Breaking News

ဖိုးကျော် - ဂစ်တာ၊ လူနဲ့ အမ်တီဗီအပိုင်းအစများရဲ့ တန်ဘိုး

Image - Crd

ဂစ်တာ၊ လူနဲ့ အမ်တီဗီအပိုင်းအစများရဲ့ တန်ဘိုး

ဖိုးကျော်

(မိုးမခ)ဇူလိုင် ၁၆၊ ၂၀၂၁



ပြေငြိမ်းဆုံးတော့ ကျနော်ငယ်သေးတယ်။ ရထားစီးလာရင်း ခပေါင်းတံတားအနားမှာ ပြုတ်ကျသွားတာလို့ ကြားမိတယ်။ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေ ငိုကြတယ်။ လစဥ်ထုတ်ရုပ်ရှင်မဂ္ဂဇင်းတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင်ပြေငြိမ်းအကြောင်း သုံးလ၊ လေးလအထိ ဆက်တိုက်ပါနေတယ်။ ပြေငြိမ်းနဲ့ပတ်သက်ပြီး ပဟေဠိဆန်တဲ့ ဇာတ်လမ်းတွေပါ ပြောနေကြသေးတယ်။ ဒွေးဆုံးတော့ ကျနော်အိမ်ထောင်ကျနေပြီ။ သူ့နာရေးကို ရိုက်ထားတဲ့ စီဒီပြားဟာ ကူးမလောက်ပဲ။ သူငယ်ချင်းတယောက်ဆို ကူးစက်နားကနေ မခွာရဘူး။ ဗီစီဒီချပ်တွေ တဗူးပြီးတဗူး ထဲ့ကူးနေရတယ်။ သူငယ်ချင်းရဲ့ ဆိုင်ရှေ့မှာ ဒွေးရဲ့ပရိသတ်တွေ နာရေးဗီစီဒီ ရဖို့ စောင့်မျှော်နေကြတာ အများကြီးပဲ။


ထူးအိမ်သင်ကွယ်လွန်သွားတော့ အပြင်မှာမသိကျွမ်းပေမဲ့ ကျနော်ကိုယ်တိုင်လည်း ကြေကွဲခဲ့ဖူးတယ်။ သူ့သီချင်းတွေ တနေ့လုံးဖွင့်ပြီးနားထောင်ဖြစ်။ သူ့အမှတ်တရ စာအုပ်လေးကို အမှတ်တရဝယ်ဖြစ်။ လူတွေပဲလေ။ သူ့အစွဲကိုယ့်အစွဲ စွဲလန်းကြရတာပေါ့။ ပြန်မတွေ့နိုင်တော့ဘူး လောကကြီးထဲက ထွက်ခွာသွားပြီဆိုတဲ့အခါမှာလည်း လွမ်းဆွတ်ကြေကွဲ ကြရတာပေါ့။


-----------------------------------


မျက်ရည်ဝဲရတဲ့ ကိစ္စတွေ ခဏခဏကြုံနေရတယ်။ မျက်ရည်ဝဲနေရင်း စစ်အာဏာရူးတသိုက်အပေါ် နာကျည်းမုန်းတီးမှုက ပိုလာရပြန်တယ်။ ဒင်းတို့ဟာ စစ်အာဏာရူးတွေ။

နေ့လည်ထမင်းစားချိန်မှာ … “ဒီလိုဟင်းမျိုးလေးတွေ ဟိုကလေးတွေကို ကျွေးချင်လိုက်တာ'' လို့ ကျနော့်မိန်းမက ကောက်ခါငင်ခါပြောလိုက်တယ်။ ကျနော့်ထမင်းဝိုင်းမှာရှိနေတဲ့ ဟင်းတွေက အကောင်းစားကြီးတွေ မဟုတ်ပါဘူး။ ဝင်ငွေမရှိတော့တာ ဖေဖေါ်ဝါရီလကတည်းကပဲ။ ပုစွန်ခြောက်လုံးဝမပါတဲ့ ငပိကြော်လေးတခွက်၊ ကုလားပဲဟင်း၊ သရက်သီးမှည့်နဲ့ တညင်းသီးကို ဆီဆမ်းဆားဖြူးထားတာလေးပါ။ သူ့ စကားကြားရတိုင်း ကျနော်လည်း ဟိုကလေးတွေကို သတိ ရပါတယ်။


''ဘယ်သူမွေးမွေး၊ ငါတို့ကလေးပဲ''


လည်ချောင်းပေါက်ထွက်လုမတတ်ဟစ်ကြွေးခဲ့ရတာ ဘယ်မေ့ပါ့မလဲ။ ''တောထဲတောင်ထဲမှာ သူတို့လေးတွေ ဘယ်လိုများ နေထိုင်စားသောက်နေကြသလဲ'' လို့ ထမင်းစားတိုင်းသတိရမိ၊ အိပ်ရာဝင်တိုင်း သတိရမိတတ်ကြတာ ကျနော်တယောက်တည်းတော့ လုံးဝမဟုတ်နိုင်ပါဘူး။ လူလေးတွေက နုနုရွရွလေးတွေ။အပြင်ထွက်ကာနီးတိုင်း၊ ကျောင်းတွေသင်တန်းတွေ သွားကာနီးတိုင်း ''တာ့တာ'' ဆိုပြီး လက်ကလေးပြလို့ မိဘကို နုတ်ဆက်တတ်တဲ့အရွယ်လေးတွေ။ ဒါမှမဟုတ်လည်း စိတ်ကောက်စိတ်လုပ်ပြီး တနေကုန် အိပ်ခန်းထဲက ထွက်မလာဘဲ ဖုန်းတလုံးနဲ့ နေတတ်ကြသူလေးတွေ။ ဒီမိုကရေစီရဲ့ အရသာအစွန်အဖျားလေးကိုပဲ ခပ်ပါးပါး ခဏတာလေး မြည်းကြည့်ခွင့်ရခဲ့ကြတဲ့ သူလေးတွေ။ သူတို့ဟာ တော်လှန်ရေး ရဲဘော်တွေ ဖြစ်သွားခဲ့ကြပြီ။ စကားနည်းကြတယ်။ အသံတိုးတိုးနဲ့စကားပြောတတ်ကြတယ်။ ဟိတ်ဟန်မများဘူး။ သူတို့နှစ်သက်ရာကိုသာ လုပ်နေရမယ်ဆိုရင် ထမင်းငတ်တာလည်း ခံနိုင်တဲ့သူလေးတွေ။ သူတို့မြင်နေရပြီး သိပ်မကြာခင် အပိုင်ရတော့မဲ့ သူတို့အိပ်မက်တွေကို အာဏာရူးတွေက ဖျက်ဆီးနင်းခြေလိုက်ကြတယ်။ အိပ်မက်လမ်းကို ဖျက်ဆီးပစ်လိုက်ကြတယ်။


မိုးတွင်းကာလ အိမ်ထဲမှာနေရင်းတောင်မှ ဖျားတတ်နာတတ်ကြသေးတာပဲ။ တောထဲတောင်ထဲမှာ သူတို့လေးတွေ ဖျားနာကြမှာပဲ။ ပြီးတော့ ကျန်းမာရေးအတွက် အရေးကြီးတာ အာဟာရပြည့်ဝနေဖို့။ စိမ်းစားငပိကျိုထားတာနဲ့အရွက်ပြုတ်နဲ့ သူတို့လေးတွေ ဖြတ်သန်းနေကြရတယ်။ ဘယ်သူတွေက သူတို့ကို အခုလို ဖြစ်သွားဖို့ တွန်းပို့ခဲ့တာလဲ။ မရူးမနှမ်းဘူးဆိုရင် သုံးတန်းကလေးတောင် တွေးတတ်ပါတယ်။ စစ်အာဏာရူးတွေကြောင့် သူတို့လေးတွေဟာ အခုလို ဖြစ်ကုန်ကြရတာ။


တလောလေးက အဆိုတော်ရေမွန်ဆုံးသွားတယ်။ သူ့သီချင်းလေးတွေကို ကျနော်လက်ဖက်ရည်ဆိုင်ဖွင့်တဲ့ ကာလမှာ နားယဥ်ခဲ့ရတယ်။ တက္ကသိုလ်ကျောင်း သားလေးတယောက် ကျောင်းကပြန်လာတော့ သူ့မမ်မိုရီစတစ်လေးပေးပြီး ဖွင့်ခိုင်းရာက တဆင့်ပေါ့။ နောက်တော့ ကျနော့်စတစ်နဲ့ကူးထားပြီး ညစဥ်လို ဖွင့်ဖြစ်ခဲ့တယ်။ သီချင်းတွေကို သိခဲ့တယ်။ ရေမွန်ကိုတော့ တလောလေးကမှ လူကို သိခဲ့ရတာ။ အနုပညာကို အရင်သိခဲ့ရတယ်။ လူကိုမသိခဲ့ဘူး။ အဲတာက ပထမအပိုင်းပေါ့။ နောက်တပိုင်းရောက်တော့ သူ့ရဲ့တာဝန်သိမှုကို သိခဲ့ရပြီး သူ့သီချင်းတွေနဲ့သူ့ကိုပါ တစိမ့်စိမ့်သိခဲ့ရတယ်။ ကြေကွဲရမှာလား။ ဂုဏ်ယူရမှာလား။ ကျနော်ကတော့ ရင်ထဲကြေကွဲရင်းနှလုံးသားထဲက ဂုဏ်ယူနေမိတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ အခုလို ဖြစ်ရပ်မျိုးတွေဟာ နိုင်ငံအနှံ့မှာ ဖြစ်ပျက်နေခဲ့တော့တယ်။ ကျနော်လေ ပြင်သစ်က တော်လှန်ရေးသမားတွေ၊ဗီယက်နမ်ကတော်လှန်ရေးသမားတွေ၊ ကမ္ဘာပေါ်က တော်လှန်ရေးသမားတွေအကြောင်း မတွေးချင်တော့ပါဘူး။ နေ့စဥ်နေ့တိုင်း အချိန်နဲ့အမျှ ရင်ထဲကို လှုပ်ခတ်၊စိတ်ကို ဆွဲရမ်းနေတာက ကျနော်တို နိုင်ငံထဲက တော်လှန်ရေးသမားတွေအကြောင်းပဲ။ ''မင်းတို့နောက်ဆုတ်...ငါတို့က အသက်ကြီးပြီ၊ငါတို့ ထွက်ခုတ်ပါ့မယ်'' တဲ့။ လှိုင်သာယာ၊ရွှေပြည်သာ၊မြောက်ဉက္ကလာက ခေတ်သစ်ဓားရဲခုတ်ကြီးတွေ။ သူတို့ကို အပြစ်မတင်ရက်ပါဘူး။ သေနတ်ကိုင်ထားတဲ့ စစ်မိစ္ဆာလူရမ်းကားတွေကို ဓားနဲ့ထွက်ခုတ်ရင် အသေခံရဲမှ ရမယ်ဆိုတာ သူတို့သိတာပေါ့။ ဒါပေမဲ့ သူတို့အသေခံခုတ်ပြခဲ့ကြတယ်။ လမ်း....။ ဟုတ်တယ်မဟုတ်လားဗျာ။ ကျနော်ကတော့ အဲသည်ဖြစ်ရပ်တွေဟာ လမ်းတခုလို့ မြင်မိပါတယ်။ လမ်းကလေးဟာ ရေးရေးလေးပေါ့။'' 


လူတိုင်းလျှောက်၍ 

ကွေ့ကောက်ဖြတ်ပြေး

လမ်းကလေးသည်

တရေးရေးနှင့် ပေါ်လာသည်''တဲ့။


ဂန္ဓီကြီးရဲ့ အဟိံသ ဟာ ကျနော်တို့နိုင်ငံထဲက စစ်မိစ္ဆာနဲ့ရင်ဆိုင်ဖို့ အဖြေတခုမဟုတ်မှန်း  အသက်တွေစွန့်ပြီး ရင်းပြခဲ့ကြတယ်


-----------------------------------


အမ်တီဗီတကားကို ဖန်တီးရိုက်ကူးနေတဲ့ လူငယ်လေးဟာ စစ်မိစ္ဆာအယောက် ၃၀ လောက်ကို သေဆုံးစေခဲ့ပြီး သူကိုယ်တိုင်လည်း ကျဆုံးခဲ့တယ်။ သူ့မိဘတွေကစီးပွားရေးပြည့်စုံသူတွေ။ သူကိုယ်တိုင်လည်း အိမ်မှာအငယ်ဆုံးသားအဖြစ် ဖူးဖူးမှုတ်အချစ်ခံရသူ။ လူတွေအမြင်မှာ ဂျစ်တစ်တစ်နဲ့ကောင်ဆိုးလေးတယောက် ဖြစ်ခဲ့ဖူးတယ်။ အဲ့သည် လူငယ်လေးရဲ့ သတင်းကိုကြားတော့ အဝေးကနေ ဦးညွှတ်မိတယ်။ လက်ကလေးတွေက နူးနူးညံ့ညံ့လေးတွေ။ ကွန်ပြူတာကီးဘုတ်နဲ့ဗီဒီယိုကင်မရာကိုပဲ ကိုင်တတ်ခဲ့မယ်လို့ ထင်ထားခဲ့မိတာ။ လက်တွေ့ကို မြင်သိလိုက်ရတော့ အထင်တွေအတွက် စိတ်ထဲက တောင်းပန်မိတယ်။ ''အထင်မှားခဲ့မိတာ ခွင့်လွှတ်ပါသားရေ'' ဆိုပြီး ကောင်းကင်ကြီးကို တိုးတိုးတိတ်တိတ် ပြောမိတယ်။ သူ ရိုက်ကူးနေလက်စ အမ်တီဗီလေး အဆုံးသတ်မသွားခဲ့ဘူး။ သူ့လိုပဲ လူငယ်ပေါင်းများစွာဟာ အဆုံးမသတ်ရသေးတဲ့ ကိစ္စတွေ အများကြီးပေါ့။ တချို့က ဘွဲ့လွန်ဆက်တက်ဖို့၊ပညာရပ်တွေ၊ အလုပ်အကိုင်တွေ တဆင့်တက်လှမ်းကြဖို့ ရည်ရွယ်ထားကြတာ အများကြီးပဲ။ လူကြီးပိုင်းထဲ ကြည့်ရင်လည်း ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေကအစ ဝန်ထမ်းတွေဟာ ပညာအတွက်ဖြစ်စေ မိသားစုလမ်းကြောင်းအတွက်ဖြစ်စေ ရည်မှန်းချက်တွေကိုယ်စီနဲ့။


မျှော်လင့်ချက်လမ်းမကြီးတွေ အကုန်လုံးဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ချိုင့်ကျင်းတွေတင်းကြမ်းခတ်သွားခဲ့တာပါပဲ။ စစ်အာဏာရူးရဲ့ လက်ကြမ်းဟာ တနိုင်ငံလုံးကို မွှေ့ရမ်းပစ်တယ်။


------------------------------------


ခေတ်အဆက်ဆက်က စစ်အာဏာရှင်တွေဟာ သူတို့လိုချင်တာကို စျေးနှုန်းတခုသတ်မှတ်ပြီး ဝယ်ယူကြတယ်။ သူတို့ပေးလိုက်ရတဲ့စျေးနှုန်းနဲ့တန်အောင် အသုံးချတယ်။ ဝယ်လို့မရရင် လုယူတတ်တယ်။ လက်နက်ကိုင်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်မျိုးစုံကို နည်းလမ်းအမျိုးမျိုးနဲ့ ဝယ်ယူအသုံးချတတ်တယ်။ လမ်းဟောင်းကြီးအတိုင်းပဲ လျှောက်တတ်နဲ့ စစ်အာဏာရှင်ညာဥ်ဆိုးအရ အခုလည်း အဲလိုပါပဲ။ ပညာတတ်တချို့နဲ့စာရေးဆရာတချို့ဟာလည်း အဝယ်ခံလိုက်ရတယ်။တန်ရာတန်ကြေးဆိုတာမျိုးဟာ သစ္စာမဲ့တဲ့ ကိစ္စမျိုးတွေမှာ သတ်မှတ်ချက်မရှိတာမို့ စျေးနှုန်းကို ဘယ်သူမှလည်း စိတ်မဝင်စားကြပါဘူး။ လူငယ်တွေဟာ အခုအချိန်အထိ သူတို့ကိုယ်သူတို့ ရောင်းမစားကြဘူး။ သူတို့ကို ဝယ်မရလို့ လုမယ်ဆိုလည်း လွှတ်အောင်ပြေးတယ်။ မိသွားတဲ့အခါ အသက်သာအသေခံလိုက်ကြတယ်။ ဖြစ်ရပ်တွေ သတင်းစကားတွေကို နေ့စဥ်ကြားနေရတယ်။


ပြေငြိမ်းလည်းဆုံးသွားခဲ့တယ်။ ဒွေးလည်းဆုံးသွားခဲ့တယ်။ ပြီးတော့ ထူးအိမ်သင်။ နောက်တော့ရေမွန်။ ကျနော်ပြောခဲ့ဖူးတဲ့အမ်တီဗီဒါရိုက်တာလေး။ လူငယ်ပေါင်းများစွာ။ ခေတ်သစ်ဓါးရဲခုတ်ကြီးတွေ။


ဆရာဗန်းမော်တင်အောင်က ပြောခဲ့ဖူးတာပဲ။ အားလုံးလိုလိုလည်း သိကြပါတယ်။ ''လူတယောက်ရဲ့ တန်ဘိုးဆိုတာ....''တဲ့။ ဖြတ်သန်းနေရတဲ့ ခေတ်ကာလက ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ထမ်းခဲ့ကြသူလည်း ရှိရဲ့။ ရှောင်လွှဲခဲ့ကြသူလည်းရှိရဲ့။


ကျနော်လည်း ဟင်းကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပန်းကန်ထဲကထမင်းတွေ တစိမှမကျန်အောင် စားနေဖြစ်ပါတယ်။ ရှင်သန်ဖို့အတွက် ရှင်သန်နေရဦးမယ်မဟုတ်လား။ တော်လှန်ဖို့အတွက် ရှင်သန်မှ ဖြစ်မယ်မဟုတ်လား။ ကိုဗစ်စစ်မျက်နှာ၊ဖက်ဆစ်စစ်မျက်နှာ စစ်မျက်နှာ၂ ခုနဲ့ ရင်ဆိုင်နေကြရတဲ့ မိတ်ဆွေအားလုံးဟာ ကိုယ်ခံအားကောင်းနေဖို့လိုပါတယ်။ တညင်းသီးပြုတ်၊ ငပိကြော်နဲ့ပဲဟင်းကို စားနေရင်း အဝေးက ကလေးတွေကို အားနာနေမိတယ်။ရှက်မိပါတယ်။


ဖိုးကျော်

မြောက်ဘက်တောင်ကုန်းဒေသ

၁၁/၇/၂၀၂၁

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar