Breaking News

နိုင်စွမ်း ● လှေကားထစ်တွေ ရေတွက်သူများရဲ့ ည

နိုင်စွမ်း ● လှေကားထစ်တွေ ရေတွက်သူများရဲ့ ည
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၉

(က)
ဘူတာရုံရှေ့လမ်းကျယ်ကနေ ကျမတို့ နေထိုင်ရာ လမ်းသွယ်လေးထဲကို ချိုးကွေ့ဝင်လိုက်တဲ့ အခါ ပျက်ချင်သလို ပျက်တတ်တဲ့ လျှပ်စစ်မီးက ပျက်သွားတယ်။ ည ၈ နာရီခွဲဆိုတာ တခြား နေရာတွေ မှာတော့ လင်းလင်း ရှင်းရှင်းပါ။ ဒါပေမယ့် ရထားလမ်းနဲ့နီး၊ ဘူတာနဲ့နီးတဲ့ အပြင် ဓမ္မာရုံကြီးနဲ့ နီးတဲ့ ကျမတို့ရဲ့ လမ်းသွယ်ထဲမှာ ပိုပြီး မှောင်နေသလို ပါပဲ။
ဓမ္မာရုံ အနီးက လမ်းဘေးမှာတော့ ချက်ပြုတ်ဖို့ ပြင်ဆင်နေတဲ့ မီးဖိုတွေက ထွက်ပေါ်လာတဲ့ အလင်းရောင်ရယ်၊ ဓမ္မာရုံထဲက ထွက်ပေါ်လာနေတဲ့ ဘက်ထရီ မီးသီး အလင်းရောင်တွေက လမ်းလေးအပေါ် ဖြာကျနေတာကြောင့် လင်းနေသလိုပါပဲ။ တနင်္ဂနွေ မနက် ဆွမ်းလောင်းဖို့ ပြင်ဆင်နေတာပဲ ဆိုတာ ကျမ သတိရသွားတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး ကျမတို့ လူမျိုးတွေ တကယ့်ကို အလေးအနက်ထား လုပ်ဆောင်ကြတာကို လေးစားအားကျဖွယ် ဆိုတာ တဆက်တည်း စဉ်းစားမိသလို သြော်… ကိုယ်လိုလူတွေ နေ့စဉ် ဘဝရပ်တည်ရေး အလုပ်တွေ လုပ်နေရချိန်မှာ ဒီလို လုပ်တဲ့ သူတွေ ရှိနေတာက ဘာသာရေးအတွက် အားတရပ်ပါပဲ လို့ ကျမ စဉ်းစားမိခဲ့ပါတယ်။

တိုက်ခန်းဘက်ကို ဦးတည်သွားနေတဲ့ ကျမရဲ့ ရှေ့က မြင်ကွင်းက မရှင်းလင်းပေမယ့် ကျမရဲ့ ရှေ့ကနေ တရွေ့ရွေ့ တယိုင်ယိုင် သွားနေတဲ့ လူငယ်တဦးကို ကျမ အသေအချာ သတိပြုမိပါတယ်။ ကျမတို့ နေတဲ့ အထပ်က ၅ လွှာမှာ၊ သူက ကျမတို့ ရဲ့ အပေါ်ဆုံးထပ် ၆ လွှာမှာ နေတာလေ။ အဲဒီ ရှည်ကိုင်းကိုင်း လူငယ်က ကျမတို့ အပေါ်ထပ်မှာ နေတဲ့သူပေါ့။ ဘာကြောင့် အခုလို အတိအကျ ပြောနိုင် တာလဲ ဆိုတော့ ကျမ တက်မယ့် လှေကားထစ်တွေဆီ ဦးတည်နေလို့ပါပဲ။ သတိကြီးလွန်းတဲ့ ကျမဟာ လှေကားလက်ရမ်း မရှိတဲ့ အတက်အဆင်း လှေကားပေါ်ကို ဒီလူငယ် တက်နိုင်ပါ့မလားလို့ စိုးရိမ်မိလိုက်သေးတယ်။

အဲဒီ အချိန်မှာပဲ ဓမ္မာရုံရဲ့ ဆောင်းဘောက်စ်နဲ့ လော်စပီကာက “ဟုတ်ကဲ့… မင်္ဂလာရှိသော နေ့ရက်မှာ မင်္ဂလာအရှိဆုံး လာရောက် လှူဒါန်း ကုသိုလ်ယူသွားသူကတော့ အမှတ် ၁၀၄ နေ ဦးလူပါနဲ့ ဒေါ်အေးနွဲ့တို့က ကွယ်လွန်သွားပြီ ဖြစ်သော အဖ ဦးစိန်နဲ့ အမိ ဒေါ်အေးစိန်တို့ကို ရည်စူးပြီး ကျနော်တို့ရဲ့ တနင်္ဂနွေ ဆွမ်းလောင်း အသင်း အတွက် အလှူငွေ ကျပ် ၅ သောင်း၊ အမှတ် ၁၀၆ နေ ဦးနိုင်ဝင်းနဲ့ ဒေါ်အေးဖြူ တို့က ကွယ်လွန်ခဲ့ပြီ ဖြစ်သော အဖ ဦးဆောင်းနဲ့ မိခင်ဒေါ်ကြွေတို့ကို ရည်စူးပြီး အလှူငွေ ကျပ် ၅ သောင်း လာရောက်လှူဒါန်း မတည်ပေး ခဲ့ပါတယ်။ အဲဒီလို လာရောက် လှူဒါန်း ကုသိုလ်ယူကြတဲ့ အလှူရှင်တွေ အားလုံး စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ၊ ကွယ်လွန်သူများ အတွက်လည်း ရောက်ရာ ဘုံဘဝကနေ သာဓု အနုမောဓနာ ခေါ်ပြီး ကောင်းမြတ်တဲ့ ဘုံနေရာမှာ အေးချမ်းသာယာပါစေလို့ ကျနော်တို့ တနင်္ဂနွေ ဆွမ်းလောင်း အဖွဲ့က ဆုတောင်းပေးပါတယ် ”

“သာဓု….၊ သာဓု… သာဓု ပါ ခင်ဗျာ”

လှေကားထစ်ကို လူငယ် စတက်လိုက်တာနဲ့ သူက “၅၁၊ ၅၀၊ ၄၉၊ ၄၈၊ ၄၇၊ ဆိုပြီး ရေတွက်ပြီး တစ်ထစ်ချင်း တက်သွား နေတယ်။ ကျမလည်း နောက်ကနေ နင်းစမ်းပြီး လှေကားထစ်တွေကို တစ်ထစ်ပြီး တစ်ထစ် တက်လာ ခဲ့ရတယ် ပေါ့။ သူ နင်းတက်ရင်း ရေတွက်နေတဲ့ လေခါးထစ် ၃၀ ရောက်တော့ လက်နှိပ်ဓာတ်မီး အလင်းရောင် တခုကြောင့် လှေကားထစ်ကို ကောင်းကောင်း မြင်သွားရတယ်။ လှေကားဆုံရာ နေရာ ကျဉ်းကျဉ်းလေး ကနေ မီးထိုးပြနေတဲ့ သူကို တွေ့တော့ အဲဒီ လူငယ်က “ကျေးဇူးတင်ပါတယ် အစ်ကို…။ အစ်မလည်း နောက်မှာ ပါတယ် ခင်ဗျ၊ ကျေးဇူးပါ ခင်ဗျ” လို့ ပြောပြီး သူ့ရဲ့ နံပတ်တွေကို နောက်ပြန် ရွတ်ရင်း ဆက်တက်သွားတယ်။

၅ လွှာကနေ ကနေ တံခါးကိုဖွင့်ပြီး မီးပြပေးသူက ကျမရဲ့ ခင်ပွန်းပါ။ အခုလို မီးပျက်နေချိန်မှာ ကျမကို မီးပြပြီး လာကြိုတာ။ ကျမလည်း ခင်ပွန်းသည်ကို တွေ့ရတော့ အားရှိသွားပေမယ့် တက်ရမယ့် လက်ရမ်းမဲ့ လှေကားထစ်တွေကို ပင်ပန်း စိုးထိတ်ရင်း တက်ခဲ့ရပါတယ်။

(ခ)
“အဲဒီ ညီလေးက အမှတ် ၃၃ လိုင်းကား မောင်းတဲ့ ဒရိုင်ဘာ တယောက်ကွဲ့။ အမည်က မောင်မောင်ဦး။ သူ့ အဖေ ဦးရွှေက အသက် ၆၅ နှစ် ကျော်ပြီ။ တပ်မတော် အငြိမ်းစား တပ်ကြပ်ကြီး တဦးကွဲ့။ ကိုကိုက ဦးရွှေနဲ့ မနေ့ နေ့ခင်းပိုင်းက တွေ့ခဲ့တာ။ အိပ်ရေးပျက်ပြီး ခေါင်းတွေ မကြည်ဘဲ အုံနေလို့ သွေးတိုးတာလား ဆိုပြီး ဆေးခန်းကို လာပြတုန်း တွေ့တာ။ ကိုကိုက ဆောင်းပါးရေးဖို့ သူငယ်ချင်း ဆရာဝန်ဆီ အိပ်ရေးပျက်ရင် ဘာရောဂါတွေ ဖြစ်တတ်သလဲ ဆိုတဲ့ အကြောင်း မေးနေတုန်း အဲဒီ အန်ကယ်ကြီး ဝင်လာတာလေ” လို့ ခင်ပွန်းသည်က ပြောပြနေချိန်မှာ ကျမက မနက်ဖြန် ပေးရမယ့် မဂ္ဂဇင်း တခု အတွက် ဘာသာပြန်စာမူ ရေးဖို့ ပြင်ဆင်ချိန်ပါ။

“အိပ်ရေးပျက်တဲ့ လူဟာ ပထမဆုံး အစားပျက်မယ်၊ အစားပျက်ရင် အစာအိမ်ရောဂါရလာမယ်၊ နောက်ပြီး… အားနည်း လာမယ်၊ သွေးအားနည်းပြီး မူးမိုက်လာမယ်၊ အဲဒီ အချိန်မှာ လမ်းဖြတ်ကူးတာ၊ အမြင့်တနေရာ ရောက်နေရင် အန္တရာယ် ရှိနိုင်တယ်၊ အထူး သဖြင့် အသက်အရွယ်ကြီးရင့်တဲ့ သူတွေဟာ အိပ်စက်တာ နည်းပါးလာရတဲ့ အထဲ အိပ်ရေးပျက်ရင် ရောဂါပေါင်းစုံ ဝင်ရောက်လာ နိုင်တယ်” လို့ ကျမ ခင်ပွန်းက သူ့သူငယ်ချင်း ဆရာဝန်က ရှင်းပြတဲ့ အကြောင်း ပြောနေပါတယ်။
“ကိုကိုရေ… ညီမလေး စာရေးတော့မယ်။ အဲဒီ အကြောင်းတွေ နောက်မှ ပြောတော့နော်” လို့ ကျမက ပြောလိုက်ပြီး ဘာသာပြန်ဖို့ ကြိုးစားပေမယ့် မနက်ခင်းကျရင် အန်ကယ်ကြီး ဦးရွှေ အတွက် အားဆေးတချို့ ပေးဦးမှပဲ လို့ တွေးမိနေ ခဲ့တယ်။ ခင်ပွန်းသည် ကလည်း သူ့ရုံးက ရေးဖို့မှာထားတဲ့ “ဆူညံသံ” အကြောင်း ဆောင်းပါး ဆက်ရေးနေခဲ့တယ်။ အဲဒီ အချိန်မှာပဲ ဓမ္မာရုံက အသံချဲ့စက်က အလှူရှင် အမည်စာရင်းတွေ ကြေညာလိုက်၊ ဓမ္မသီချင်းတွေ ဖွင့်လိုက်နဲ့မို့ ကျမ သူငယ်ချင်း တဦးပေးတဲ့ Earplug ကို တပ်ပြီး ရေးပေမယ့် ည ၁၁ နာရီကျော်တဲ့ အထိ စာရေးရတာ မဖြောင့်ခဲ့။ဘာတတ်နိုင်မှာလဲ…၊ ဘာသာရေး အလုပ်၊ ဘုရား တရား အလုပ် ဖြစ်နေတာကိုး။

(ဂ)
နောက်နေ့ မနက်ခင်း ၉ နာရီခွဲလောက်မှာ အန်ကယ်ကြီး ဦးရွှေအတွက် အားဆေးတချို့နဲ့ မနက်စာ အားရှိမယ့် အစားအစာတွေ ယူပြီး ခင်ပွန်းသည်နဲ့ အတူ ၆ လွှာကို တက်လာပြီး တံခါး ခေါက်လိုက်တော့ …“အဖေရေ… အောက်ထပ်က စာရေးဆရာနဲ့ စာရေးဆရာမ လာတာဗျ။ လာ… လာ … ဆရာနဲ့ ဆရာမ” လို့ ပြောရင်း ၃၃ လိုင်းကား ဒရိုင်ဘာလေး မောင်မောင်ဦးက တံခါးကို အားရဝမ်းသာနဲ့ ဖွင့်ပေးတယ်။ ကျမတို့ အခန်းထဲ ဝင်လိုက်တော့ စောင်ပါးတထည်ခြုံပြီး မှေးနေတဲ့ ဦးရွှေကို တွေ့လိုက်ရတယ်။ မောင်မောင်ဦးကတော့ သူ့ အဝတ်အစားနဲ့ ဖခင်ဖြစ်သူရဲ့ အဝတ်အစားတွေ အိမ်ရှေ့ဝရန်တာမှာ ချိတ်ဆွဲလှန်းနေတာ တွေ့ရတယ်။ “ဆရာတို့ ခဏလေးပါနော်” လို့လည်း အကြိမ်ကြိမ်ပြောနေပြန်တယ်။
ကျမက အားဆေးတချို့နဲ့ မနက်စာ စားဖို့ စားစရာတွေ ပေးလိုက်တော့ ဖခင်ဖြစ်သူရော သားရော အရမ်းအားနာနေ ကြတယ်။ ခင်ပွန်းက အားနာစရာ မဟုတ်တဲ့ အကြောင်း၊ တမိုးအောက်မှာ နေကြတဲ့ သူတွေဟာ ကံကြမ္မာရေစက် ရှိလို့ အတူနေထိုင်ကြရတာ ဖြစ်ကြောင်း၊ မိသားစုလို့ သဘောထားဖို့ အကြောင်း၊ ညီအစ်ကို မောင်ရင်းနှမ မတော်စပ်ဖူးသူ မရှိတဲ့ အကြောင်း ဘုရားဟောတွေ ပြောပြတော့မှ သူတို့လည်း ကျေနပ်ဝမ်းသာ သွားကြတာ တွေ့လိုက် ရသလို ဦးရွှေရဲ့ မျက်ဝန်းတွေကလည်း ကြည်လင်ဝင်းလက် သွားပါတယ်။

“ဟုတ်တယ်…၊ ဆရာ။ ကျနော်တို့ တွေ့ဆုံနေထိုင်နေကြရတာဟာ ရေစက်ပါဗျာ။ အဲဒီ အတွက် ဆရာမလေးကိုရော ဆရာ့ကိုရော ကျေးဇူးတင်ဝမ်းသာမိပါတယ်။ သားကိုလည်း ခဏခဏ ပြောဖြစ်တယ်။ တရားနဲ့ အညီ ပြုမူ ပြောဆို လုပ်ကိုင် နေထိုင်ဖို့ပေါ့ဗျာ” လို့ ပြောပါတယ်။ အဲဒီ အချိန်မှာ သားဖြစ်သူ မောင်မောင်ဦးကလည်း ကျမတို့ထိုင်နေတဲ့ နေရာကို လာထိုင်တယ်။ အိမ်ထောင်ပရိဘောဂ ရယ်လို့ ဘာမှ မရှိသလောက် အခန်းလေးထဲမှာ ထမင်းစားစားပွဲလေးကို ခင်းပြီး ဝိုင်းထိုင်နေကြတာလေ။

ခင်ပွန်းသည်ကလည်း “တရား အလုပ်ဆိုတာ မတရားမှုရဲ့ ဆန့်ကျင်ဘက် အလုပ်ပဲ၊ ကိုယ်လုပ်တဲ့ အလုပ်က တခြားလူ အတွက် ထိခိုက်သွားမယ်၊ နစ်နာသွားမယ် ဆိုရင် အဲဒါဟာ မတရားမှုပဲ။ တရားဆိုတာ ညီညွတ်ခြင်း မျှတခြင်း ပေါင်းစည်းခြင်းနဲ့ ငြိမ်းအေးခြင်းတွေ စုဖွဲ့ထားတာပဲ မဟုတ်လား အန်ကယ်”

“ဟုတ်တာပေါ့ ဆရာရယ်။ အခုလိုပြောတာ သားရေ မှတ်ထားကွဲ့။ ကိုယ့်ကြောင့် သူတပါးကို ထိခိုက်စေမယ် ဆိုတာ အရင်ဦးဆုံး စဉ်းစားရမယ်ကွဲ့။ ထိခိုက်စေတဲ့ အလုပ်ဆို ဘာမှ မလုပ်နဲ့နော်။ အဲဒါ မတရားတဲ့ အမှုပဲ၊ အကုသိုလ် အလုပ်ပဲ” လို့ ဆက်ပြောနေတုန်း ကျမက - “ဒါနဲ့… ငါ့မောင်က လှေကားထစ်တွေကို ဘာကြောင့် နောက်ပြန်ရေတွက်ပြီး တက်တာလဲ။ ပြောပါဦး” လို့ မေးလိုက်တယ်။

“ကျနော်တို့ အခန်းက ၆ လွှာ၊ အစ်မတို့ အခန်းက ၅ လွှာ။ ၆ လွှာကို ရောက်ဖို့ လှေကားထစ် ၅၁ ထစ် တက်ရတယ်။ ကျနော်က တစ်ကနေ မရေဘဲ နောက်ပြန်ရေတက်တာ။ နောက်ပြန်ရေတော့ ငါတက်ရတာ ဘယ်နှထစ်ပဲ လိုတော့တယ် ဆိုတာ သိပြီး အားရှိ သွားတယ်။ အစဉ်အတိုင်း တက်ရင် ငါ ဘယ်နှထစ်ရှိပြီ ဆိုပြီး မောသွားတယ်။ ဒါကြောင့် ပြောင်းပြန်ရေပြီးတက်တာ”လို့ မွန်မွန်ရည်ရည်နဲ့ ရှင်းပြတယ်။ အင်း… တယ်ဟုတ်ပါလား လို့ ကျမစိတ်ထဲက ရေရွတ်မိလိုက်ပါတယ်။

(ဃ)
စာရေးခြင်း ဘာသာပြန်ခြင်း အလုပ်က လွဲလို့ တခြား ဘာမှ မလုပ်တတ်တဲ့ ကျမနဲ့ ခင်ပွန်းသည်လည်း အသံချဲ့စက် အပါအဝင် ပတ်ဝန်းကျင် အနှောင့်အယှက် အမျိုးမျိုးပေးတဲ့ အသံပေါင်းစုံကို ကြံ့ကြံ့ခံ သည်းခံရင်း မပျက်မကွက် စာတွေ ရေးဖြစ်ခဲ့ကြပါတယ်။ စာရေးခြင်းဟာ ကျမတို့ရဲ့ Profession ပဲလေ။ သို့ပေမယ့် …၊

သို့ပေမယ့်… နောက် သီတင်းတပတ် အတော်ကြာမှာတော့ အမှတ် ၃၃ လိုင်းကား တစင်းက လမ်းလယ်က ဘလောက်တုံးကို ပွတ်တိုက်မိတဲ့ သတင်း ဂျာနယ် တခုမှာ ဖတ်လိုက်ရပါတယ်။ ကျမတို့ သိတဲ့ ဒရိုင်ဘာလေးများလားလို့ စိတ်ပူ သွားမိခဲ့ပါသေးတယ်။ ကျမတို့ရဲ့ အပေါ်ထပ်က အန်ကယ်ကြီး ဦးရွှေရဲ့ အသံတော့ မကြားမိခဲ့ရပါ။

ဒီလိုနဲ့ ကျမ မေတ္တာတရားနဲ့ နိုင်ငံတော် အစီအစဉ်နဲ့ ဘာသာပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲတက်ရောက်ဖို့ အကြောင်း ဖန်လာတာနဲ့ နယ်မြို့တမြို့မှာ ဟောပြောပွဲ တက်ရောက်နေတုန်း ရန်ကုန်မြို့မှာ လိုင်းကားတစီးက ကလေးငယ်တဦးကို ရှောင်ရင်းလမ်းဘေး သံတန်းကို ဝင်တိုက်ပြီး ဒရိုင်ဘာတဦး အသက်ဆုံးခဲ့တဲ့အကြောင်း သတင်းတခုမှာ ဖတ်လိုက်ရပါတယ်။
ဟောပြောပွဲပြီးလို့ ကျမ ရန်ကုန်ကို ပြန်ရောက်ပြီး အခန်းကို ပြန်တော့ “ဦးရွှေ၊ အငြိမ်းစားတပ်ကြပ်ကြီး၊ အသက် ၆၇ နှစ်” လို့ ရေးထားတဲ့ နာရေး သင်ပုန်းကို ကျမတို့ တိုက်ခန်းရှေ့မှာ တွေ့လိုက်ရပါတော့တယ်။

(င)
“မနက်အစောကြီးရော… ည ဉာဉ့်နက်မှာရော အဖေ အိပ်မပျော်တာက အဖေ့ကို သတ်တာ။ အဖေ အိပ်မပျော်စေတာက ဘယ်သူ့ ကြောင့်လဲ။ အဖေ ကောင်းကောင်း အိပ်စက်ရရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး။ ကျနော်လည်း အက်ဆီဒင့် ဖြစ်မှာ မဟုတ်ဘူး” လို့ အကြိမ်ကြိမ် အော်ဟစ် ငိုကြွေးနေတဲ့ မောင်မောင်ဦးကို တွေ့လိုက်ရတော့ ကျမတို့ နှလုံးသားတွေ ပြုတ်ကျမတတ် ခံစားနေရပါတယ်။

“ကျနော် အက်ဆီဒင့် ဖြစ်တယ် ဆိုပြီး အဖေက အောက်ကိုဆင်းပြီး ကျနော့်ကို လမ်းထိပ်က ဖုန်းဆိုင်ကနေ ဖုန်းဆက်တယ်။ ဘာမှ မဖြစ်တဲ့ အကြောင်း ကျနော် သေသေချာချာ ပြန်ပြောတယ်။ စိတ်အေးသွားပြီးနောက် ၆ လွှာက အခန်းကို ပြန်အတက်တာမှာ လက်ရမ်းမပါတဲ့ လှေကားကြောင့် ၃ လွှာကနေ အောက်ကို ပြုတ်ကျ သေတာ” လို့ ပြောရင်း ငိုကြွေးနေတဲ့ မောင်မောင်ဦးကို ကြည့်နေရင်း ကျမရဲ့ ရင်မှာ ဆို့နင့်လာပါတယ်။

ကျမတို့ ဘယ်သူ့ကို အပြစ်ပြောရမလဲ။ ကျမတို့ နေ့စဉ်ကြားနေရတဲ့ တရားအလွန်က အသံတွေကို ဘယ်လို ပြောရမလဲ လို့ စဉ်းစားရင်း လက်ရမ်းမရှိတဲ့ လှေကားထစ်တွေကို နောက်ပြန်ရေတွက်ရင်း တက်နေမိပါတယ်။ ။