Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၄ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၄ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၂

◾️ မဟာဗျူဟာမြို့တွေနဲ့ လက်နက်ကိုင်တိုက်ပွဲ 
ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့လိုမြို့ကြီးတွေကို ကြည့်ရင် နံနက်မိုးလင်းတာနဲ့ ကားအသွားအလာ လမ်းတွေမှာ ပြည့်နှက်နေသလို စီးပွားရေးကိစ္စတွေအတွက် လှုပ်ရှားသွားလာသူအပြည့်နဲ့ ကိုဗစ်ကူးစက်မှု အမြင့်ဆုံးကာလကို ကျော်လွန်ပြီးနောက်မှာ ပုံမှန်လို ပြန်ဖြစ်လာနေတာမျိုး တွေ့ရမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၈ လ ၁၀ လ ဝန်းကျင်က ပိတ်ထားခဲ့ရတဲ့ လူလတ်တန်းစားတွေ စားသုံးတဲ့ ဘီယာဆိုင် စားသောက် ဆိုင်တွေလည်း အခုလပိုင်းမှာ ပြန်ဖွင့်လာကြသလို အချို့လုပ်ငန်းသစ်တွေဆိုင်သစ်တွေတောင် ဖွင့်လှစ်ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားခရီးသည်တွေတော့ ဝင်ခွင့်မရသေးသော်လည်း ကုလ၊ နိုင်ငံတကာအဖွဲ့အစည်းကြီးတချို့ရဲ့ နိုင်ငံခြားသား ဝန်ထမ်းအနည်းငယ်တော့ ရန်ကုန်မြို့မှာ ရှိနေကြတာပါ။ 

ကိုဗစ်အရှိန်မြင့်ဆုံးကာလတွေ ဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာတွေတုန်းက ပိတ်ထားခဲ့တဲ့ ဘားအချို့လည်း ပြန်ဖွင့်နေကြတာတွေ့ရပါတယ်။ ရုပ်ရှင်ရုံတွေလို၊ ဘောလုံးပွဲ၊ ဂီတပွဲလို လူများများစုဝေးတဲ့ ပွဲလမ်းတွေ လုပ်ငန်းတွေတော့ မလည်ပတ်သေးပေမယ့် ဟိုတယ်တွေမှာ မင်္ဂလာဆောင်အခမ်းအနားအချို့ ပြန်ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။ ဘတ်စကားတွေလည်း အရင်နီးပါး ပြန်လည်ပြေးဆွဲနေပြီး နံနက်စောစော ရုံးတွေ လုပ်ငန်းတွေသွားကြလာကြပြီး ညသိပ်မမှောင်ခင် အိမ်ရောက်အောင် ပြန်ကြရပေမယ့် နေ့ခင်းမှာတော့ အသွားအလာက ပုံမှန်လို ဖြစ်လာနေတာ မြင်တွေ့ရမှာပါ။ ဒါကတော့ ရန်ကုန်မြို့မြင်ကွင်းဖြစ်ပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေက ပြည်နယ်အများစုနဲ့ အချို့တိုင်းဒေသကြီးတွေရဲ့ နယ်မြေတွေထဲမှာ ဖြစ်ပွားနေတာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုတွေက နကိုကတည်းက လက်နက်ကိုင် တပ်ဖွဲ့တွေရှိခဲ့ကြတာမို့ ၄င်းတို့စိုးမိုးရာနေရာတွေကို လက်နက်ကိုင် တိုက်ခိုက်ဖို့ ဆုံးဖြတ်ကြတဲ့သူတွေက ခိုလှုံ၊ သင်တန်းတက်၊ လက်နက်ကိုင်တိုက်ခိုက်ကြတာက ယေဘုယျအားဖြင့် မြင်တွေ့ရတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ 

ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တိုက်ပွဲ အရှိန်မြင့်လာတဲ့ ဒေသတွေဖြစ်ပြီး တိုင်းဒေသကြီးတွေ အနေနဲ့ဆိုရင်တော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်းရဲ့ ဒေသအချို့၊ တနင်္သာရီတိုင်းရဲ့ ဒေသအချို့တို့ဖြစ်ပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် စစ်ကိုင်းနဲ့ ဧရာဝတီ၊ ပဲခူးနဲ့ တနင်္သာရီရဲ့ ဒေသတွေကလွဲရင် တိုင်းဒေသကြီးတွေက ဗမာလူမျိုးအများစု နေထိုင်ကြတာဖြစ်ပါတယ်။ 

စကားစကို ပြန်ကောက်ရရင် လက်နက်ကိုင် တိုက်ပွဲတွေက တိုင်းရင်းသားဧရိယာ အများစုနဲ့ ဗမာလူမျိုးတွေ နေထိုင်တဲ့ ဒေသအချို့တို့မှာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်တို့မှာ ဗုံးကွဲတာ၊ အလစ်အငိုက်ပစ်ပြေးတာမျိုးကလွဲရင် တပ်ဖွဲ့နဲ့ နေရာယူပြီးတိုက်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားတာမရှိပါဘူး။ တနည်းအားဖြင့်ပြောရင် ဒီမြို့ကြီးတွေမှာ နေထိုင်တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်သူ စစ်အာဏာရှင်ဆန့်ကျင်သူတွေက တိုင်းရင်းသားဧရိယာတွေဆီ သွားရောက်ခိုလှုံကြပြီး အဲဒီဒေသခံလူငယ်တွေ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ကြတဲ့ သဘောဖြစ်ပါတယ်။ 

မြို့ကြီးတွေမှာ ပျောက်ကျား တိုက်ခိုက်မှုတွေရှိပေမယ့်လည်း တိုင်းရင်းသားဒေသတွေကလို ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရတာ မြို့လုံးကျွတ်နီးပါး ထွက်ပြေးကြရတာမျိုး ဒီမြို့ကြီးတွေမှာ မကြုံကြရသေးပါဘူး။ မြို့တမြို့လုံး တိမ်းရှောင်ကြရတဲ့ သာဓကအနေနဲ့ဆို ချင်းပြည်နယ် ထန်တလန်နဲ့ ကယားပြည်နယ်က လွိုင်ကော်တို့ ဖြစ်ပါတယ်။ မကွေးတိုင်း အထက်ပိုင်၊ စစ်ကိုင်းတိုင်းမှာတော့ မြို့နယ်အတော်များများက ကျေးရွာတွေက ပြီးခဲ့တဲ့ ၆ လ ၇ လတာကာလမှာ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေကြရသလို ကျေးရွာတွေလည်း ဖျက်ဆီးခံနေကြရတာ ဖြစ်ပါတယ်။ တဖက်မှာ ကိုယ်ချင်းစာနာမှုရှုထောင့်က ကြည့်ရင် မြို့ကြီးမှာ နေထိုင်သူတွေက စစ်ကောင်စီကို တိုက်ခိုက်ကြဖို့ အားပေးကြသလို လိုအပ်တဲ့အကူအညီအထောက်အပံ့တွေလည်း စုစည်းထည့်ဝင်နေကြပေမယ့် လက်တွေ့ တိုက်ခိုက်နေရတဲ့ စစ်မြေပြင်က ကျေးရွာတွေ နဲ့ တိုင်းရင်းသားဒေသတွေ ဖြစ်ပြီး မြို့ကြီးပေါ်က သူတွေကတော့ ပုံမှန်သွားလာနေထိုင်နေကြတဲ့ သဘောမျိုး နှိုင်းယှဥ်ခံစားချက်တွေလည်း ရှိနေကြတာဖြစ်ပါတယ်။ 

ရန်ကုန်မြို့ကို ကြည့်မ​ယ်ဆိုရင် ကိုဗစ်ကူးစက်မှုတွေ အရှိန်လျော့ကျလာတာနဲ့အမျှ စားသောက်ဆိုင်တွေ စျေးဝယ်စင်တာတွေ မှာ လူစည်ကားနေတာ တွေ့ကြရမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ နေ့စဥ်ကားအသွားအလာ နကို အနေအထားနီးပါး ပြန်ရောက်နေပြီး ရုံးသွားသူသွား၊ ဖွင့်တဲ့ကျောင်းအချို့မှာလည်း ကျောင်းတက်သူတွေ တက်နေကြတာမို့ ရုတ်တရက်ကြည့်ရင်တော့ ရန်ကုန်က ပုံမှန်ပြန်ရောက်နေပြီလို့ ထင်မြင်ယူဆစရာ ဖြစ်ပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်မြို့ဟာ စစ်ကောင်စီဘက်က ပုံမှန်ပြန်ရောက်နေပြီဆိုတာမျိုး ပြသချင် ဝါဒဖြန့်ချင်တာ ရှိကောင်းရှိပါလိမ့်မယ်။ တဖက်မှာလည်း လူဦးရေ ၅ သန်းကျော်ရှိတဲ့ ရန်ကုန်မြို့ရဲ့ စီးပွားရေးလည်ပတ်မှုဟာ မြန်မာနိုင်ငံရဲ့ အခြားသောဒေသတွေနဲ့ ဆက်စပ်နေသလို လူသန်းနဲ့ချီတဲ့ ရန်ကုန်မြို့နေလူထုရဲ့ စားဝတ်နေရေး လည်ပတ်နေဖို့လည်း လောလောဆယ်မှာ အရေးကြီးတယ်လို့ ဆိုကောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။ 

အလားတူ မန္တလေးမြို့ဟာလည်း မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်း ရဲ့ ထွက်ကုန်တွေ ဖလှယ်ရာ၊ အိန္ဒိယ၊ တရုတ် နယ်စပ်ကုန်သွယ်ရေးရဲ့ လမ်းဆုံမြို့ဖြစ်ပြီး ကချင်ပြည်နယ် စစ်ကိုင်းတိုင်း ရှမ်းမြောက်ဒေသတွေရဲ့ ကုန်စည်ဖလှယ်ရာလမ်းဆုံမြို့ဖြစ်လို့ ပဋိပက္ခဒေသတွေမှာ တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ အချိန်ရှိသလို အနည်းငယ်ငြိမ်သက်ချိန်မှာ စိုက်ပျိုးရေးလုပ်ငန်း အရောင်းအဝယ်လုပ်ငန်းတွေ လည်ပတ်ပြီး ဝင်ငွေရအောင် လုပ်ကိုင်နေကြရတဲ့အခါ ကုန်စည်ဖလှယ်ဖို့ရာ အရေးပါတဲ့အနေအထားဖြစ်ပါတယ်။ 

အာဏာကို အဆုံးအဖြတ်ပေးနိုင်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အဆင့်မရောက်ခင်မှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး မြို့ကြီးတွေဟာ တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်နဲ့ PDF ထောက်ခံသူ ထောက်ပံ့ရေးလမ်းကြောင်း စတဲ့ အထောက်အကူကိစ္စရပ်တွေအတွက် အသုံးဝင်နေမယ့် အနေအထားရှိတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar