Breaking News

ဒေါက်တာသိန်းလွင် - ဘ၀တက္ကသိုလ်


ဒေါက်တာသိန်းလွင် - ဘ၀တက္ကသိုလ်

(မိုးမခ) ဩဂုတ် ၂၊ ၂၀၂၀

မိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရေးသောစာ အပိုင်း (၈)
ဘဝတက္ကသိုလ်

ကျနော်ရေးတဲ့ စာတွေလည်း တောင်ရောက် မြောက်ရောက် ဖြစ်နေပြီထင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ရောက်တတ်ရာရာ ပြောတယ်လို့သာ မှတ်ယူပေးပါ။ စာအမှတ်စဉ်တွေကလည်း ကဘောက်တိ ကဘောက်ချာပါဘဲ။ ကျနော် ဒီလအတွင်း မိတ်ဆွေ သူငယ်ချင်းတွေအတွက် ရေးခဲ့တဲ့စာတွေကို အမှတ်စဉ်တွေ ပြောင်းတပ်လိုက်ပါတယ်။ Post တင်တဲ့နေ့စွဲ နဲ့ ခေါင်းစဉ်ခွဲလေးတွေ တပ်ပေးလိုက်ပါတယ်။ ရေးပြီးတဲ့ စာတွေကို ပြန်ရှာရတာ လွယ်အောင်ပါ။

အပိုင်း (၁) စာရေးပါမည်
အပိုင်း (၂) ဗိုလ်စိုးနောင်၏ တောင်ယာ
အပိုင်း (၃) အရှေ့မြောက်ဒေသဆီသို့
အပိုင်း (၄) ရွာသာအေးမှသည် ဧရာဝတီနိုင်ငံတော်ဆီ
အပိုင်း(၅) ဘဝဖြတ်သန်းမှု အကျဉ်းချုပ်
အပိုင်း(၆) ဖြည့်စွက် ရေးသားချက်
အပိုင်း (၇) ပင်လယ်ပြာနှင့် တံငါအို
အပိုင်း (၈) ဘဝတက္ကသိုလ်

စစ်သည်လေးသိန်း

၁၉၇၉ ဩဂုတ်လ ကျနော် ကရင်ပြည်နယ်မှ ပြန်လာပြီး၊ မြစ်ဝကျွန်းပေါ် က ဧရာဝတီမြစ်ကမ်းနဘေးမှာ ကျောင်းဆရာပြန်လုပ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာလိုက်တော့ ပုန်းလျှိုးကွယ်လျှိုး နေစရာမလိုတော့ဘဲ လွတ်လွတ်လပ်လပ် သွားလာလို့ ရသွားပါတယ်။

ဧရာဝတီတိုင်းမှာ ကျောင်းသားအရေးအခင်းတွေတုန်းက ရင်းနှီးခဲ့တဲ့ ရဲဘော် ရဲဘက် လေးဦးရှိပါတယ်။ ကိုအောင်စောဦး (သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်)၊ ကိုတင်ဝင်း (ခေါ်) ဗိုလ်ဇင်ကော့ (စီးပွါးရေးတက္ကသိုလ်)၊ ကိုစိုးဝင်း (ခေါ်) အပါလေး (စီးပွါးရေးတက္ကသိုလ်)၊ ကိုမျိုးညွန့်သန်း (စီးပွါးရေးတက္ကသိုလ်) တို့ ဖြစ်ပါတယ်။ ကိုအောင်စောဦးက မှိုင်းရာပြည့် အရေးအခင်းနဲ့ ထောင်ကျ၊ ဗိုလ်ဇင်ကော့နဲ့ အပါလေးတို့က ၁၉၇၅ ဇွန်လ အရေးအခင်းနဲ့ ထောင်ကျပါတယ်။ ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာကြပါတယ်။

ကိုမျိုးညွှန့်သန်း (ကိုမျိုး) က ဘွဲ့ရပြီး ကျုံပျော် ပုလဲနှင့်ငါးဌာနမှာ ငွေစာရင်းကိုင် လုပ်ပါတယ်။ ကိုမျိုးရဲ့အိမ်မှာ တစ်လ ကိုးသီတင်း နေဖူးပါတယ်။ ကိုမျိုးနဲ့ နေတုန်း မှတ်မှတ်ရရ ဆရာချစ်ဦးညိုကို သတိရပါတယ်။ ကျုံပျော် အင်းရဲကြီးကျွန်းမှာ စာပေဟောပြောပွဲ တစ်ခု ကိုမျိုးတို့စီစဉ်ပါတယ်။ ဆရာဦးအောင်သင်းနဲ့ ဆရာချစ်ဦးညိုတို့ လာဟောပါတယ်။ လင်္ကာဒီပချစ်သူ နာမည်ကြီးနေတဲ့ အချိန်ပါ။ သူ ဘာကြောင့် ဒဿဂီရိကို အဓိကဇာတ်ကောင်နေရာထားပြီးရေးရသလဲဆိုတာကို ရှင်းပြပါတယ်။ အတော်နားထောင်ကောင်းပါတယ်။ ယဉ်ကျေးမှုကဇာတ်ရဲ့ ရာမာရဏဇာတ်ကို ကတုန်းက ဒဿဂီရိနေရာမှာ သရုပ်ဆောင်ခဲ့ရတဲ့ အတွက် ဒဿဂီရိရဲ့ ဝိညာဉ် ပူးကပ်လာပုံရပါတယ်။

ကျနော် သင်ကြားနည်းအတတ်ပညာတွေ လေ့လာတော့ Reading and Writing for Critical Thinking (RWCT) နည်းစနစ်တွေထဲက အနုပညာသင်ခန်းစာတစ်ခုမှာ ဇာတ်ကောင်နေရာပြောင်းကြည့်ခြင်း နည်းတစ်ခု တွေ့ပါတယ်။ အဓိကဇာတ်ကောင်နဲ့ လူဆိုးကို နေရာပြောင်းကြည့်တာမျိုးပါ။ ကျနော် သင်တန်းတွေပေးတော့ ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူကို နမူနာ အဖြစ် သုံးပါတယ်။ အတော်မြင်လွယ်ပါတယ်။ ဆရာချစ်ဦးညိုကိုတွေ့ရင် ကျေးဇူးတင်စကား ပြောရပါဦးမယ်။

ဗိုလ်ဇင်ကော့က ကျုံပျော်မြို့နယ်ထဲက အင်းတစ်ခုမှာ အင်းဦးစီးလုပ်ပါတယ်။ အရပ်ခေါ်က အင်းသူကြီးပါ။ ဗိုလ်ဇင်ကော့ရဲ့ အင်းကိုလည်း အလည်သွားပါတယ်။ ငါး၊ ပုဇွန် အလျှံအပယ် စားရပါတယ်။ ညဘက် လသာသာမှာ အင်းရေပြင်ကျယ်ထဲမှာ လှေကလေးလှော်ပြီး သီချင်းဆိုရတာ အတော် အရသာ တွေ့ပါတယ်။ လေပြေအဝေ့မှာ ကြာပန်းရနံ့လေးတွေလည်း မွှေးပျံ့နေပါတယ်။ “လှေကလေးကိုလှော်မည် ... ဘေးမသမ်းဘဲ အေးချမ်းတော့မည် ...”

အပါလေးက ငါးသိုင်းချောင်းသားပါ။ သူတွဲဖက်ကျောင်းဆရာလုပ်တဲ့ ကုန်းတန်းရွာကိုသွားတော့ ကျနော်လိုက်သွားပါတယ်။ ပုသိမ်ကနေ မော်တင်စွန်းကို သင်္ဘောစီး၊ မော်တင်စွန်းကနေ ပင်လယ်ကမ်းခြေအတိုင်း လမ်းလျှောက်၊ တစ်နာရီခွဲလောက်ကြာရင် ကုန်းတန်းရွာကို ရောက်ပါတယ်။ တစ်ဖက်ကပင်လယ်၊ တစ်ဖက်ကတောင်တန်း၊ အလွန်အေးချမ်းတဲ့ ရွာတန်းရှည်ကလေးပါ။ တံငါလုပ်ငန်း၊ ဆားချက်လုပ်ငန်း၊ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ချောင်ချောင်လည်လည်ရှိတဲ့ ရွာလေးပါ။ ရခိုင်လူမျိုးတွေနေပါတယ်။ အလွန်သဘောကောင်းကြပါတယ်။ အပါလေးရဲ့ တပည့်တွေအိမ်က ကျနော်တို့ နှစ်ယောက်ကို ထမင်းဖိတ်ကျွေးပါတယ်။ မှတ်မှတ်ရရ ဝက်သားနဲ့တူတဲ့ ပင်လယ်ငါးဟင်း၊ အမဲလိုက်လို့ရတဲ့ တောကြောင်နဲ့ အုန်းနို့ဟင်း၊ အတော်မြိန်ပါတယ်။ ရွာသူလေးတွေလည်း ချောပါတယ်။

ကုန်းတန်းရွာကို သွားဖို့ ပုသိမ်ကိုအဝင်မှာ ကိုအောင်စောဦးကို ခေါ်သွားဖို့ ပုသိမ်တက္ကသိုလ်နားက သူ့အိမ်ကိုဝင်ပါတယ်။ သူ့ဇနီး မခင်သန်းစိန်က သူတို့သားအကြီးလေးကို ပုခက်လွှဲနေပါတယ်။ ကိုအောင်စောဦး ခရီးသွားနေလို့ အဲ့ဒီအခေါက်က မတွေ့လိုက်ရပါဘူး။ သူတို့ မိသားစု မခင်သန်းစိန်ရဲ့ ဇာတိမြို့ ဇီးကုန်းကို ပြောင်းသွားတော့ ကျနော်သွားတွေ့ပါတယ်။ မှတ်မှတ်ရရ ကြောင်သားဟင်းနဲ့ ကြွက်ကြော်နဲ့ ထမင်းကျွေးပါတယ်။ “ကိုအောင်စောဦး ခင်းဗျားက ပဋိပက္ခကျမ်း အတော်ကျေတယ်နော်” ဆိုတော့ ရယ်နေပါတယ်။

ဘဝတက္ကသိုလ်

၁၉၈၂ ဧပြီလဆန်းမှာ ဗကပ ယူဂျီတွေပေါက်ပြီး အဖမ်းခံကြရပါတယ်။ သူတို့နဲ့အဆက်အစပ်ရှိသူတွေကိုပါဖမ်းပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်က ပြန်လွတ်လာတဲ့ ကျောင်းသားတွေကိုလည်း ပြန်ဖမ်းပါတယ်။ ကိုအောင်စောဦး၊ ဗိုလ်ဇင်ကော့၊ အပါလေး၊ ကိုမျိုး လေးယောက်စလုံး အဖမ်းခံကြရပါတယ်။ တနွယ်ငင်၊ တစ်စင်ပါ ကျနော်လည်း အဖမ်းခံရပါတယ်။ သင်္ကြန်အပြီးမှာ ထောင်ထဲကို ရောက်ပါတယ်။

သုံးရက်လောက် စစ်ကြောရေးမှာ ဆက်တိုက်စစ်ပြီး၊ ဘယ်သွားတယ်၊ ဘယ်လာတယ်၊ ဘယ်သူနဲ့ တွေ့တယ် ဆိုတာတွေ စစ်ပါတယ်။ မပြောသင့်တာတွေ မပြောဘဲ နေပါတယ်။ စစ်လို့ဝတော့ ကျနော့်ကို တိုက်ထဲမှာ တစ်ယောက်တည်း ထားပါတယ်။

မနက် ၁၀ နာရီလောက်မှာ ထမင်းကျွေးပါတယ်။ ဆန်ကြမ်းထမင်း၊ ပဲဟင်းကျဲကျဲ၊ ငံငံ ခါးခါး ငပိခဲနဲ့ စားရပါတယ်။ ကျနော်က ထမင်းတစ်ခဲလောက် ချန်ထားပြီး၊ အခန်းရှေ့ အစာလာရှာတဲ့ စာကလေးတွေကို ကျွေးပါတယ်။ နေ့စဉ်ကျွေးတော့ ယဉ်လာပါတယ်။ ကျနော့်နားအထိ လာကြပါတယ်။ စာကလေးတွေနဲ့ပဲ အဖေါ်လုပ်ရပါတယ်။

အပျံသင်စ စာပေါက်စလေးတွေက အတော်လေး ချစ်စရာကောင်းပါတယ်။ ကျနော် ထမင်းစေ့လေးတွေ ပစ်ပေးလိုက်ရင် စာပေါက်စလေးတွေ အရင်ပြေးလာပါတယ်။ သူတို့အမေ မရောက်ခင်တော့ သူတို့နှုတ်သီးနဲ့ သူတို့ ကောက်စားပါတယ်။ အမေလည်း ရောက်ရော သူဟာသူ ကောက်မစားတော့ဘဲ ပကျိ ပကျိ နဲ့ ပါးစပ်က​လေးဟပြီး အသံပေးပါတယ်။ သူ့အမေက ထမင်းစေ့ကောက်ပြီး သူတို့ကို ခွန့်ကျွေးရပါတယ်။

စာကလေးဖြစ်ဖြစ်၊ လူကလေးဖြစ်ဖြစ်၊ မိဘရှိနေရင်တော့ ကလေးလိုနေပြီး၊ မိဘနဲ့ဝေးနေရင် သူ့ဟာသူ အားထုတ်ပါတယ်။ ကျောင်းသားတွေလည်း အလားတူပဲလို့ တွေးမိပါတယ်။ ဆရာရှိနေရင်တော့ အဆင်သင့်ခွန့်ကျွေးတာ စောင့်ပြီး၊ သူ့ဟာသူ အားထုတ်ရတဲ့အခါ လူကြီးတစ်ယောက်လို လေ့လာပါတယ်။

တစ်လလောက်ကြာတော့ ကျနော့်အခန်းကို နယ်စပ်ကနေ ဖမ်းလာတဲ့ တရုတ်ကြီး တစ်ယောက် လာထားပါတယ်။ သူလည်း ဗမာလို မတတ်၊ ကျနော်လည်း တရုတ်လို မတတ်တာမို့ ခြေဟန်လက်ဟန်နဲ့ဘဲ ဆက်သွယ်ရပါတယ်။ ကျနော့်ဆီကနေ နေ့စဉ် ဗမာစကားသင်ပါတယ်။ သုံးလလောက် ကြာတဲ့အခါ ဗမာလို တော်တော်ပြောတတ်လာပါတယ်။ သူပြောပြတဲ့ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေး အကြောင်း၊ တရုတ်ပြည်က ဗီယက်နမ်ကို ကျူးကျော်တဲ့ စစ်အကြောင်း၊ သူ့ရဲ့အကြောင်း၊ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။

အဲ့ဒီ တရုတ်ကြီးရဲ့အကြောင်းကို “အင်းစိန်ထောင်တွင် တွေ့ဆုံခဲ့သည့် တပ်နီလူငယ်၊ ရုပ်ရှင်ဒါရိုက်တာ ရွှီချန်ဆွင်း” ဆိုပြီး စာတစ်ပုဒ် ရေးဖူးပါတယ်။ ၂၀၁၈ ဖေဖေါ်ဝါရီလက ကျနော့် Facebook မှာ တင်ခဲ့ပါတယ်။ မိတ်ဆွေတစ်ချို့လည်း ဖတ်ပြီးကြပါပြီ။ မဖတ်ရသေးသူများအတွက် အောက်မှာ ထည့်ပေးလိုက်ပါတယ်။

ဓါတ်ပုံက အင်းစိန်ထောင်ကို ကောင်းကင်က မြင်ရတဲ့ပုံ ဖြစ်ပါတယ်။

ဒေါက်တာသိန်းလွင်
၂၀၂၀ ဩဂုတ်လ ၂၄ ရက်။