Breaking News

ပထဝီအခြေခံတဲ့ အုပ်စုဖွဲ့ နိုင်ငံရေးနဲ့ ကမ္ဘာ



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၁ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၂


ပထဝီအခြေခံတဲ့ အုပ်စုဖွဲ့ နိုင်ငံရေးနဲ့ ကမ္ဘာ

ကိုလမ်ဘီယာ တက္ကသိုလ်က ထင်ရှားတဲ့ စီးပွားရေးပညာရှင် ဂျက်ဖရီဆာ့ချ်ကို  ချက်နိုင်ငံ ပရာဟာ ဖိုင်းနင့်စ်အင်စတီကျု့ Think Tank က လတ်တလော ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာတွေရဲ့ အတိမ်အနက် ဘာတွေ ဖြစ်လာနိုင်သလဲစတဲ့ အင်တာဗျူးမှာ ဂျက်ဖရီဆာ့ချ်က “We are in crisis it will get worse in coming months” လို့ လာမယ့် လတွေအတွင်း ပိုဆိုးလာဖို့သာရှိတယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ 

အခု ၂၀၂၂ ခုနှစ်မှာ ကိုဗစ်ရောဂါ ကပ်ဘေး၊ စစ်ပွဲ၊ စီးပွားရေးပိတ်ဆို့မှုတွေကို အကြောင်းခံလာပြီး  လောင်စာဆီစျေးနှုန်းမြင့်တက်မှု ၊ ငွေဖောင်းပွမှု ထုတ်ကုန်လုပ်ငန်းတွေ ကွင်းဆက်တွေ ပြတ်တောက်ခြင်းနဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းမှု ၊ အခြေခံစားနပ်ရိက္ခာ စျေးနှုန်းမြင့်တက်မှုတွေ စတဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းက လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်ဝန်းကျင် က ကမ္ဘာ့စီးပွားရေး အကြပ်အတည်းနဲ့သာ နှိုင်းယှဥ်စရာ ဖြစ်လိမ့်မယ်လို့ လည်း ဆိုပါတယ်။ 

အဲဒီအချိန်က အမေရိကန်ပြည်ထောင်စုမှာ ငွေကြေးဖောင်းပွမှုက ၁၄.၈ ရာနှုန်းထိ မြင့်တက်ခဲ့ပြီး အမေရိကန် ဗဟိုဘဏ်ကလည်း မူဝါဒမှားယွင်းစွာကိုင်တွယ်ခဲ့လို့ ပြဿနာက ပိုကြီးလာပြီး အဲဒီအကျိုးဆက်က ကမ္ဘာ့နိုင်ငံအများအပြားရဲ့ အကြွေးပြန်ဆပ်မယ့် အစီအစဥ်တွေကို ထိခိုက်စေပြီး နိုင်ငံအများအပြားက ကြွေးဆပ်ဖို့ ပျက်ကွက်တဲ့ အနေအထား (default) ဆိုက်ကုန်ကြကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းဆုတ်ယုတ်မှုဆီ ဦးတည်စေခဲ့တယ်လို့ ဂျက်ဖရီဆာ့ချ်က ဆိုပါတယ်။ 

သူ့ရဲ့ သုံးသပ်မှုအရဆို အဲဒီအချိန်က ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးဖောင်းပွမှုကို ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်ခြင်းအားဖြင့် ထိန်းချုပ်ဖို့ကြိုးစားတဲ့ မူဝါဒအမှားက လက်သည်တရားခံလို့ဆိုပါတယ်။ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းကို တရစ်ပြီးတရစ် မြှင့်တင်လိုက်ရာမှာ ပထမတဆင့် ၁၁.၂ ရာနှုန်း နောက်အမြင့်ဆုံး ၁၉၈၁ ခုနှစ်မှာ ၂၀ ရာနှုန်းထိ မြှင့်တင်ခဲ့တာကြောင့် မြင့်မားတဲ့ ဘဏ်တိုးနှုန်းကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ပြီး အမေရိကန် ပြည်ထောင်စုရဲ့ အလုပ်လက်မဲ့ ရာခိုင်နှုန်းက ၁၀ ရာနှုန်းအထိ မြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ 

အမေရိကန်ပြည်ထောင်စုက စလိုက်တဲ့ ငွေကြေးဖောင်းပွမှု အလုပ်လက်မဲ့ မြင့်တက်မှုတွေက နိုင်ငံအများအပြားကို သက်ရောက်စေပြီး အဲဒီအချိန်က တူရကီမှာ ငွေကြေးဖောင်းပွမှု ၁၀၀ ရာနှုန်း၊ အာဂျင်တီးနားလည်း ၁၀၀ ရာနှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ 

သူက ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကို နောက်ပြန်သုံးသပ်ကြည့်ရာမှာ ဥရောပ ဗဟိုဘဏ်က မူဝါဒ ကောင်းကောင်းမချမှတ်နိုင်ခဲ့တာ ရဲ့ အကျိုးဆက်တွေအဖြစ် ဂရိနိုင်ငံ ဒေဝါလီခံလုနီးပါး အခြေအနေ၊ အိုင်ယာလန်၊ စပိန် ၊ အီတလီတို့လည်း ငွေကြေးဆိုင်ရာ အကျပ်အတည်းတွေ ကြုံခဲ့ကြရတဲ့ သာဓကတွေလို့ ဆိုပါတယ်။ သူက မူဝါဒအနေနဲ့ ငွေကြေးရိုက်နှိပ်ထုတ်ဝေတာကို ဘယ်တုန်းကမှ အားမပေးခဲ့ပါဘူး။ သို့သော် နိုင်ငံတနိုင်ငံ အကြွေးတွေထဲ နစ်ပြီး ပြန်မဆပ်နိုင်လို့ ဒေဝါလီခံရမယ့်အခြေနေမျိုးမဆိုက်အောင် ကမ္ဘာ့နိုင်ငံတွေက စီးပွားရေးအင်စတီကျူးရှင်းကြီးတွေ၊ အဖွဲ့အစည်းကြီးတွေအလိုက် ၊ အယူဝါဒ လမ်းစဥ်တူတဲ့ နိုင်ငံတွေအလိုက် စုပြီး ဝိုင်းဝန်း ကယ်ဆယ်ကြဖို့ အရေးကြီးတယ်လို့ သူက မြင်ပါတယ်။ နိုင်ငံတနိုင်ငံ အကြွေးဆပ်ဖို့ အခက်အခဲကြုံကြရပြီး ဒေဝါလီခံသွားရတာ သူ့တနိုင်ငံထည်းရဲ့ ပြဿနာမဟုတ်ပဲ အခြားနိုင်ငံတွေကိုပါ ဂယက်ရိုက်ခတ်နိုင်တဲ့ အနေအထားလို့ သုံးသပ်တာပါ။ 

သူက ကမ္ဘာကြီးမှာ လတ်တလော အခုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် စီးပွားပျက်ကပ်ထဲ ကျဆင်းဖို့ အလားအလာများနေပြီး စီးပွားရေး အင်အားကြီးတဲ့နိုင်ငံကြီးတွေအကြား ပူးပေါင်းဆောင်ရွက်မှု ၊ ဆွေးနွေးညှိနှိုင်းမှု မရှိခဲ့ရင် ကျိန်းသေပေါက် ကမ္ဘာနဲ့ချီတဲ့ စီးပွားရေး ကျဆင်းဆုတ်ယုတ်မှု အခြေအနေဆိုက်ရောက်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ 

ကမ္ဘာကို အကဲဖြတ်ကြည့်ရင် ဥရောပဇုန်က အကျဘက်ကို ဦးတည်နေသလို၊ အမေရိကန်ပြည်ထောင်စုလည်း နှစ်ပေါင်း ၄၀ အတွင်း ငွေဖောင်းပွမှုအမြင့်ဆုံးအနေအထားရောက်နေကာ၊ ကမ္ဘာမှာ စီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဆိုရင်လည်း ကိုဗစ်လော့ခ်ဒေါင်း ၊ ကုန်ထုတ်လုပ်မှု ကွင်းဆက်တွေ ပြတ်တောက်မှု၊ ထုတ်လုပ်မှု ကျဆင်းမှုတွေနဲ့ အတူပြဿနာများစွာ ရင်ဆိုင်နေကြတဲ့ အချက်အလက် အထောက်အထားတွေကို ကြည့်ရင် ကမ္ဘာ့စီးပွားရေး ကျဆင်းဆုတ်ယုတ်မှုဆီ ဦးတည်နေတာ သေချာတဲ့သဘောဖြစ်ပါတယ်။ 

ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့က “ပထဝီနိုင်ငံရေး” က အရေးပါတယ်လို့ သူက ဆိုပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ပေါ်ပေါက်လာနိုင်တဲ့ စီးပွားရေးအကျိုးဆက်တွေကို တွက်ဆကြတာထက် မိမိကိုယ်တိုင် သို့မဟုတ် ပါတီ ဆက်လက်အာဏာရရှိရေး၊  နိုင်ငံရေးအရ အသာစီးရရေး၊ ဒေသကြီးတခုလုံးမှာ သြဇာရှိရေး၊ နိုင်ငံရေးအရ ရန်သူလို့ သတ်မှတ်ကြတဲ့ နိုင်ငံတွေကို ချောင်ပိတ်ရေး ဆိုတဲ့ရည်မှန်းချက်တွေကို အာရုံစိုက်နေကြတာကြောင့် စကားမပြောကြ မဆွေးနွေးနိုင်ကြပဲ စီးပွားရေးအရ ပျက်စီးကြမယ့် အခြေအနေဆီ ဦးတည်နေကြတယ်လို့ သူက သုံးသပ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတွေအနေနဲ့ ခေါင်းဆောင်တွေအနေနဲ့  စီးပွားရေး အကျိုးစီးပွား အတွက် လုပ်နေကြတာ မဟုတ်ဘူးလားလို့ မေးစရာရှိလာပါတယ်။ မှန်ပါတယ်၊ စီးပွားရေး အကျိုးစီးပွားအတွက် ရည်ရွယ်လုပ်ကိုင်ကြတာမှန်ပေမယ့်လည်း နိုင်ငံရေး အာဏာ၊ ကမ္ဘာမှာဖွဲ့စည်း စုစည်းထားကြတဲ့ အုပ်စုတွေရဲ့ ခေါင်းဆောင်နေရာရရှိမှ အကျိုးစီးပွားအတွက် လုပ်နိုင်မယ်လို့ ယူဆကြတာလည်း ရှိပါတယ်။ 

