Breaking News

ဗေဒါညို - စောင့်ကြည့်-၁၄ရက်

စောင့်ကြည့်-၁၄ရက်
ဗေဒါညို
(မိုးမခ) မတ် ၂၄၊ ၂၀၂၀

ကျွန်တော်ဖြင့် မနက်လင်းလာတာနဲ့ ဖေ့စ်ဘွတ်ဖွင့်ကြည့်ရမှာတောင် ခပ်လန့်လန့်ဖြစ်လာမိတယ်။ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပေါ်လာတဲ့ အနိဋ္ဌာရုံသတင်းတွေပဲ အတွေ့ရများနေတာမဟုတ်ပါလား။ အီတလီဆိုရင် အခုဒီနေ့အထိသေဆုံးတဲ့နှုန်းက တိုးနေတုန်းပါပဲ။ လွန်ခဲ့တဲ့သုံးလေးလလောက်တုန်းကတော့ ဒီလိုပဲလူတွေနေ့မြင်ညပျောက်နဲ့ အထိတ်ထိတ်အလန့်လန့်နေရတဲ့အဖြစ်မျိုးနဲ့နေရမယ်လို့ ဘယ်တွေးမိမှာတုန်း။ အားလုံးပျော်ပျော်ရွှင်ရွှင် ကမ္ဘာလှည့်ခရီးသည်တွေနဲ့စည်စည်ကားကားပေါ့။ 
စပိန်တို့ပြင်သစ်တို့ ဂျာမနီတို့လည်း သူ့နည်းတူပါပဲ။
အခုတော့ဖြင့်ကိုဗစ်ဗိုင်းရပ်စ်ပိုးဟာ တစ်ကမ္ဘာလုံးကိုလည်ပင်းညှစ်ထားလို့ ဘယ်နိုင်ငံမှ မချောင်ပါ။ အကုန်လုံး ထိတ်လန့်တုန်လှုပ်နေကြတယ်။

မနှစ်တုန်းကထင်ရဲ့။ တရုတ်ကြီးက ခါးပတ်တစ်ကွင်းလမ်းတစ်စင်းလို့ဟစ်ကြွေးပြီး စီးပွားရေးလမ်းကြောင်းဖွင့်လို့ သူ့လက်တန်တွေဖြန့်ဖို့ကြိုးစားခဲ့တယ်။ အဲဒီအပေါ်အမျိုးမျိုး ဝေဖန်ကြတယ်။ ပေါက်ဖော်ကြီးနဲ့ပေါင်းတဲ့နိုင်ငံကပေါင်းသလို မယုံလို့စောင့်ကြည့်ကြတဲ့နိုင်ငံတွေလည်းရှိသပေါ့။
ကျွန်တော်တော့ ပေါက်ဖော်ကြီးရဲ့ခါးပတ်တစ်ကွင်းလမ်းတစ်စင်းဟာ နိမိတ်ပြနေသလားလို့တောင် မြန်မာပီပီတွေးလိုက်မိပေတယ်။ အခုတော့လည်း သူ့ဆီကစလိုက်တဲ့ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာပတ်ပြီး အကုန်လုံးကိုဒုက္ခပေးလိုက်ပုံက သိကြတဲ့အတိုင်းပါပဲ။ ကမ္ဘာမှာကပ်ရောဂါကျရောက်ခြင်းဟာ ကမ္ဘာ့စစ်ပွဲထက်အများကြီးဆိုးလို့အန္တရာယ်ကင်းအောင် ဘယ်နားရှောင်ပြေးရမှန်းတောင်မသိဘူးဗျာ။

လွန်ခဲ့တဲ့သုံးလေးလလောက်က အမေရိကန်က အီရန်စစ်ဗိုလ်ချုပ်ကြီးကိုဒရုန်းနဲ့အုပ်ထည့်လိုက်လို့ အီရန်လည်း ဆွေ့ဆွေ့ ခုန်သွားပြီး တိုက်မယ်တစ်ကဲကဲဖြစ်သွားတယ်။ အီရန်ဆိုတာကလည်း အင်အားကြီးနိုင်ငံမဟုတ်ပါလား။ ခေတ်စကားနဲ့ပြောရရင် အကောင်ပေါ့။ အဲတော့ အကုန် မျက် လုံးပြူးကုန်ကြတယ်။ သူတို့အချင်းချင်းချကြရင်းနဲ့ ကမ္ဘာစစ်အထိရောက်သွားနိုင်တာမို့ ထိတ်လန့်ရင် မနေကြရတာပေါ့။ ဒါပေတဲ့ ဘယ်သူ့မှဗိုလ်မထားတဲ့အမေရိကန်ရော အီရန်ရော ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကြောင့် ဝပ်ဆင်းကုန်ပြီး ရန်မစောင်နိုင်တော့ဘဲ ကိုယ့်ပြဿနာ ကိုယ်ရှင်းရင်း ချာရပတ်ရမ်းနေကြတယ်။ လောကကြီးဟာ အင်မတန်မှတရားကျစရာကောင်းပါတယ်ဗျာ။ ကိုယ့်ကိုယ်ကို ဘယ်လိုပဲအင်အားကြီးတယ်လို့သွေးနားထင်ရောက်နေလည်း အချိန်တန်တော့ စူ့ထက်စူလူစွမ်းကောင်းတွေပေါ်ထွက်လာတဲ့အခါ မွတ်ကရောပဲ။

ကမ္ဘာမှာနည်းပညာတွေဖွံ့ဖြိုးတိုးတက်လာပြီးကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်သွားပြီဆိုတဲ့အသံတွေနဲ့အတူ တစ်နိုင်ငံနဲ့တစ်နိုင်ငံသွားကြလာကြ ကုန်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားကြပေါ့။ ဒါကကမ္ဘာဆန်ခြင်းရဲ့လက္ခဏာနဲ့အကျိုး ကျေးဇူးနဲ့ရလာဒ်ပါပဲ။ နို့ပေမယ့် အခုကျတော့လည်း ကမ္ဘာမဆန်နိုင်ဘဲ ဖြစ်ကုန်တယ်။ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးအန္တရာယ်ကြောင့် နိုင်ငံအတော်များများဟာ အိမ်တံခါးပိတ်ကုန်ကြတယ်။ ငါတို့နိုင်ငံကိုမလာကြနဲ့၊ ငါတို့ကလည်း မင်းတို့ဆီမသွားဘူး၊ တစ်ချိန်က တံခါးပိတ်ဝါဒကိုပြန်အသုံးချနေရတယ်။
ထားလိုက်တော့ဗျာ။ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေက ဘယ်လိုရှိသတုန်း။ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေကြတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက ဘာမှမဖြစ်သေးလို့မယုံကြဘူးဖြစ်နေတယ်။ အဲတော့ မယုံနေပေါ့ဟလို့ပဲ ပြန်ပြောလိုက်တယ်။ ဒါပေသိ ကျွန်တော်ရဲ့ပြောစကားဟာ တမြန်မနေ့အထိပဲ။ တရုတ်မှာဗိုင်းရပ်စ်ပိုးဖြစ်တဲ့ဟူဘေးပြည်နယ်ဟာ ကျွန်တော်တို့နိုင်ငံနဲ့မိုင်ထောင်ချီပြီးဝေးတယ်။ ကြားထဲမှာ ကျွန်တော်တို့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ယူနန်ပြည်နယ်ကြီးရှိထားတော့ ဗိုင်းရပ်စ်ပိုးအန္တရာယ်ကို သိပ်ကြောက်စရာမလိုဘူး။ ယူနန်ပြည်နယ်မှာ ဒီရောဂါဖြစ်ပွားရင်တော့ တစ်မျိုးပေါ့။ သို့ပေမယ့် မနေ့ကစပြီး မယုံလည်းနေပေါ့ဆိုတဲ့စကားမပြောရဲတော့ပါဘူး။ ကိုဗစ်ရောဂါပိုးတွေ့နေတဲ့ထိုင်းက မြန်မာတွေနယ်စပ်ဂိတ်ကနေ ပြည်တော်ပြန်လာကြတော့ စိုးရိမ်သွားတယ်။ ရောဂါပိုးကလည်း အခုစစ်ဆေးလို့ချက်ချင်းတွေ့ရတာမျိုးမဟုတ်တော့ ခွကျတယ်။

လွန်ခဲ့တဲ့နှစ်ရက်က ရောဂါကာကွယ်ဖို့အတွက် လူတန်း စားမရွေးသုံးနိုင်တဲ့ဆပ်ပြာနဲ့လက်ကိုဘယ်လိုဆေးရတယ်ဆိုတာ သေချာရှင်းပြထားတဲ့ဗီဒီယိုဖိုင်ကိုကြည့်လိုက်ရတယ်။ နိုင်ငံခေါင်းဆောင်ကိုယ်တိုင် အဲလိုရှင်းပြပေးတော့ လူတွေလည်း စိတ်ဝင်စားမှုအားကောင်းသွားတယ်။ ဒါပေသိ အမျိုးကောင်းသားအချို့ကတော့ ဟေးဟေးဟားဟား လုပ်ချင်ကြသေးတယ်။ အလားတူပဲ ရောဂါကာ ကွယ်ရေးအတွက် အစိုးရရဲ့ကျန်းမာ ရေးစီစဉ်မှုတွေကို ဖောင်းထုကြတဲ့သူတွေလည်းရှိတယ်။ တကယ်လို့ရောဂါဖြစ်ပွားလာရင် ဒီလိုလူတွေပဲ အိမ်ခန်းထဲမှာဖင်ထောင်ပြီး စောင်ခေါင်းမြီးခြုံနေကြမှာ မြင်ယောင်သွားတယ်။ အတော်စိတ်ပျက်စရာကောင်းပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်ပိုးကာကွယ်ရေးဟာ အမျိုးသား ရေးတာဝန်ဗျ ။ ပေါ့သေးသေးမဟုတ်ဘူး။ အဲတော့ အစိုးရကိုကူညီမှဖြစ်မယ်။ ကူညီတယ်ဆိုတာက အထွေအထူးမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြား ချက်တွေကိုလိုက်နာရုံပါပဲ။ ဒါဟာ တစ်နည်းအားဖြင့်ပြောရရင် ကိုယ့်အသက်နဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းပါပဲ။ အဲဒီမှတစ်ဆင့် ကိုယ့်ရဲ့အဝန်းအဝိုင်းနဲ့ကိုယ်နေတဲ့ရပ်ကွက်ကိုတန်ဖိုးထားဖို့လိုလာတယ်။ ကိုယ့်ရပ်ကွက်ထဲမှာ လူစိမ်းတွေရှိလား။ ဖျားတဲ့နာတဲ့သူတွေရှိလား နေ့ညမရွေးမျက်စိ ဒေါက်ထောက်စောင့်ကြည့်ရမယ်။ တွေ့ရင်အားနာစရာမလိုဘူး။ အားနာရင် အသက်ပါသွားနိုင်တာကော။
ရန်ကုန်မှာ ရပ်ကွက်ထဲပုန်းလျှိူ းနေတဲ့တရုတ်တွေ ရပ်ကွက်ကတိုင်လို့ မိကုန်တဲ့သတင်းဗီဒီယိုဖိုင်တွေကြည့်လိုက်ရတယ်။ ကျွန်တော်တော့ တော်တော်သဘောကျသွားတယ်။ သေချာတွေးကြည့်ရင် ကိုယ့်ရပ်ကွက်ကိုကာကွယ်ခြင်းဟာ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ နိုင်ငံကိုကာကွယ်နေခြင်းပါပဲ။ အဲတော့ ရန်ကုန်ကလိုပဲတစ်နိုင်ငံလုံးမှာရှိတဲ့မြို့တွေက ရပ်ကွက်တွေ ကျေးရွာတွေမှာ ကာကွယ်နိုင်ကြရင် ဘယ်လောက်ကောင်းမလဲ။

ကမ္ဘာမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးရောဂါမဖြစ်သေးတာဆိုလို့ ကျွန်တော်တို့နဲ့လာအိုနိုင်ငံပဲကျန်တော့သတဲ့။ ဘာမှမဖြစ်ပါစေနဲ့ဗျာ ..လို့ပဲ ဆုတောင်းနေမိတယ်။ ကျွန်တော်တို့လူမျိုးက ဘယ်ဟာမှအလေးအနက်မထား ပေါ့တီးပေါ့ဆနေတတ်လို့ဖြစ်လိုက်လို့တော့ မချောင်ဘူးဗျ။ တစ်ချီတည်းနဲ့ မြော့သွားနိုင်တယ်။

ရောဂါပိုးအကြောင်းတွေးရင်းနဲ့ တစ်ခါက အဖေပြောတာကိုအမှတ်ရသွားတယ်။ 

ဒုတိယကမ္ဘာစစ်ဖြစ်တော့ ဂျပန်က မန္တလေးတရုတ်တန်းကို ဗုံးလာချရောတဲ့။ အဲဒါကို အဖေတို့ရပ်ကွက်ထဲကလူအချို့ ဗုံးချတာကိုမမြင်ဘူးလို့ဆိုပြီး သွားကြည့်ကြသတဲ့။ ဗုံးဒဏ်ကြောင့်သောက်သောက်လဲသေတော့မှ အားလုံး ကြောက်လန့်ကုန်ပြီး တစ်မြို့လုံးထွက်ပြေးကြသတဲ့။ လှည်းတွေမြင်းလှည်းတွေ မော်တော်ကားတွေပေါ်ပစ္စည်းတွေတင်ပြီး စစ်ကိုင်းဘက်ကိုထွက် ပြေးကြတဲ့လူတန်းကြီးဟာ တော်တော်နဲ့မဆုံးနိုင်ဘူးတဲ့။ တော်ရုံတန်ရုံလောက်နဲ့ အကြောက်အလန့်မရှိတဲ့လူမျိုးဟာ ကြောက်မယ့်ကြောက်တော့လည်း ဂိတ်ဆုံးတဲ့အထိပေါ့။
ဒီတော့ အခုအခြေအနေကိုတွေးကြည့်ဗျ ာ။ ကိုဗစ်ဗိုင်းရပ်စ်ပိုးသောဘာသောနားမလည်ဘူး။
သွားလို့ရတဲ့နေရာမှန်သမျှ သွားနေကြတုန်းပဲ။ လက်ဆေးဖို့နေရာတွေပေးထားလည်း ဆေးချင်မှဆေးတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ဈေးထဲမှာတိုးဝှေ့သွားလာနေကြတယ်။ ရောဂါသံသယရှိတဲ့လူနာတွေကို ၁၄ ရက်စောင့် ကြည့်ကြည့် တစ်လလုံးပဲ စောင့်ကြည့်ကြည့် ဘာမှမဖြစ်သေးသ၍ ဘာမှမဖြစ်ဘဲ အေးဆေးပဲ။ ဒါပေသိ ဖွဟဲ့ မပြောကောင်းမဆိုကောင်း ပုံမတော်လို့ ရောဂါဖြစ်ပွားပြီးအသေ အပျောက်တွေရှိလာရင် ဘယ့်နှယ်လုပ်ကြမတုန်း။ အစိုးရအနေနဲ့ အခုကတည်းကမေတ္တာရပ်ခံတာတွေ ပညာပေးတာတွေလုပ်မနေဘဲ ခပ်ပြတ်ပြတ်ကိုင် တွယ်ဖို့လိုပြီဗျ။ 
ဟွန်း- -ပြောရတာမောထှာဗျာ။

ဤတွင်ကားလိပ်ချ
ဗေဒါညို
Nyo Htoon Lu ဖေ့ဘုတ်မှ ခွင့်ပြုချက်ဖြင့် ယူပါသည်။