ကိုကျော် (မြစ်ကြီးနား) - စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်မှ ရုတ်သိမ်းသွားတဲ့ နိုင်ငံတကာကုမ္ပဏီများ
(မိုးမခ) ဖေဖော်၀ါရီ ၁၊ ၂၀၂၂
ဇန်နဝါရီလ ၂၇ ရက် ကြာသပတေးနေ့မှာပဲ ဩစတြေးလျအခြေစိုက် Woodside Petroleum မှ Chevron နဲ့ Total ရေနံကုမ္ပဏီတို့နဲ့အလားတူ မြန်မာပြည်ရဲ့ရင်းနှီးမြုပ်နှံမှုကို ရုတ်သိမ်းမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့ချိန်မှစပြီး လူအခွင့်အရေးအဖွဲ့အစည်းများမှ စစ်ကောင်စီအဖွဲ့ဆီသို့ သွေးစွန်းငွေစီးဝင်နေမှုကို ရပ်တန့်သွားစေရန် ဖိအားပေးမှုတွေကြောင့် နိုင်ငံတကာကုမ္ပဏီတချို့ မြန်မာပြည်မှလုပ်ငန်းများကို ရုတ်သိမ်းခဲ့ပါတယ်။
မတ် ၂၀၂၁ - ပြင်သစ် Voltalia စွမ်းအင်ကုမ္ပဏီ မြန်မာမှ ရုတ်သိမ်းမယ်လို့ ပြောခဲ့ပါတယ်။ Voltalia ရဲ့ မြန်မာပြည်တွင်းရှိ ဝန်ထမ်း ၄၃ ဦးအထဲမှာ များသောအားဖြင့် မြန်မာနိုင်ငံသားများ ဖြစ်ကြပါတယ်။
ဧပြီ ၂၀၂၁ - တောင်ကိုးရီးယား စတီးကုမ္ပဏီ Posco က မြန်မာ့ဦးပိုင်ကုမ္ပဏီ Myanmar Economic Holdings(MEHL) နဲ့ အကျိုးတူရင်းနှီးမြုပ်နှံမှုကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မေ ၂၀၂၁ - ပြင်သစ် TOTAL နဲ့ အမေရိကန် Chevron တို့က ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပေးငွေတချို့အား စစ်ကောင်စီလက်ထဲသို့ မရောက်ရှိစေရန် ရပ်ဆိုင်းခဲ့ပါတယ်။ McKinsey နဲ့ ကိုကာကိုလာတို့အပါအဝင် နိုင်ငံတကာကုမ္ပဏီကြီးများတချို့ စစ်တပ်ပိုင်မြေနေရာများ ဌားရမ်းထားမှုကို ပြန်လည်သုံးသပ်ဖို့ သို့မဟုတ် တပ်ပိုင်နေရာမှ ရွေ့ပြောင်းခဲ့ကြပါတယ်။
ဇွန် ၂၀၂၁ - အိန္ဒိယ Adani Ports ရဲ့ ရန်ကုန်မှာဆောက်လုပ်ဖို့ပြင်ဆင်ခဲ့တဲ့ ကွန်တိန်နာဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံတို့မှာ မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့အကြောင်းပြချက်နဲ့ နော်ဝေအခြေစိုက် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ KLP က ရင်းနှီးမြုပ်နှံမှုကို နောက်ဆုတ်ခဲ့ပါတယ်။
ဇူလိုင် ၂၀၂၁ - နော်ဝေ တယ်လီနောကုမ္ပဏီ Telenor က မြန်မာပြည်ရှိလုပ်ငန်းကို လက်ဘနွုန် M1 Group သို့ လက်လွှဲရောင်းချသွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အောက်တိုဘာ ၂၀၂၁ - Lucky Strike ဆေးလိပ်ထုတ်လုပ်တဲ့ ဗြိတိန်မှ British American Tobacco က ၂၀၂၁ နှစ်အကုန်မှာ မြန်မာပြည်မှ လုပ်ငန်းအားလုံးကို ရုတ်သိမ်းမယ်လို့ ပြောခဲ့ပါတယ်။ အိန္ဒိယ Adani Ports ကလည်း အမေရိကန်မှာ ကွန်တိန်နာဆိပ်ကမ်း ပရောဂျက်တစ်ခုအတွက် လိုင်စင်လျှောက်ခဲ့ပြီးတဲ့နောက် မြန်မာပြည်ပရောဂျက်ကို ရုတ်သိမ်းမယ်လို့ ဆိုခဲ့ပါတယ်။
ဇန်နဝါရီ ၂၀၂၂ - မြန်မာကုမ္ပဏီတစ်ခုနဲ့ M1 Group တို့ပူးတွဲပြီး Telenor လုပ်ငန်းကို လက်လွှဲဝယ်ယူသွားမယ်လို့ သိရပါတယ်။ ထို့အပြင် တယ်လီနောရဲ့ Wave Money ရှယ်ယာအများစုကိုလည်း စင်ကာပူကုမ္ပဏီတစ်ခုသို့ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။
Total နဲ့ Chevron တို့မှ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရုတ်သိမ်းတော့မယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။
ဗြိတိန်မှ Shell Plc ရေနံကုမ္ပဏီမှ မနှစ်ကတည်းက မြန်မာပြည်မှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ စူးစမ်းလေ့လာဖို့လိုင်စင်များ ရယူထားခြင်းမရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
ဩစတြေးလျမှ Woodside Petroleum ကလည်း Myanma Oil and Gas Enterprise (MOGE) နဲ့ အခြားသောအဖွဲ့အစည်းများတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတို့မှ စတင်ရုတ်သိမ်းတော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
(ကိုးကား။ ။ ရိုက်တာသတင်း - Jan 27, 2022 - TIMELINE-Foreign companies withdrawing from Myanmar after coup)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar