ် ဒီစပ်စပ် သွားလာလုပ်ကိုင် နေသူ မဟုတ်ပါ။ ပွေးများလို တွင်းအောင်းနေသူသာ ဖြစ်ပါတယ်။ လူထုကို ရောက်မလာရင် စာရေးဆရာ၊ သတင်းစာဆရာ ဖြစ်လာကောင်းမှ ဖြစ်လာမှာပါ။ သူဟာ တကယ်ပဲ လူထုက လက်သပ်မွေးပြီး ပြုစုပျိုးထောင်မှု ခံယူပြီး သတင်းစာဆရာ ဖြစ်လာသူပါ။ ‘လုထု’ ဆိုတဲ့ ဘွဲ့မည်နဲ့ လည်း တကယ်ထိုက်တန်သူ ဖြစ်ပါတယ်။ သူဟာ လူထုမှာ လုပ်ကိုင်လာတာ ညီပုလေးရဲ့တသက် တောင် ကမယ်မထင်ပါဘူး။ အိမ်ထောင်ကျတာလည်း ကိုယ့်မျက်မှောက်တင်ပါပဲ။ သူ့ဘာသာ ရှာယူခဲ့တာလား။ ဒေါ်ဒေါ်တို့က ရှာပေးခဲ့တာလား၊ မသိလိုက်ပါ။ နတ်မောက်ထွန်းရှိန်က အရပ်ထဲ နေပေမယ့် ကိုသစ်လွင်က လူထုတိုက်မှာပဲ နေသူဆိုတော့ ဘယ်လို အိမ်ထောင်ကျလိုက်မှန်း မသိခဲ့ပါ။ စကားမစပ်မိခဲ့ပါ။

ဗမာပြည်မှာ ပုဂ္ဂလိက စာကြည့်တိုက်ဆိုတာ အလွန်ရှားပါတယ်။ အိမ်တိုင်းမှာ ပရိတ်ကြီးစာအုပ် လောက်ကလွဲပြီး တခြားစာအုပ်တွေဟာ ဖတ်ပြီး စွန့်ပစ်ရမယ့်စာအုပ်တွေလို့ပဲ ယူဆတတ်ပါတယ်။ မဂ္ဂဇင်းနဲ့ ဝတ္ထုစာအုပ်တွေဆိုရင် ဖတ်ပြီးတာနဲ့ ဆုတ်ဖြဲပြီး ကြက်သွန်ခွံ၊ ကြက်ဥခွံ ထုပ်တာကနေ ကလေး မစင်သုတ်ပစ်တာအထိ အသုံးချလိုက်ကြပါတယ်။ စာကြည့်တိုက်ဆိုတာများ စဉ်းစားတောင် မစဉ်းစားတတ်ပါ။ အိမ်တအိမ် ဆောက်ရင် စာဖတ်ခန်း၊ စာအုပ်စင် စတာတွေကို ထည့်သွင်းစဉ်းစား လေ့မရှိပါ။ ဒီလို တိုင်းပြည်မှာ ဦးလေး လူထုဦးလှကတော့ ငယ်စဉ်ကတည်းက စာအုပ်တေွ စုဆောင်းလာခဲ့သူမျိုး ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီး အိမ်ပြောင်းတဲ့အခါ ဘုရားဆင်းတုတော်နဲ့ စာအုပ်တွေကို ဦးစားပေးပြီး သယ်ယူရွှေ့ပြောင်းသူမျိုး ဖြစ်ပါတယ်။

ဦးလေးဟာ လူထုဒေါ်ဒေါ်နဲ့ အိမ်ထောင်ကျပြီး မန္တလေးမှာ ကြီးပွားရေးစာအုပ်တိုက်နဲ့ လူထု သတင်းစာတိုက်ရယ်လို့ တိုက်နဲ့ တာနဲ့ အိုးနဲ့အိမ်နဲ့ အတည်ကျ ဖြစ်လာတဲ့အခါ စာကြည့်တိုက်ကို ပြုစုပျိုးထောင်ပါတယ်။ စာကြည့်တိုက် ပညာရှင်စာကြည့်တိုက်မှူးတယောက်ကို လခပေး ငှားရမ်း ပြီး ကက်တလောက်တင်တာကတော့ ဦးလေး ကွယ်လွန်မှပဲ ဖြစ်မြောက်အောင်မြင်ခဲ့ပါတယ်။ ခုအခါ လူထုစာကြည့်တိုက်ဟာ ပုဂ္ဂလိကစာကြည့်တိုက်တွေထဲမှာ အကြီးဆုံး ဖြစ်မယ် ထင်ပါတယ်။ မန္တလေးမှာ တခုတည်းသော ပုဂ္ဂလိကစာကြည့်တိုက်လည်း ဖြစ်ပါတယ်။ အဲဒီလူထုတိုက်စာအုပ်ပုံကို ကိုသစ်လွင်တို့က ခွထိုင်ခဲ့ရသူတွေ ဖြစ်ပါတယ်။ မဟာဝိဇ္ဇာကျမ်းပြုသူ၊ ပါရဂူကျမ်းပြုသူ၊ တက္ကသိုလ် ကျောင်းသားကြီးတယောက်ဟာ လူထုစာအုပ်ပုံကို ခွထိုင်ရင်းနဲ့ သတင်းစာသမိုင်း၊ မဂ္ဂဇင်းသမိုင်း၊ အမျိုးသားစာပေလှုပ်ရှားမှု သမိုင်း၊ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု သမိုင်း၊ အလုပ်သမားလှုပ်ရှားမှု သမိုင်း၊ တိုင်းရင်းသားယဉ်ကျေးမှုသမိုင်း၊ သာသနာသမိုင်း စတာတွေကို ကျမ်းပြုလို့ ရနိုင်ပါတယ်။ ခုအခါ ဒေါက်တာသန်းထွန်း(သမိုင်းပါမောက္ခ)လို ပုဂ္ဂိုလ်မျိုးတွေရဲ့ ပုဂ္ဂလိကစာအုပ် စာအုပ်ပုံတွေပါ လက်ခံရရှိထားလေတော့ ပိုပြီးစုံလင်နေပါတယ်။

ဦးလေးတို့၊ ဒေါ်ဒေါ်တို့ဟာ ဒီစာအုပ်တွေကို လက်ညှိုးထိုး ညွှန်ပြပြီး စာရေးဆရာတဦး ကျမ်းပြုသူ တဦးကို နေ့ချင်းညချင်း ကူညီမွေးထုတ်ပေးနိုင်ပါတယ်။ သက်ရှိထင်ရှားရှိစဉ်ကတော့ ပိုပြီးထိရောက် တဲ့ အကူအညီပေးနိုင်ပါတယ်။ လူငယ်တွေဟာ လူထုစာအုပ်ပုံက စာအုပ်တွေကို ဖတ်နိုင်တယ်။ လူထုသတင်းစာ၊ လူထုဂျာနယ်မှာ စာရေးနိုင်ကြပါတယ်။ အဆင်သင့်ရင် သင့်သလို လူငယ်တွေ ရေးတဲ့ စာအုပ်တွေကို ပုံနှိပ်ထုတ်ဝေပေးလိုက်ပါသေးတယ်။ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ ရွှေကိုင်းသားကြည်အောင်၊ မောင်စွမ်းရည်တို့ စာအုပ်တွေကို ထုတ်ဝေပေးခဲ့သလို အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲတွေမှာ တင်သွင်းဖတ်ကြားခဲ့တဲ့ စာတမ်းပေါင်းချုပ်တွေကိုလည်း ပုံနှိပ်ထုတ်ဝေပေးလိုက်ပါသေးတယ်။ မောင်သစ်လွင်ဟာ ရွက်ကြမ်း ရည်ကျို စာပေသမားတဦးပါပဲ။ ဒါပေမဲ့ လူထုတိုက်ထဲက ထွက်လာတဲ့အခါ သတင်းစာဆရာတဦး၊ ကျမ်းပြုပုဂ္ဂိုလ်တဦးအဖြစ် ရပ်တည်လာခဲ့ပါတယ်။ ယနေ့ မန္တလေးမှာ အကန်တော့ခံ သက်ကြီး သတင်းစာဆရာကြီးတဦး ဖြစ်နေပါပြီ။ လူထုစာအုပ်ပုံကို ခွထိုင်ရင်း သွားရင်းလာရင်းနဲ့ ပြုစုထုတ်ဝေခဲ့တဲ့ စာအုပ်ဟာ အလုပ်သမားသမိုင်းဆိုင်ရာ စာအုပ်စာတမ်းတွေထဲမှာ မောင်သစ်လွင်(လူထု)ရဲ့ စာအုပ်တအုပ်လည်း မဟာဝိဇ္ဇာကျမ်းပြုသူ၊ ပါရဂူကျမ်းပြုသူတို့ အကိုးအကားပြုစရာ အခိုင်အမာ စာစုတခုအဖြစ် ရပ်တည်နေခဲ့ပါပြီ။ ဒီပုံစံဟာ လူထုကျောင်းထွက် တဦးရဲ့ ပုံစံပါပဲ။

မောင်သစ်လွင်(လူထု)ဟာ ခုတော့ ဦးသစ်လွင် ဖြစ်လာပါပြီ။ အသက်က ၈၄ နှစ်တဲ့။ ဦးခေါင်းဖြူနေ ပေမယ့် လူကိုယ်ကတော့ မတ်မတ်ခိုင်ခိုင်နဲ့ ဓားကိုင်ပြီး ကိတ်မုန့်လှီးနေပုံဟာ မြင်ရသူအပေါင်း အားကျဂုဏ်ယူဖွယ်ရာပါ။ အထက်ဗမာနိုင်ငံရဲ့ သတင်းစာဆရာတဦး၊ မန္တလေးမြို့ရဲ့ အကန်တော့ခံ စာရေးဆရာကြီးတဦး၊ လူထုတိုက်ထွက် စာရေးဆရာတဦး ဖြစ်သူ၊ မောင်သစ်လွင်တယောက် အသက်ရာကျော်နေပြီး စာပေတွေ ဆက်လက်ပြုစုရေးသားနိုင်ပါစေသတည်း။

မောင်စွမ်းရည်
အဝေးရောက် လူထုသားတဦး
၂၀၁၈ စက်တင်ဘာ ၇
နယူးယောက်