ဂျက်ဖရီဆာ့ချ်က အခု အနောက်ဥရောပ ကြုံတွေ့နေရတဲ့ စီးပွားရေး အကျပ်အတည်းက စီးပွားရေး ဆုတ်ယုတ်မှုဆီ ဦးတည်နေတယ်လို့ အကဲဖြတ်မှတ်ချက်ပေးပြောဆိုပါတယ်။ ခုလက်ရှိအချိန်မှာ အနောက်ဥရောပမှာ မကြုံစဖူးလောက်အောင် သဘာဝဓါတ်ငွေ့စျေး မြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုနှုန်းထားတွေကြောင့် စီးပွားရေး ဆုတ်ယုတ်မှုကို ရှောင်လွှဲဖို့ ခက်ခဲတဲ့အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ကတော့ ဒီလို စီးပွားရေးဆိုင်ရာ အကျပ်အတည်းကို နိုင်ငံတနိုင်ငံရဲ့ ၊ ဒေသတခုရဲ့ ၊ နိုင်ငံရေးဝါဒ တူညီတဲ့အုပ်စုတခုရဲ့ အကျပ်အတည်းရယ်လို့ မရှုမြင်ကြဘဲ တနိုင်ငံမှာ ဖြစ်ရင် (အထူးသဖြင့် စီးပွားရေးအင်အားကြီးတဲ့ နိုင်ငံ) အကျိုးဆက်တွေက ကျန်တဲ့နိုင်ငံတွေကို ရိုက်ခတ်ပြီး ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး ဆုတ်ယုတ်မှု နဲ့ ဒီထက်ဆိုးရင် စီးပွားပျက်ကပ်လိုမျိုးအထိ ရောက်ရှိနိုင်တာကြောင့် လို့ဆိုပါတယ်။ ဒါကြောင့် ဂျက်ဖရီဆာ့ချ် အနေနဲ့  ပထဝီနိုင်ငံရေး (Geopolitics ) ထက်ကို စီးပွားရေး ဆုတ်ယုတ်မှု ၊ စီးပွားပျက်ကပ် မကျရောက်စေဖို့ နိုင်ငံတကာ ငွေကြေးအင်စတီကျူးရှင်းတွေက မှန်ကန်တဲ့ မူဝါဒ ချမှတ်နိုင်ဖို့ မီးလောင်လာရင် ဘယ်သူ့ အိမ် ဘယ်သူ့နေရာဆိုတာမျိုးကနေ မကြည့်ဘဲ မီးဝိုင်းငြှိမ်းသတ်ပြီး ကျန်တဲ့ နေရာတွေကိုပါ ကူးစက်ခွင့်မပေးဖို့ ကို အကြံပြုတာ ဖြစ်ပါတယ်။ 

သူ့ရဲ့ အမြင်ကတော့ နိုင်ငံရေး ရှုထောင့်ကို အသားမပေးပဲ ကမ္ဘာကြီးက ရွာတရွာလို့ ဆက်နွှယ်စပ်ယှက်မှုများလာတဲ့ ခေတ်မှာ တနေရာက ပြဿနာ မီးပွားက ကျန်တဲ့ နေရာတွေပါ ကူးစက်ဖို့ မြန်ဆန်လွယ်ကူတဲ့ သဘောသဘာဝကို ထောက်ပြ ပြောဆိုသွားတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့တော့ လတ်တလောမှာ နိုင်ငံရေး ပြဿနာ အကျပ်အတည်း ချောက်ထဲ ကျဆင်းနေဆဲ ဖြစ်ပြီး စီးပွားရေးကို ကြည့်ရင်လည်း အငတ်ဘေးတွေ ကြုံနိုင်ခြေ လူလုပ်အကြောင်းရင်းတွေကြောင့် စစ်ပွဲတွေကြောင့် ငတ်မွတ်ဘေး၊ လူမှုကပ်ဘေး ကြုံနေကြရတဲ့ အနေအထားမှာ ဖြစ်ပြီး ဒီအကြပ်အတည်းထဲက မြန်မြန်ဆန်ဆန် လွတ်မြောက်ဖို့ မျှော်လင့်ချက်တွေ မှေးမှိန်နေဆဲဖြစ်တာတွေ့ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar