Breaking News

ဇင်လင်း - လွတ်လပ်စွာ ဆန္ဒမဲ ပေးပိုင်ခွင့်ပြုခြင်းဖြင့် စစ်ပွဲများချုပ်ငြိမ်းပါစေ

ဝါရှင်တန် မြန်မာသံရုံးမှာ တွေ့ရသော မဲလာပေးလာသည့် ဒေါက်တာစိန်ဝင်း၊ ဆရာမ ဒေါ်စီစီ (ဗွီအိုအေ)


ဇင်လင်း - လွတ်လပ်စွာ ဆန္ဒမဲ ပေးပိုင်ခွင့်ပြုခြင်းဖြင့် စစ်ပွဲများချုပ်ငြိမ်းပါစေ

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၀

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ(၈)ရက်သို့ နီးကပ်လာနေပြီ။ နိုင်ငံတကာရှိ မြန်မာသံရုံး များတွင် အဝေးရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနေကြပြီဟု ကြားသိရသည်။ ဒုတိယအကြိမ်မဲစာရင်းကို အောက် တိုဘာလဆန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီး၊ မဲစာရင်းများကို အွန်လိုင်း၌ ကြည့်နိုင်ရန် လည်း စီစဉ်ထားသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးခွင့်ရှိသူ စုစုပေါင်း ၃၈ သန်းကျော်ရှိသည်ဟု UEC က ဆို သည်။ ဒုတိယ အကြိမ် မဲစာရင်းတွင် ပထမအကြိမ်မဲစာရင်းထက် မဲပေးခွင့်ရှိသူ တစ်သန်းကျော် တိုးလာသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ရွေးကောက်ပွဲကို စိုးရိမ်ကြောက်လန့်မှုကင်းစွာ မဲပေးနိုင်ရန် နောက်ထပ် လိုအပ်ချက်တစ်ခုမှာ ရခိုင်၊ ချင်းနှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများရပ်စဲပေးရန် တောင်းဆိုမှုများ ရှိနေခြင်း ဖြစ်သည်။

မကြာသေးမီက ရှမ်းမြောက်ဒေသတွင် ဆက်တိုက်ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆို လိုက်ကြောင်း ကြားရသည်။ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရန် အောက်တိုဘာလ ပထမအပတ်မှ စတင်၍ တိုက်ပွဲများကို အမြန်ဆုံးရပ်စဲပေးရန် အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျောက်မဲဒေသခံများက တောင်းဆိုလိုက်သည်ဟု ‘သတင်းနှင့်မီဒီယာကွန်ယက်’(NMG) သတင်းအရ သိရသည်။

“မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်” မှ နန်းပန်းအိဖြူက ၂၀၁၅ ရွေးကောက်ပွဲတွင် ကျေးသီး၊ မိုင်းရှူး၊ တန့်ယန်း ဒေသများသည် စစ်ဖြစ်နေသောကြောင့် လုံခြုံမှု မရှိ၍ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့သောကြောင့် မဲပေးခွင့် ဆုံးရှုံး ခဲ့ရသည်။ ထို့ကြောင့် စစ်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ပြောကြောင်း NMG က ဖေါ်ပြသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများဖက်မှ ၎င်းတို့ ရွေးချယ်မည့် လွှတ်တော် ကိုယ်စားလှယ်များကို အဟန့်အတား တစ်စုံတစ်ရာမရှိပဲ ရွေးချယ်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်နစ်နာမှုများလည်း ရှိနေသည့်အတွက် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန် “နမ့်ခုံပရဟိတအသင်း”တာဝန်ရှိသူ တစ်ဦးကလည်း တောင်းဆို ထားကြောင်း သိရသည်။

“နမ့်ခုံပရဟိတအသင်း” မှ တာဝန်ရှိသူတစ်ဦးက “အခုအချိန်မှာတော့ ၅ နှစ်တစ်ကြိမ် ကျင်းပရတဲ့ ပြည်သူလူထုရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေပေါ့နော်။ လမ်းပန်းဆက်သွယ်ရေး အနေအထားအရလည်း ခက်ခဲတယ်။ နောက်ပြီး တော့ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးပေါ့ အခုအချိန်ရောက်ပြီ သူတို့ရဲ့ စီးပွားရေးတော့ အများကြီး ထိခိုက်နစ်နာမှု ရှိတယ်။ ဒါကြောင့်မို့လို့ စစ်ပွဲ အမြန်ဆုံးရပ်ရင်တော့ ကျနော်ကတော့ အဲဒါ လေးတော့ နည်းနည်းလေးတောင်းဆိုချင်ပါတယ်ဗျာ” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင် အောက်တိုဘာလ ၂ ရက်နေ့မှ စတင်၍ တပ်မတော်နှင့် “ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ”RCSS/SSA တို့အကြား တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေသောကြောင့် ဒေသခံ ပြည်သူ များ သွားရေးလာရေးခက်ခဲပြီး လုပ်ကိုင်စားသောက်ရန် မလွယ်ကူဘဲ ဖြစ်လာမည်ကို စိုးရိမ်ရသည့်အပြင်၊ မဲပေးခွင့် ဆုံးရှုံး မည်ကိုလည်း စိုးရိမ်နေကြသည်ဟု ဆိုသည်။

ကျောက်မဲဒေသခံတစ်ဦးက “ရွေးကောက်ပွဲလည်း နီးတယ်ဆိုတော့ အချိန်တစ်လပဲ ကျန်တော့တယ်လေ။ အဲဒါဆိုရင်တော့ တအားကြီး စိုးရိမ်မှုရှိမှာပေါ့။ ဘယ်လိုပြောရမလဲ ရွေးကောက်ပွဲ ကျောက်မဲ အနေအထားအရ အများကြီးစိုးရိမ်ရတယ်။ ဒေသခံတွေက မဲပေးဖို့ တော်တော် မလွယ်ဘူးဖြစ်နေမှာ။ ဒီအချိန်တော့ တစ်ချို့နေရာဆိုတော့ သူများသင်တန်းပေးရတယ် ထင်တယ်။ အဲဒီဖက်ပိုင်းက အုပ်စုတွေများတယ်လေ။ အုပ်စုတွေများတော့ သူတို့အတွက် တော်တော် အခက်အခဲ ဖြစ်မှာ။ တိုက်ပွဲဆက်ဖြစ်နေရင် အချိန်ကတစ်လပဲ ကျန်တော့တာလေ။ အကယ်၍များ တိုက်ပွဲဆက်ဖြစ်ရင် မဲရုံထောင်ဖို့ မလွယ်ဘူး လို့ ကျနော်ထင်တာပဲ” ဟု NMG သို့ ပြောသည်။

ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုက်ပွဲများကြောင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် လုံခြုံမှု မရှိ သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း တို့အတွင်းရှိ မြို့နယ် ရ မြို့နယ်စီနှင့် ကျေးရွာအုပ်စုပေါင်း ၆၀၀ ခန့်တွင် ရွေးကောက်ပွဲများ ဖျက်သိမ်းခဲ့ရသည်ဟု ‘ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အဖွဲ့များ’ ၏ မှတ်တမ်းများအရ သိရသည်။

ရှမ်းပြည်နယ်ရှိ မိုင်းလား၊ မိုင်းရှူး၊ ကျေးသီး၊ ပန်ဝိုင်း၊ မိုင်းမော၊ နားဖန်း၊ ပန်ဆန်း စသည့် မြို့နယ် ရ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့ဟုဆိုသည်။ မူဆယ်၊ မန်တုံ၊ ကုန်ကြမ်း၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ တန့်ယန်း၊ မက်မန်း မြို့နယ်များရှိ အချို့ကျေးရွာအုပ်စုများတွင်လည်း မဲဆန္ဒပေးခြင်း မပြုလုပ်နိုင်ခဲ့ဟု ဆိုသည်။ အဆိုပါ မြို့နယ်များ ထဲမှ မိုင်းမော၊ နားပန်း၊ မက်မန်း၊ ပန်ဝိုင်း၊ ပန်ဆန်း၊ စသည့် မြို့နယ် ၅ ခုမှာ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သည် ဟု သိရသည်။ အလားတူ ကချင်ပြည်နယ်ရှိ ဆွမ်ပရာဘွမ်၊ ဝိုင်းမော်၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်း ယန်၊ မံစီ၊ တနိုင်း၊ ရွှေကူ စသည့်မြို့နယ်များအတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သဖြင့် ကျေးရွာ စုစုပေါင်း ၂၂၁ ရွာခန့် မဲဆန္ဒမပေးနိုင်ခဲ့ဟု ‘ရွေးကောက်ပွဲစောင့်ကြည့်သည့်အဖွဲ့များ’၏ မှတ်တမ်းများအရ သိရသည်။

ထိုနည်းတူစွာ ကရင်ပြည်နယ်ရှိ မြဝတီ၊ သံတောင်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များ အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် မဲဆန္ဒခံယူပွဲများ ဖျက်သိမ်းခဲ့သည့်အပြင်၊ မွန်ပြည်နယ် ဘီလင်းမြို့နယ်ရှိ ဘော်နော် ကြီးကျေးရွာအုပ်စုတွင်လည်း မဲဆန္ဒခံယူနိုင်ခြင်းမရှိဟု ဆိုသည်။ ထို့အပြင် ပဲခူးတိုင်းတွင်လည်း ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၉ စုနှင့် ကျောက်ကြီးမြို့နယ် အတွင်း ကျေးရွာအုပ်စု ၁၂ စုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့များ၏ မှတ်တမ်းများက ဆိုသည်။

နိုဝင်ဘာလ(၈)ရက်နေ့တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပတော့မည်။ ပြင်ဆင်ချိန် ရက်ပေါင်း ၃၀ မျှသာ ကျန်တော့သည်။ ၂၀၂၀ ရွေးကောက်ပွဲကို “လွတ်လပ်ခြင်း၊ တရားမျှတ ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်မှု ရှိစေ ခြင်း၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ် တထပ်တည်း ကျစေခြင်း” ဆိုသည့် စံနှုန်း ၅ ချက်နှင့်အညီ ကျင်းပသွား မည်ဟု ‘ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်’ (UEC) ဥက္ကဋ္ဌ ဦးလှသိန်းက အတည်ပြု ပြောကြားထားသည်။ ရန်ကုန်မြို့ ၌ ဇွန်လ ၂၇ ရက်တွင် ကျင်းပသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် UEC ဥက္ကဋ္ဌဦးလှသိန်းက နိုင်ငံရေးပါတီများအား ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်က တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်ကြေညာ ထားသော မဲဆန္ဒနယ် စုစုပေါင်းမှာ ၁၁၇၁ နေရာဖြစ်သည်။ လက်ရှိ အခြေအနေတွင် ရခိုင်၊ ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်များ တွင် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာနေသဖြင့် မဲဆန္ဒနယ် အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိနိုင်မည်မဟုတ် ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာစောင့်ကြည့်သူများက ခန့်မှန်းနေကြသည်။

အောက်တိုဘာ ၆ ရက် နံနက်က ‘ရင်ကွဲတောင်’အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားအချို့တိုက်ပွဲအကြား ပိတ်မိခဲ့သည် ဟု ဆိုသည်။ ထိုတိုက်ပွဲတွင် တပ်မတော်နှင့် RCSS နှစ်ဖက်စလုံးမှ စစ်သည်များ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည် ဟု ဒေသခံ များက ဆိုသည်။ COVID-19 ကပ်ရောဂါထိန်းချုပ် ကုသနိုင်ရေးအတွက် လူစု လူဝေးမပြုလုပ်ရန် အစိုးရက ထုတ်ပြန် ကြေညာထားထားစဉ် တပ်မတော်နှင့် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်‌နေခြင်း‌‌ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာ၍ သေဆုံးမှုလည်းများလာသဖြင့် ကျေးလက်လူထုအနေဖြင့် ကျန်းမာရေး အလေးဂရုပြုကာ မိမိထိန်းချုပ်ရာဒေသ ကျေးလက်များအတွင်း ပြင်ပလူဝင်ထွက်သွားလာမှု ဟန့်တားထားကြောင်း RCSS/ SSA က အောက်တိုဘာ ၅ ရက်စွဲဖြင့် အချက် ၆ ချက်ပါ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်ဟု ရှမ်းသံတော်ဆင့်သတင်း က ဆိုသည်။ ရွေးကောက်ပွဲ စည်းရုံးရေးဆင်းမည့်ပါတီများအနေဖြင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များ ကို တိတိကျကျလိုက်နာရန် ဟူသောအချက်လည်း ပါရှိသည်ဟု ဆိုသည်။

၄င်းနှင့်ပတ်သက်ပြီး RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေးက- “ကိုဗစ်-၁၉ ရောဂါကူးစက်မှုက အရမ်းပြင်းထန် နေပါတယ်။ ကျေးလက်ရပ်ရွာထဲကွင်းဆင်းစည်းရုံးရေးဆင်းမယ့် ပါတီတွေအနေနဲ့လည်း လူထုရဲ့ ကျန်းမာရေးကိုအဓိက အလေးထားရမယ်။ ကွင်းဆင်းမှစည်းရုံးနိုင်တာမဟုတ်ပါဘူး။ အခုဆိုရင် အွန်လိုင်းကနေ စည်းရုံးရေး လုပ်နေကြတာလည်း တွေ့ရ တယ်။ အခက်အခဲလေးတွေတော့ရှိမှာပေါ့။ ဒါပေမယ့်အလုပ်မဖြစ်တဲ့ အထိတော့ မဖြစ်ပါဘူး။”– ဟု သျှမ်းသံတော် ဆင့်အားပြောသည်။

မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းလုံက – “အရင်တုန်းကတော့ စည်းရုံးရေးဆင်းမယ်ဆိုရင် သူတို့ (RCSS/SSA )ကို အကြောင်းကြားပါ လို့စာစောင်ထွက်ထားတော့ ကျနော်တို့လည်းစာတင်ပြီးမှ စည်းရုံးရေးဆင်းခဲ့ပါတယ်။ မိုင်းကိုင်မှာ အွန်လိုင်းကနေစည်းရုံးရေးလုပ်တာတော့ မရှိသေးပါဘူး။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၄င်းနှင့်ပတ်သက်ပြီး တအာင်း TNP ပါတီကလည်း ကျေးလက်ဒေသတချို့တွင်ဖုန်းလိုင်းမရှိသေးသဖြင့် အွန်လိုင်းမှ စည်းရုံးရေးလုပ်ရန်မလွယ်ကူကြောင်း သျှမ်းသံတော်ဆင့်အားပြောသည်။

မိုင်းကိုင်မြို့နယ် တအာင်း TNP ပါတီဉက္ကဌ မိုင်းနုမ်ဟန် က -“ ဟုတ်တယ် ဒီ ၃-၄ ရက်အတွင်း သူတို့ရဲ့ ကျန်းမာရေးပညာ ပေးအဖွဲ့က ပြောလာတယ်။ ကျနော်တို့စည်းရုံးရေးဆင်းမယ်ဆိုရင် တောင်ကြီးမှာရှိတဲ့ ဆက်ဆံရေးရုံးဆီသွားပြီး ထောက်ခံ စာသွားယူရမယ်တဲ့။ ကျနော်တို့အတွက်အခက်အခဲအရမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း ကျနော် စာတင်ထားတယ်။ ကျနော်တို့စည်းရုံးဆင်းမယ့် ဒေသတွေမှာ တချို့ရွာတွေဆို ဖုန်းလိုင်းမမိသေးတော့ အွန်လိုင်း စည်းရုံးရေးလုပ်ဖို့ မလွယ်ပါ ဘူး။ ရွာသားတော်တော်များများကလည်း စာပေ မတတ်မြောက်ကြတော့ မဲပေးမှုပညာပေး အတွက်က အွန်လိုင်း စည်းရုံး ရေးနဲ့ လူတွေ့စည်းရုံးရေး က နားလည်မှု အရမ်းကွာခြားတယ်ခင်ဗျ။”- ဟု သျှမ်းသံတော်ဆင့်အားပြောကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့အထိ စာရင်းများအရ တိုက်ပွဲရှောင်လာသည့် ဒေသခံ ဒုက္ခသည် ၂၆၀၀ ကျော် ရှိနေပြီဟု RFA သတင်းက ဆိုသည်။ ကျောက်မဲမြို့နယ်အတွင်းရှိ ပုံဝိုးကျေးရွာတွင် စစ်ဘေးရှောင် ငါးရာကျော်၊ တောင်ထိပ်ရွာတွင် ခြောက်ရာငါးဆယ် ဝန်းကျင်၊ ကွင်ဟင်ကျေးရွာတွင် ငါးရာကျော်၊ ကောင်းလန်းရွာတွင် နှစ်ရာကျော်၊ နားဆောင်းရွာတွင် တစ်ရာဝန်းကျင်၊ နောင်ကွမ်ရွာတွင် တစ်ရာဝန်းကျင်၊ ဟဲကွီတွင် တစ်ရာ့ခြောက်ဆယ်၊ နမ့်ဟမ်ခိတ်ကျေးရွာတွင် လေးရာ ဝန်းကျင် ရှိနေသဖြင့် စုစုပေါင်းကျေးရွာရှစ်ရွာရှိ ဘုန်းကြီးကျောင်းများ၌ ထွက်ပြေးခိုလှုံနေရသူ ၂၆၀၀ ကျော် ရှိနေသည်ဟု RFA သတင်းအရ သိရသည်။

နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်ရေးအတွက်ဆိုလျှင် RCSS ဘက်က တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်မှု မလုပ်ရန် လိုကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ RCSS အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် သဘောတူထားသည့်အတိုင်း ရှမ်းပြည်တောင်ပိုင်းဒေသ တွင်သာ နေထိုင်ရန် လိုသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေး ကတော့ တပ်မတော်ဘက် ထိုးစစ်များ ရပ်ပြီး ဆွေးနွေးဖို့လိုသည်ဟု ဆိုသည်။ တပ်မတော်ဘက်က ပြောဆိုသည့် နယ်မြေကျော်လွန်သည်ဟူသော ပြောဆိုချက်သည် မှန်ကန်မှု မရှိကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေး က ဆိုသည်။

သို့ဖြစ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် တပ်နေရာချထားရေးကိစ္စနှင့် ပတ်သက်၍ တိကျ သေချာသော နယ်နိမိတ်စည်းသတ်မှတ်ရေးကိစ္စမှာ ယခုအထိ သဘောတူညီမှု မရရှိသေးဖြစ်နေသည်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) သည် NCA စာချုပ်တွင် ဖေါ်ပြထားသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ပူးတွဲညှိနှိုင်း အကောင်အထည်ဖေါ်ဆောင်ရန် တာဝန်ရှိသည်။ နှစ်ဖက် သဘောတူထားသည့် တပ်နေရာ ပြန်လည် ချထားရေးအစီအစဉ် လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်မှုကို စောင့်ကြည့်လေ့လာရမည်ဟု ဆိုထားသည်။ သို့သော်လည်း ယင်းကိစ္စ အချိန်ကာလအားဖြင့် ငါးနှစ်မျှကြာခဲ့သော် လည်း တိုးတက်မှု သိသာစွာ မတွေ့ရ သေးပေ။ ထို့ကြောင့်ပင် NCA စာချုပ် လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော် အကြား ယခုအချိန်အထိ ရံဖန်ရံခါ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားနေပေသည်။

လက်ရှိ NLD အစိုးရအဖွဲ့သည် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးမူဝါဒကို ခိုင်မာစွာ ကိုင်စွဲထား၍ ငြိမ်းချမ်းရေး ရယူရန်လည်း စိတ်အားထက်သန်မှု ရှိပေသည်။ သို့သော် အစိုးရအနေဖြင့် တပ်မတော်အား ဖျောင်းဖျနိုင်စွမ်း မရှိသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နားလည်မှုလွဲနေရသည်။ ထို့ပြင် ယုံကြည်မှု ပျက်ပြားမှုနှင့်လည်း တွေ့ကြုံနေရသည်။ လွန်ခဲ့သော ငါးနှစ်က NCA တွင် “အားလုံးပါဝင်လက်မှတ်ရေးထိုး ရေးမူ” ကို အစိုးရက လက်ခံ သော်လည်း တပ်မတော်က လက်မခံခဲ့သောကြောင့် NCA လုပ်ငန်းစဉ် အထစ်အငေါ့များ ကြုံတွေ့ခဲ့ရ ပြီး ငြိမ်းချမ်းရေးနှင့် အလှမ်းကွာသွားခဲ့ရသည်။

ငြိမ်းချမ်းရေးကိစ္စသည် နိုင်ငံရေးပြဿနာဖြစ်သောကြောင့် နိုင်ငံရေးပြဿနာကို အစိုးရက နိုင်ငံရေးနည်းအရ ကြိုးစား ဖြေရှင်းနေစဉ် တပ်မတော်က တိုက်ပွဲရှောင်ရန်လိုသည်။ အစိုးရက နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးပွဲနည်း ကျင့်သုံးနေခိုက် တပ်မတော်က အချိန်ကိုက် စစ်ဆင်သည့် ကိစ္စမျိုးမှာ အကျိုးထက် အပြစ်ကပို၍ များသည်။ ဤသို့ ဖြစ်ရသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ဟု ဆိုနိုင်သည်။ တပ်မတော်သည် ဖွဲ့စည်းပုံအရ အစိုးရ၏ ကွပ်ကဲမှု အောက်၌ မရှိဘဲ ဖြစ်နေသည်။

လက်ရှိ အစိုးရသည် ပြည်သူလူထု ဆန္ဒမဲဖြင့် အုပ်ချုပ်ရေးအာဏာကို ရရှိထားသဖြင့် တပ်မတော်အနေဖြင့် အစိုးရ၏ နိုင်ငံရေး ဦးဆောင်မှုကို လိုက်နာသင့်သည်။ လူ့အခွင့်အရေး ချိုးဖေါက်မှုအတွက် မြန်မာနိုင်ငံသည် မမျှော်လင့်ဘဲ ICJ ၌ အမှု ရင်ဆိုင်ခဲ့ရသည်။ ယင်း ပြဿနာသည် တပ်မတော်အတွက် ဥပမာတစ်ခု ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နယ်သာလန် နိုင်ငံ သဟိဂ် (The Hague) မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ၌ ရခိုင်အရေးကိစ္စအတွက် စွဲဆိုချက်ကို ရင်ဆိုင် ဖြေရှင်းခဲ့ရသည်။ အစိုးရ၏ စီမံကွပ်ကဲမှုအောက်၌သာ ကာကွယ်ရေးဝန်ကြီးဌာနနှင့်တကွ တပ်မတော် တစ်ရပ်လုံး ရှိနေခဲ့လျှင် ICJ နှင့် ထိပ်တိုက်တွေ့ရသည့် အမှုကိစ္စမျိုး ပေါ်ပေါက်လာဖွယ် မရှိပေ။ ထို့ကြောင့် ၂၀၂၀ တွင် ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေရန် အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒအတိုင်း တပ်မတော်က လိုက်ပါ လက်တွဲ ဆောင်ရွက် စေလိုသည်။ သို့မှသာ ပြည်တွင်းစစ်ရေး ပဋိပက္ခများ ချုပ်ငြိမ်းနိုင်မည်။ ပြည်တွင်းစစ် ချုပ်ငြိမ်းလျှင် စစ်စရိတ် ၀န်ထုပ်ဝန်ပိုး များကို ပြည်သူတို့ ထမ်းရွက်ထားရတော့မည် မဟုတ်။ သို့ဆိုလျှင် ပြည်သူတို့ ငြိမ်းချမ်းရေး အရသာကို အထိုက်အလျောက် ခံစားနိုင်လိမ့်မည်ဟု သုံးသပ်မိပေသည်။။။