မောင်ရစ် - ဂျန်ကင်းကို နှုတ်ဆက်ခြင်း (၃)
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၀
(၃)
သောကြာနေ့ ညနေ ၆ နာရီလောက်မှာ အုခ်ဗက်အရေးပေါ်ဆေးရုံကို ရောက်တယ်။ ကားပတ်ကင်ကို ရောက်ဖို့ ပိတ်ထားတဲ့ သံတခါးကြီးကို ဖြတ်ရတယ်။ စကားပြောခုံကနေ လှမ်းပြောတော့ - ဂျန်ကင်းလာပြီလား တဲ့။ သူတို့သူနာပြု (အခေါ်ကတော့ technician တဲ့) တွေ လာခေါ်ပါမယ်တဲ့။ ကားထဲက စောင့်ပါ။ တယောက်က ဂျန်ကင်းကို ဆေးရုံထဲ ချက်ခြင်းခေါ်သွားပြီး ကျန်တယောက်က လူနာရှင်တွေဆီက ဖြစ်စဉ်ကို မေးပါတယ်။ အတွင်းမှာတော့ အရေးပေါ်ဆရာဝန်က စစ်ချက်ကို ဖတ်ပြီး ကုသမယ် ဖြစ်ပါတယ်။ ဒေါက်တာဆင်း ရှင်းပြထားတာကော သူလုပ်ပေးထားတဲ့ ဆေးစစ်ချက်တွေကော ကျေးဇူးနဲ့ သူတို့ အပြည့်အစုံ သိသွားရတယ်။ သူ့ကို ဆေးကုသစဉ်မှာ အသက်ရှု မတော်တဆရပ်သွားသော် အသက်ကယ်ဆေးတွေ ဘာတွေနဲ့ နှလုံးပြန်ခုန်အောင် လုပ်မလား၊ သည်အတိုင်း ထားလိုက်မလား တဲ့။ လက်ရှိမှာတော့ သူသက်သာအောင် လုပ်ပေးဖို့ လာကြတာမို့ အသက်ပြန်ရှုအောင် လုပ်ပေးပါလို့ မှာရပါတယ်။ အိုကေတဲ့။ သူတို့ ဆရာဝန်ကို ပြောပြလိုက်မယ်တဲ့။ ကားထဲက စောင့်ကြပါတဲ့။
resuscitate လုပ်တယ်ဆိုတာက အသက်ရှုရပ်သွားသူကို အသက်ပြန်ရှုလာအောင် ဆေးပညာနည်းလမ်းစုံနဲ့ ပြန်ပြုစုတာပေါ့။ အမေရိကားက အချို့သက်ကြီးရွယ်အိုတွေက အသက်ရှုရပ်သွားခဲ့သော် ပြန်ရှင်အောင် မလုပ်ပေးနဲ့ဆိုတဲ့ သဘောထားစာချုပ်ကို လက်မှတ်ထိုး ပေးထားတတ်တယ်။ ဂီလာနလူအိုတွေဟာ လူနာဘ၀နဲ့ အကြာကြီး ဆက်မနေချင်တော့ဘူး၊ မတော်တဆအသက်ပြန်ရှုတယ် ဆိုဦးတော့ မသန်မစွမ်း ချို့ချိုံယွင်းယွင်း အသိစိတ်မကပ်ဘဲ မြောပြီး မေ့ပြီး ရှင်သန်နေရတာမျိုးကို မလိုချင်တဲ့ သဘောပေါ့။ သတင်းတခုမှာ အဖိုးကြီးတဦးက ရင်ဘတ်မှာ ဆေးမင်ကြောင်ကို ထိုးထားတယ်၊ do not resuscitate တဲ့။ ငါ့ကို အသက်ပြန်မကယ်နဲ့ ဆိုတဲ့သဘော။ ဆေးဝန်ထမ်းတွေက သူ့စကားကို လိုက်နာရတာပေါ့လေ။
ဂျန်ကင်းကိုတော့ သူခံစားနေရတာလေး သက်သာလို သက်သာငြား အရေးပေါ်ကို ခေါ်လာရတာဆိုတော့ အသက်ကယ်စရာရှိ ပြန်ကယ်ပေးပါလို့ ကျနော်တို့က ဆန္ဒပေးပါတယ်။ အရေးပေါ်ဆရာဝန်က စစ်ကြည့်ပြီးတော့ ရင်ခေါင်းထဲက အရည်တွေကို ဖောက်ထုတ်ကြည့်မယ်၊ သူအသက်ရှုရတာ ပြန်သက်သာအောင် ထားကြမယ်။ သည်ကြားထဲ ခံနိုင်ရည်ရှိအောင် စတဲရွိုက်ဆေး တိုက်တာတို့၊ ခံတွင်းလိုက်ဆေးလေး ကျွေးတာတို့ လုပ်ပြီး ကြည့်ကြတာပေါ့တဲ့။ ကျနော်တို့ကလည်း ဆရာဝန်ကို ပြောပါတယ်။ သူ့ကို့ အတတ်နိုင်ဆုံး အသက်ကို မွေးထားကြမယ်လို့။
ဂျန်ကင်းက စနေနေ့ မနက် ၂နာရီမှာ အိမ်ကို ပြန်ခေါ်လာကြတယ်။ ဆေးရုံက ထုံဆေးတွေ အနာသက်သာဆေးတွေ ပေးထားတော့ အဆုတ်တွင်းက အရည် ၁၆၀မီလီဂရပ် ထုတ်ထားပေမယ့်လည်း သက်သက်သာသာနဲ့ မှိန်းနေနိုင်ပါတယ်။ ဒီလိုလေးနဲ့ သူ သက်သာသွားမလား မျော်လင့်မိတယ်။ သူ့ကိုယ်တွင်းက အရည်တွေကိုလည်း ဘာရောဂါမှန်း သိရအောင်လို့ ဓာတ်ခွဲခန်းပို့ စစ်ပေးဖို့လည်း ဆေးရုံကို မှာထားခဲ့ကြပါတယ်။ ဆရာဝန်က ပြောပါတယ်။ ကိုယ်တွင်းကအရည်တွေဆိုတာ အခြေအနေမကောင်းရင် ၄၈ နာရီအတွင်း ပြန်ပြည့်လာတတ်တယ်။ သိပ်မဆိုးရင်တော့ ၂ ပတ် ကနေ ၂လလောက် ကြာမှ အဆုတ်မှာ လက္ခဏာပြနိုင်တယ်တဲ့လေ။
တကယ်တန်းကတော့ ဆေးရှိန်ကြောင့်သာ စနေနေ့တနေ့လုံး မှိန်းနေတာ၊ အခြေအနေက ကောင်းလှတယ် မဟုတ်ဘူး။ စနေနေ့ညနေမှာ ဆေးရုံးကို ဖုန်းဆက်ပြီး အကျိူးအကြောင်းပြောပြတော့ ဆေးရှိန်ကုန်သွားရင် သူအသက်ရှုရခက် တာ နာကျင်တာတွေ ပြန်တိုးလာနိုင်တယ်တဲ့။ အစားမစား ရေမသောက်နဲ့ဆိုရင် အားနည်းသည်ထက် အားနည်းလာနိုင်တယ်။ သူတို့ဆီ အရေးပေါ်ဆီကို ချက်ခြင်းပြန်လာခဲ့ပါ တဲ့။
ဝေဒနာသည်းနေတဲ့ လူနာ(ကြောင်နာ) ဘေးမှာ ကျနော်တို့ ဘာလုပ်ကြသလဲ။ သီချင်းတွေ ဆိုပြမလား။ ကဗျာတွေ ရွတ်ကြမလား။ အတိတ်ကာလကို လွမ်းမောကြမလား။ ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေ ပြန်ပြောင်း ပြောဆိုကြမလား။ အေးကွာ နေကောင်းသွားမှာပါ၊ အဆင်ပြေသွားမှာပါ၊ ဆိုတဲ့ အားပေးစကားတွေ တတွတ်တွတ် နဲ့ ရွတ်ဆိုကြမလား။ နေကောင်းသွားတဲ့အခါကို လှမ်းမျှော်ပြီး နှစ်သိမ့်စရာစကားတွေ စီကြမလား။ သူကလည်း ပြန်စကားမပြောတတ်တော့ ကြောင်တွေ ပျော်နေတဲ့အခါ ရင်ထဲက တဂူးဂူးနဲ့ ဂူးမြည်နေတဲ့အသံကိုပဲ စောင့်နေကြမလား။ ကိုယ့်သင်ကြားရတဲ့ ဘာသာရေးအဆုံးအမတွေ ဘုရားစာတွေ တရားစာတွေက သည်လိုအချိန်မျိုးမှာ ရှေ့တန်းကို ရောက်လာတယ် ဆိုရမယ်။ ကျနော့်အိမ်သူကတော့ ဂျန်ကင်းကို ပွတ်ပေးရင်းနဲ့ ပရိတ်တွေ ရွတ်တယ်။ ကျနော့်သမီးကတော့ ဂျန်ကင်းကို အရိပ်တကြည့်ကြည့်နဲ့ ရေတိုက်ကြည့်လိုက် အစာကျွေးကြည့်လိုက် တဂူးဂူးမြည်သံကို ရင်ဘတ်မှာ နားနဲ့ ကပ်ကပ်ပြီး နားထောင်တယ်။ ကျနော်ကတော့ ဂျန်ကင်းနဲ့အတူတူ အသက်ရှုကြည့်တယ်။ ဂူးဂဲကပြောတာကတော့ တမိနစ်ကို အကြိမ် ၄၀ အသက်ရှုနှုန်းဆိုတာ စိုးရိမ်ရတယ်။ ခုန်နှုန်း ၂၀-၃၀ က စိတ်ချရတယ်။ ဂျန်ကင်းက ၃၅-၄၀ နှုန်းနဲ့ အသက်ရှုနေတယ်။
တွေးစရာအချိန်ရတော့ ကျနော်တို့တတွေ တွေးရတာပေါ့။ ပဌာန်းရွတ်တာကို နာရတဲ့ လင်းနို့သား ၅၀၀ ဟာ သုဂတိဘုံကို လားကြတယ်လို့ ဟောတာကို နာဖူးတယ်။ ဂျန်ကင်းလည်း တရားသံကို ကြားနေရလို့ အာရုံပြုမိရင် ဉာဏဝိပ္ပယုတ်ဖြစ်နေသည့်တိုင် ကုသိုလ်စိတ်ကလေးဖြစ်နေမယ်လို့ ယူဆရင် ကောင်းမလား။ ကျနော့်ဦးလေးတဦးကတော့ သူမကွယ်လွန်ခင် အမြဲပြောတဲ့စကားရှိတယ်။ နှာသီး၀ကနေ ရှု ရှိုက် ရှု ရှိုက် လေဝင်လေထွက် ဒါလေး သတိလေးနဲ့ မှတ်ထား၊ တခြားမစဉ်းစားပါနဲ့တဲ့။ အင်း ပစ္ဈပ္ပန်တည့်တည့်မှာ ရှု ရှိုက်ပဲ လုပ်နေတာ စိတ်သက်သာရာ ရပါတယ်။ အခြားပူပင်သောကတွေ စိတ်ထဲ ဝင်မလာဘူးကိုး။ ကဲ … ဂျန်ကင်း မင်းလည်း ရှုရှိုက်၊ ငါလည်း ရှုရှိုက်၊ ငါတို့ တရားထိုင်ကြတိုင်း အမြဲတန်းဘေးက လာထိုင်ပြီး အိပ်နေကျဆိုတော့ သည် ရှုရှိုက်သံကို မင်းရင်းနှီးပြီးသားမို့ သည်အချိန်မှာ ကြိုးစားပြီး ရှုရှိုက်တာလေးမှာပဲ စိတ်ကို ထားကြပါစို့ပေါ့။
စနေနေ့ည သန်းကောင်ယံကျော်ပြီး တနင်္ဂနွေကူးပြီးကတည်းက ဂျန်ကင်းမှာ အသက်ရှုကြပ်တဲ့ ဝေဒနာတွေ တဖြေးဖြေးတိုးပြီး ပေါ်လာတော့တာပဲ။ တနာရီခြားတခါလောက် တအင်းအင်းငြီးပြီး နေရာပြောင်းအိပ်တယ်၊ လှဲနေတယ်ပေါ့။ မနက်အာရုံတက်ပြီးတဲ့အခါ ဂျင်ကင်းတယောက် အိမ်သာကြွေပြားပေါ်မှာ သက်သာရာ ရှာပြီး နေရတယ်။ အသက်ရှုပြင်းလာလိုက်၊ ပြန်မှိန်းသွားလိုက်။ သူ ထဖို့ကြိုးစားတဲ့အခါ လူတွေ တကျွတ်ကျွတ် စုတ်သပ်သလိုမျိူး အင်းအင်းဆိုတဲ့ ကြောင်သံပြုတယ်။ လမ်းလျောက်ကြည့်တယ်၊ ဘေးစောင်းလေး ခပ်ဖြေးဖြေး လဲကျတယ်။ လူတွေက သူ့ဘေးမှာ ဝိုင်းနေတော့ လူအမှီပြုပြီး သက်သာသလို နေရရှာတယ်ပေါ့။ ကျနော်တို့ကတော့ ဂျန်ကင်းနဲ့အတူ အဖော်ပြုပြီး အသက်ပြင်းပြင်း ရှုရှိုက်ပြီး နေရတာပေါ့။ ရှု ရှု ဖြေးဖြေးဖြစ်ဖြစ် မြန်မြန်ဖြစ်ဖြစ် ရှုထား ရှိုက်ထား သားရေ ပေါ့။
ရှင်ခြင်းမှာ ဒုက္ခ၊ နာခြင်းမှာလည်း ဒုက္ခ၊ သေပေါက်သေဝမှာလည်း ဒုက္ခနဲ့ပဲ။ ဘာတွေနဲ့ တရားကို ဖြေသလဲ၊ ဘာတွေနဲ့ တရားကို ရှုသလဲ။ သင်ကြား နားထောင် နာယူထားတဲ့ တရားဓမ္မ အသိပညာတွေ ရှိတယ်ထင်တာလေးတွေနဲ့ ချိန်ထိုးပြီး ကိုယ့်ဖာသာကိုယ် ဖြေကြရတာပဲ။ ဂျန်ကင်းဘ၀ကူးကောင်းမှာပါ ဆိုတာနဲ့ ဖြေကြည့်ကြတယ်။ သူ အခုဘ၀မှာ အကုသိုလ်အမှုတွေ ပြုရ ပြောရ လုပ်ရ ကိုင်ရ ရုန်းကန်ရနဲ့ နေမသွားရတော့ အကုသိုလ်အသစ်တော့ နည်းရှာမှာပဲ ပေါ့။ စားချိန်တန်စား အိပ်ချိန်တန် အိပ် ကစားချိန်တန် ကစားနဲ့ကိုး။ ပြီးတော့ သူအလျံပယ်စားရသမျှ ပိုတာတွေကလည်း အိမ်အပြင်က ကြောင်အလွင့်တွေ စားကြရတော့ သူ့အကြောင်းပြုပြီး အလှူကုသိုလ်ကလေး အဆက်အစပ်တော့ ရှိရှာတာပဲကိုး။ သူနေမကောင်းတုန်းလည်း သူ့မွေးစားမိသားစုက ဒါနမှုတွေ ပြုတာ သူ့ရည်စူးပြုထားတာတွေလည်း သာဓုခေါ်နိုင်တဲ့အခါနဲ့ ကြုံရင် သူလည်း ရနိုင်တယ် မဟုတ်ဘူးလား။ သို့သော် ခက်တာက သေခြင်းကို ရင်ဆိုင်ရတဲ့ မိနစ်စက္ကန့်တိုင်း၏ ဒုက္ခတွေ အပူတွေ ဖိဆီးမှုတွေ။ ကျနော်တို့မှာလည်း သံယောဇဉ်နှောင်ကြိုးက မပြတ်တောက်နိုင်သေးတော့ ဒီဒုက္ခကို ကိုယ်လည်း ခံစားနေရတော့တာကိုး။
ကဲ မရတော့ပါဘူး။ ဂျန်ကင်း အသက်ရှုရခက်တဲ့ အချိန်တွေ စိပ်စိပ်လာတယ်။ အနားလည်း မရရှာဘူး။ သည်တော့ အုခ်ဗက်အရေးပေါ်ကို ဖုန်းဆက်ပြီး ခေါ်လာလို့ ရမလား မေးကြတယ်။ သူတို့ကလည်း ဂျန်ကင်းကို သိထားပြီးသားဆိုတော့ လာခဲ့ပါ၊ အားလုံးအဆင်သင့်လုပ်ပေးထားမယ်။ ကားပတ်ကင်ထဲကို ဝင်ပြီး စောင့်ပါတဲ့။ သည်တခါ အဖြေမှာတော့ သူ့ကို နှလုံးရပ်သွားခဲ့သော် resuscitate မလုပ်တော့ဘူး။ သူနာပြုကို မှာကြရတယ်။ အတတ်နိုင်ဆုံး အသက်ရှုနိုင်အောင် သက်သာအောင် လုပ်ပေးပါ။ ပြီးတော့ သူ့အဆုပ်ကို စစ်ကြည့်ကြပါဦး။ ဆရာဝန်မက ကြည့်ပြီး ဖုန်းဆက်မယ်တဲ့။
သည်တခါ ဆရာဝန်မလေးဖုန်းဆက်တော့ ဂျန်ကင်းအခု နေသာထိုင်သာ ရှိအောင် လုပ်ပေးထားတယ်တဲ့။ အနာသက်သာဆေး (ထုံဆေးလိုမျိုး) ပေးထားတယ်။ အောက်စီဂျင်ပေးထားတယ်။ သူ ကောင်းကောင်း မှိန်းနေနိုင်တယ်။ သို့သော် သူ၏ ကိုယ်အပူချိန်ကတော့ ကျနေပါပြီ။ ရင်ခေါင်းထဲမှာလည်း အရည်တွေ ပြန်ပြည့်နေပုံရတယ်။ ဗိုက်ထဲမှာလည်း အရည်တွေ ရှိတယ်။ အဆုပ် နှလုံး တို့ကို အရည်တွေ ဖိထားတော့ မသက်သာဘူးပေါ့။ ကင်ဆာဖြစ်ဖို့များတယ်၊ သူ့အသက်နဲ့ ကင်ဆာကို ကုသဖို့ ခံနိုင်ရည် မရှိနိုင်ဘူး။ အရည်တွေ ပြန်ထုတ်မယ် ဆိုရင်လည်း သူ့နှလုံးက ခံနိုင်ရည် အများကြီး ရှိလှတယ် မဟုတ်ဘူး။ ဆရာဝန်မပြောပြတာတွေဟာ ရှေ့က ဆရာဝန်ကြီး ဒေါက်တာဆင်း ပြောထားသလိုပါပဲ။ သို့သော် ဆရာဝန်မက ညင်ညင်သာသာ ချိုချိုအေးအေးနဲ့ လူနာရှင်တွေကို ပြောပြတာမို့ နားဝင်ချိူတာပေါ့။ ကင်ဆာကိုကုမလား၊ အရည်ထုတ်မလား၊ နောက်နည်းလမ်းကတော့ ဒီအချိန် သူ့နောက်ဆုံးချိန်မှာ သက်တော့သက်သာ အသက်ကုန်သွားအောင် ဆေးဖြင့် ထိန်းကြောင်းပေးမလား။
ယခင်တုန်းကတော့ သဘာ၀အတိုင်း အသက်ကုန်တာကို စောင့်ကြဖို့ ပြင်ဆင်ခဲ့ကြပေမယ့် သည်အချိန်မှာ ဆရာဝန်မလေး ပြောသလို ဆေးအကူအညီဖြင့် ငြိမ်းချမ်းစွာ ချုပ်သွားတာကို ကျနော်တို့ ရွေးချယ်ဖို့ပဲ ရှိပါတော့တယ်။ တလောက အိမ်မှာ အိမ်အပြင်က ပိုင်ရှင်မဲ့ကြောင်ပေါက်ကလေး ဆုံးတော့ အသက်ငင်နေချိန်မှာ ကျနော်တို့က သက်တောင့်သက်သာဖြစ်အောင် ဘုရားခန်းထဲက ကုလားထိုင်လေးပေါ် တင်ထားပေးခဲ့တယ်။ ပြီးတော့ ကျနော်တို့ တီဗီ ဆက်ကြည့်ကြတယ်။ နောက်ပြီးတော့မှ သွားကြည့်တော့ အသက်ကုန်သွားပြီ။ ဒါနဲ့ ခြံနောက်ဖက်မှာ တွင်းတူးပြီး မြုတ်လိုက်တယ်။ သည်လိုမျိုး ဂျန်ကင်းကျတော့ ကျနော်တို့မှာ မလုပ်နိုင်ကြတာ အထင်အရှားပါ။ ကဲ … ဂျန်ကင်းကို သက်တောင့်သက်သာ ဖြစ်အောင် လုပ်ပေးပါ ဒေါက်တာ …. ။
ကိုဗစ်ကာလဆိုတော့ သည်လိုနောက်ဆုံးအချိန်မှာ ဆေးရုံထဲ ဝင်ဖို့ မလွယ်ပါ။ သို့သော် ကျနော်တို့ ကားထဲမှာ စပီကာဖုန်းဖွင့်ပြီး ဆရာဝန်နဲ့ စကားပြောချိန်မှာ ဝမ်းနည်းကြေကွဲသံများ ပြည့်လျံနေတဲ့အခါ ကျနော်တို့ကို ဂျန်ကင်းနဲ့ တွေ့ပြီး နောက်ဆုံး နှုတ်ဆက်ခွင့် ပြုပါတယ်။ ပြီးတော့ သူတို့ ဆေးသွင်းနေချိန်မှာ ဘေးက ကျနော်တို့ ၃ ဦးထဲက ၂ ဦးကို အတူ ရှိနေခွင့် ပေးပါတယ်။ ကဲ … ဒီအချိန်ကိုလည်း ရင်ဆိုင်ကြတော့မှာပေါ့။
ကျနော်ရယ် အိမ်သူရယ် သမီးရယ် ဂျန်ကင်းကို နှုတ်ဆက်ကြတော့ ဂျန်ကင်းက ဆေးပိုက်တန်းလန်းနဲ့ သက်တောင့်သက်သာ မှိန်းနေတယ်။ အသက်ရှုလည်း ညင်သာသွားတယ်။ အောက်စီဂျင်လည်း ပေးထားတယ်။ မျက်စိလည်း ဖွင့်ပြီး ကြည့်နိုင်တယ်။ ကျနော်တို့ ၃ ဦး ၀အောင် နှုတ်ဆက်ပြီးတော့ ကျနော့်အိမ်သူက ကားထဲ ပြန်သွားတယ်။ ကျနော်နဲ့ သမီး နဲ့ ဂျန်ကင်းပဲ ကျန်တော့မှ ဆရာဝန်မကလေး ဝင်လာတယ်။ သူတို့ရဲ့ ငြင်သာတဲ့ ဆေးကုသမှုကို ရှင်းပြတယ်။ နှလုံးက အားနည်းနေတော့ အခုလို သက်သာအောင် ပေးထားတဲ့ ဆေးနဲ့ မှိန်းနေရာကနေ သူတို့၏ ညင်သာသောဆေးများ တဖြေးဖြေး သွင်းပေးပြီးနောက် ခနချက်ခြင်းအတွင်းမှာပဲ ဂျန်ကင်း ခေါင်းလေး ငိုက်စင်းသွားပါတော့တယ်။
ဒီနေရာမှာ ရယ်စရာတခု ဖြတ်ပြောရရင် ကျနော်ရဲ့ အရင်စာတွေ မှာ ရေးခဲ့သလိုပေါ့ ကြောင်တွေ သေတော့မယ် ဆိုရင် မောင်ရစ်တို့ကတော့ ပေါက်တူးတလက်နဲ့ ကျင်းတူးဖို့ ပြင်ထားပြီ ဆိုတာလေ။ အခု ဂျန်ကင်းဆုံးသွားတော့ ဆေးရုံမှာလည်း ဖြစ်တယ်၊ ဥပဒေအရကလည်း သူတို့ဆီမှာ မီးသင်းဂြိုလ် ရတယ်။ ဆေးရုံက ဂျန်ကင်း၏ ပြာကို လိုချင်ရင် စာတိုက်နေ ထုပ်ပိုးပြီး ပြန်ပို့ပေးမယ်လို့ ဆိုပါတယ်။ သည်တော့ ကျနော်လည်း ပေါက်တူးကိုင်စရာ မလိုတော့ဘူးပေါ့။ သူတို့ပို့ပေးမယ့် ကြွင်းကျန်ရစ်သော ပြာကိုသာ စောင့်ရုံသာ ရှိပါတော့တယ်။
သည်လိုနဲ့ပဲ ကျနော်တို့ ဂျန်ကင်း ဆုံးပါတယ်။ သည်လိုနဲ့ပဲ ကျနော်တို့ ဂျန်ကင်းကို နှုတ်ဆက်လိုက်ပါတယ်။ ပြီးတော့ ကျနော်တို့ အိမ်ပြန်လာကြတယ်။ စက်တင်ဘာ ၂၇၊ ၂၀၂၀ ည ၈ နာရီမှာ ဂျန်ကင်း လွတ်လပ်ရာကို ပျံသန်းသွားပြီ ဆိုကြပါစို့။
ကျနော်ဘာလို့ ဒီစာကို ရေးနေရတာလဲ။ မှတ်တမ်းတခု ရအောင် ရေးနေတာလား။ ဟုတ်ပါတယ်။ ပြီးတော့ ကျနော်တို့ ချစ်ခင်သော မိတ်ဆွေ သူငယ်ချင်းတွေ ဂျန်ကင်းနဲ့လည်း ချစ်ခင် တွေ့ဆုံဖူးကြသူတွေကိုလည်း သည်နောက်ဆုံးအချိန်လေးကို အမှတ်တရ မျှဝေတာလည်း ဖြစ်ပါတယ်။ သူတို့တွေကလည်း ဝိုင်းပြီး ဆုတောင်းမေတ္တာ ပို့သခဲ့ကြတာမို့ ကျေးဇူးတင်တဲ့အနေနဲ့လည်း ဖြစ်ပါတယ်။ ရှင်သန်ခြင်းမှာ စတိုရီတွေ ရှိသလို သေဆုံးခြင်းမှာလည်း စတိုရီ ရှိတာပဲ။ ဒါကိုလည်း ရေးချင်တာ ပါတယ်။ ဂျန်ကင်းသေဆုံးသွားပြီလို့ လူတွေကို ပြောပြလိုက်တော့ မိတ်ဆွေတွေက သူတို့၏ သေဆုံးခြင်း စတိုရီ ပြောပြပြီး နှစ်သိမ့်ကြပါတယ်။ သူတို့ခွေးကလေး နှလုံးရောဂါနဲ့ သေတုန်းက၊ သူတို့ကြောင်လေး ဖျားပြီး သေတုန်းက၊ မပေါက်ကဆိုရင် သူထားရစ်ခဲ့တဲ့ သူ့ခွေးမလေး ဆုံးသွားခဲ့တဲ့အကြောင်းကို ပြောပြတယ်။ သည်လိုမျိုး သေဆုံးခြင်းကို သေဆုံးခြင်းများနဲ့ နှစ်သိမ့် အားပေးမှုတွေ ရယူခဲ့ကြပါတယ်။ ရှင်သန်ခြင်းနောက် တကောက်ကောက်လိုက်နေချိန်ကနေ အခုလို သေဆုံးခြင်းကို ရင်ဆိုင်ရတာတွေ (ကိုယ်တိုင်သေတာတော့ မဟုတ်သေးဘူးပေါ့။ သူများသေတာ ကိုယ်မြင်တွေ့ခံစားကြရတာတွေ) သည်လိုမျိုး ကျနော်တို့ ခနလောက် ရပ်ပြီး အသက်ကို ရှု ရှိုက် ရှု ရှိုက် ရှု ရှိုက် ရင်း သတိပြုမိကြတာပေါ့။
ပြီးတော့လည်း ကျနော်တို့ သေသူကို ထားရစ်ပြီး ဆက်သွားကြမှာပဲ မဟုတ်လား။ နောက်ထပ် ကြောင်လေးတကောင် ထပ်မွေးပေါ့။ သေဆုံးခြင်းမှာ ရပ်တန့်မနေဘဲ အခြားရှင်သန်မှုတခုဆီ အာရုံပြောင်းကြပေါ့ သည်လိုလဲ နှစ်သိမ့်ကြသူတွေ ရှိပါတယ်။ သူ့ကြောင်ဘိုကြီး သေသွားတဲ့အကြောင်း စာရေးတဲ့ မစံပယ်က အခု သူ့အိမ်မှာ ပြာဂလောင်နဲ့ ပြာလချောင်ဆိုတဲ့ အလွန်ဆော့တဲ့ ကြောင်ကလေး ၂ ကောင် ရောက်နေကြောင်း ဓာတ်ပုံလေး ပို့ပြီး နှစ်သိမ့်တယ်လေ။ သုခကို ခံစားလိုက် ဒုက္ခကို ခံစားလိုက် … ဝေဒနာသံသရာထဲမှာ ကျနော်တို့တတွေ …. ။
ကြာတော့လည်း ဂျန်ကင်းကို မေ့သွားချင် မေ့သွားမှာပါ။ အကြောင်းတိုက်ဆိုင်ရင်တော့ သတိရချင်ရပါလိမ့်မယ်.။ ဒါကြောင့် မမေ့ခင် သည်စာကို ရေးပါတယ်။ အသက်ရှင်ဖို့ ကြိုးစားရတာတွေ များလွန်းတော့ သေတာကိုလည်း မေ့နေတတ်တယ် မဟုတ်လား။