Breaking News

ကိုသန်းလွင် - ပူတင်ကို အံတုမည့်သူလော

ကိုသန်းလွင် - ပူတင်ကို အံတုမည့်သူလော
(မိုးမခ) ဖေဖော်၀ါရီ ၅၊ ၂၀၂၃

(၁)
သမ္မတ ဗလာဒီမီရာပူတင်အနေဖြင့် နောက်ဆုံးတွင်သူ၏ယူကရိန်းစစ်ပွဲမှ သူ့အာဏာကိုအံတုမည့်သူတစ်ဦးကို မွေးဖွားပေးလိုက်ကြောင်းကို သိလိုက်ရပြီဟု ထင်ရပါသည်။ သူ့ကို ရဂနီပရီဂိုဇင်(Yevgany Prigozhin) ဟု ခေါ်ပါသည်။ ပရိုက်ဗိတ်စစ်တပ်(Wagner Group) ကိုထူထောင်ပြီး သူ့လူများသည် ယူကရိန်းတွင် ရုရှားတပ်မတော်နှင့်အတူ စစ်တိုက်နေကြပါသည်။

မစ္စတာပရီဂိုဇင်သည် သင်၏အယူအဆကိုလိုက်၍ တစ်နှစ်အတွင်းအကောင်းဆုံးလူ (Men of the year) ဖြစ်နိုင်သလို ယခုနှစ်အတွင်း အဆိုးဆုံးလူ (Men of villain) လည်းဖြစ်နိုင်ပါသည်။ မစ္စတာပူတင်က မစ္စတာပရီဂိုဇင်ကို အားအင်ချိနဲ့သွားအောင် သူတတ်နိုင်သည်ဟု ယူဆနေပါသည်။ သူသည် ရုရှားစစ်တပ်ကြီးနှင့် ပြဿနာဖြစ်အောင် နေထိုင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။ သို့သော် လူအများက ပရီဂိုဇင် သည် သမ္မတပူတင်ကို အစားထိုးနိုင်သူအဖြစ် ရှုမြင်နေကြရာ အခြေအနေကမသေချာပါ။ တစ်ခဏနှင့် အမျိုးမျိုးဖြစ်သွားနိုင်ပါသည်။

(၂)
စစ်ပွဲမစမီကတည်းက မစ္စတာပူတင်သည် သူ့ကို ယှဉ်ပြိုင်မည့်သူသည် ရုရှားစစ်တပ်အတွင်းမှပေါ် ထွက်မလာစေရန် စီစဉ်ခဲ့ပြီးဖြစ်သည်။ ၂၀၂၂ ခုနှစ် နွေရာသီက စစ်တပ်အတွင်းမှ အလားလာရှိသူ ဗိုလ်ချုပ်လာပင် (Alexander Lapin) ကိုဖယ်ရှားနိုင်ခဲ့ပါသည်။ ဂျင်နရယ်လာပင်မှာ အင်တာနက်မှနေ၍ လူပေါင်းမြောက်မြားစွာတို့က ချီးကျူးပြောဆိုခဲ့ကြသူဖြစ်ပါသည်။ ထိုသို့ချီးကျူးခဲ့ကြခြင်းကြောင့် ဂျင်နရယ်မှာ အလုပ်မှ နှုတ်ထွက်ခဲ့ရပါသည်။ သူ့ကိုဆန့်ကျင်၍ မစ္စတာပရီဂိုဇင်က အင်တာနက်မှ အွန်လိုင်းတိုက်ပွဲဝင်ခဲ့ရာ မီဒီယာကိုထိန်းချုပ်ထားသူမှာ မစ္စတာပရီဂိုဇင် ဖြစ်နေပါသည်။ ထို့ပြင် မစ္စတာပရီဂိုဇင်မှာ အွန်လိုင်းမှမဟုတ်၊ မမှန်သတင်းများထုတ်လွှင့်နေသော (Troll Factories) အများအပြားကို ပိုင်ပါသည်။ ထိုရုံးများတွင် ဝန်ထမ်းပေါင်းများစွာရှိပြီး ၎င်းတို့သည် ကီးဘုတ်ပေါင်းများစွာ ကွန်ပြူတာပေါင်းများစွာတို့မှ မဟုတ်မမှန်သတင်းများကို အမြဲမပြတ်ထုတ်လွှင့်နေပါသည်။ (လေ့လာချက်တစ်ခုက နိုင်ငံပေါင်း ၆၀ အနက်တွင် ၂၅ နိုင်ငံတို့၌ ထိုစက်ရုံများရှိနေသည်ဟုဆိုပါသည်။)

မစ္စတာပူတင်က သူ၏စစ်ဗိုလ်ချုပ်များကို ထိန်းချုပ်ရာတွင် (Counter Weight) အနေဖြင့် မစ္စတာပရီဂိုဇင်ကို သုံးခဲ့ဟန်တူပါသည်။ သူ့ကို ကနဦးက အမိန့်ကိုနာခံတတ်သည့် ကလေးငယ်တစ်ယောက်လို သဘောထားခဲ့ပါသည်။

ပရီဂိုဇင်၏အစမှာ မကောင်းခဲ့ပါ။ သူသည် ငယ်စဉ်က ဆိုးပေတစ်ယောက်ဖြစ်ပြီး လုယက်မှုဖြင့် ထောင် ၁၂ နှစ်ကျခဲ့ပါသည်။ ထောင်ထဲတွင် ၉ နှစ်မျှနေခဲ့ရပြီး သူ့ပထွေးနှင့် Hot dog ရောင်းခဲ့ရပါသည်။ ထို့နောက်မှ New Island စားသောက်ဆိုင်ထူထောင်သောအခါ ပူတင်နှင့်တွေ့ပြီး ဂျက်ရှီရတ်၊ သမ္မတဘဲရု်တို့ နှင့်ကြုံခဲ့ရသည်။ ပူတင်၏မွေးနေ့ပွဲကို ၂၀၀၃ ခုနှစ်တွင် သူ့စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါသည်။ 
 
လွန်ခဲ့သောနှစ် အနည်းငယ်အတွင်းတွင် ပရီဂိုဇင်၏အနေအထားမှာ မျှော်မှန်းမရလောက်အောင် ပြောင်းလဲသွားပါသည်။ ပထမတွင် မစ္စတာပူတင်၏ စားဖိုမှူး (Chief Cook) အဖြစ် လူသိများလာခဲ့ပြီး ရုရှားတနိုင်ငံလုံး၏ ကျောင်းများမှ ကျောင်းသားများကို နေ့လည်စာကျွေးရန် ကန်ထရိုက်ရခဲ့ပါသည်။ ထို့နောက် သူသည် အင်တာနက်အေဂျင်စီ (Internet Research Agency) ကိုထူထောင်ပြီး  Troll Factory များ၏ အကြီးအကဲဖြစ်လာပါသည်။ ထို့နောက်အမေရိကန် မူလာ (Robert Mueller) စုံစမ်းရေးကော်မရှင်က သူ့နာမည်ကို ရွေးထုတ်အမည်တပ်ခဲ့ပြီး ရွေးကောက်ပွဲကိုနှောင့်ယှက်သူအဖြစ် စွတ်စွဲခဲ့ပါသည်။ ထို့နောက်တွင် (Wagner Group) ကိုထူထောင်သူအဖြစ်သိလာကြပြီး ၎င်းမှာ ရုရှားတပ်မတော်ကြီးနှင့်အတူ အာဖရိက၊ ဆီးရီးယားနှင့် ယူကရိန်းတို့တွင် စစ်တိုက်ခဲ့ပါသည်။

ထိုအောင်မြင်မှုများကြောင့် မစ္စတာပူတင်၏ စီမံကိန်းများတွင် အားထားစရာလူ ဖြစ်လာခဲ့ပါသည်။ ထိုအခါ ပူတင်၏ အခြားလက်ထောက်များ၏ မျက်စေ့တွင် ကြည့်မရသူဖြစ်လာခဲ့ပါသည်။ ထို့နောက် ယခုနှစ် နွေရာသီတွင် အကျဉ်းထောင်များသို့ သွားရောက်၍ သူ၏ပရိုက်ဗိတ်စစ်တပ်အတွက် တာဝန်ထမ်းဆောင်ရန် အကျဉ်း သားများမှ လူရွေးချယ်ခွင့်ကို ပူတင်ကခွင့်ပြုလိုက်သည်။ ကာကွယ်ရေးဝန်ကြီး၊ ရုရှားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး၊ ကာကွယ်ရေးဌာနမှ စီအီးအိုများ၊ ပူတင်၏အရင်းနှီးဆုံး မိတ်ဆွေများပါမကျန် အံ့အားသင့်ကုန်ကြပါသည်။ သူသည် ရုရှားနိုင်ငံတွင်ပေါ်ပြူလာအဖြစ်ဆုံးနှင့် အဆင့်မြင့်အရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ကြောက်ရွံ့ရိုသေလေးစားရသူတစ်ယောက် ဖြစ်လာခဲ့ပါသည်။ ဤအကျဉ်းသားများမှာ ရှေ့တန်းစစ် မျက်နှာတွင် ၆ လမျှ စစ်တိုက်ပေးပါက ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်။ လူသစ် စိတ်သစ်ဖြင့် ဆက်လက်ရပ်တည်နိုင်ကြမည်ဖြစ်သည်။

တိုင်းပြည်တွင် အရေးကြီးသော အင်စတီကျူးရှင်းများဖြစ်ကြသော  အကျဉ်းဦးစီးဌာန၊ FSB ပြည် တွင်းလုံ ခြုံရေးဌာန၊ ရှေ့နေချုပ်ရုံး၊ စုံစမ်းစစ်ဆေးရေးကော်မတီတို့ ရှိကြသည်။ ၎င်းတို့သည် အထူးစပါယ်ရှယ် အခွင့် အရေးရရှိသောဌာနများ ဖြစ်ကြပါသည်။ သူတို့သည် သမ္မတပူတင်သို့ တိုက်ရိုက်သတင်းပို့ကြရသည်။ သူတို့ကို ဘယ်သူကမှငြင်းချက်ထုတ်၍ မေးခွန်းမေးပိုင်ခွင့်မရှိ။ ထိုဌာနများရှိပါလျက် အကျဉ်းသားတစ်ယောက်ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးသောအလုပ်ကို လုပ်နိုင်လာသောအခါ သူ၏ သြဇာလွှမ်းမိုးမှုသည် အတိုင်းအဆမရှိဖြစ်လာပါသည်။

ထို့ကြောင့် မစ္စတာပရီဂိုဇင်မှာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်တပ်ထိပ်ပိုင်းအရာရှိကြီးများနှင့် ပြဿနာဖြစ်လာခဲ့သည်။ ထိုပြဿနာမျိုးမှာ စစ်အတွင်းမှာတွေ့ရသော ပြဿနာမျိုးဖြစ်ပါသည်။ ယခင်ကဆိုလျှင် လက်ထောက်အရာရှိများက သူတို့အုပ်ချုပ်သောအရာရှိကို ပြန်လည်မေးခွန်းထုတ်ခြင်း တိုက်ခိုက်ခြင်းများကို လုပ်ပိုင်ခွင့်မရှိပေ။ ၎င်းတို့သည် ၂၀၂၂ နှစ်တွင် ပြောင်းလဲသွားခဲ့ပါသည်။ ပူတင်မှာ စစ်ပွဲစသည်နှင့် စစ်ပွဲအတွက် အလုပ်အလွန်များခဲ့ပါသည်။ ရှေ့တန်းမှအရာရှိများသည် ပူတင်ကို တိုက်ရိုက်ဆက်သွယ်နိုင်ကြပြီး ယခင်ကသူ့ကို ဝိုင်းရံထားခဲ့သည့်အသိုင်းအဝိုင်းမှာ လုပ်စရာအလုပ် မယ်မယ်ရရမရှိတော့ဘဲ နောက်တန်းသို့ရောက်ကုန်ကြပါသည်။ 

မစ္စတာ ပရီဂိုဇင်သည် သူ့ကိုယ်သူ အရေးကြီးပုဂ္ဂိုလ်သဖွယ်ဖြစ်အောင် ဖန်တီးနိုင်ခဲ့ပါသည်။ သူသည် ကာ ကွယ်ရေးဝန်ကြီး၏ လက်အောက်ခံမဟုတ်။ စစ်ဗျူရိုကရေစီတွင် သူမပါခဲ့ပါ။ သူ ဘာလုပ်မည်ဆိုသည်ကို သူ့ဘာသာဆုံးဖြတ်ပြီး သူ့ရည်ရွယ်ချက် အချိန်ဇယားမှာ သူစီမံသလိုသာ ဖြစ်ခဲ့ပါသည်။ သမ္မတပူတင်က သူ့အစီအစဉ်များကို မကန့်ကွက်ခဲ့ပါ။ သူက စစ်ဗိုလ်ချုပ်ကြီးများအပေါ် ရိုင်းပြခြင်း၊ လူသိရှင်ကြား ရှုတ်ချခြင်းများကို ခွင့်ပြုခဲ့ပါသည်။ စစ်ဗိုလ်ချုပ်များကို ယခင်ကတည်းက အထင်အမြင်သေးခဲ့သောကြောင့် ဝက်ဂနာ စစ်တပ်၏ခေါင်းဆောင်ကို လွှတ်ထားခဲ့ပါသည်။ 

လွန်ခဲ့သောဆောင်းရာသီတွင် နုဇင် (Yevgany Nuzhin) ခေါ် ဝက်ဂနာမှ ငှားရမ်းထားသူ ရုရှားနိုင်ငံမှ အကျဉ်း သားတစ်ယောက်သည် ယူကရိန်းနိုင်ငံဖက်သို့ ဘက်ပြောင်းခဲ့ပါသည်။ သို့သော် အကျဉ်းသားလဲလှယ်ရေးအစီ အစဉ်အရ သူသည် ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါသည်။ သူသည် သံတူ (Sledge- hammer) ဖြင့် ထုသတ်ခြင်းကို ခံခဲ့ရပါသည်။ နောင် လူများဘက်မပြောင်းစေရန် ရည်ရွယ်ချက်ဖြင့် သူ့ကို ထုသတ်နေသောဗွီဒီယို တခုအင်တာနက်တွင် ပေါ်ထွက်ခဲ့ပါသည်။

အံ့သြစရာကောင်းသည်မှာ ဤရက်စက်ကြမ်းကြုတ်မှုသည် လူအများအဖို့ ရယ်မောစရာဖြစ်ခဲ့ပါသည်။ ဈေးအရောင်းဆိုင်များကလည်း (Wagler Sledgehammer) ဟူသောအခွေကို ရောင်းချနေကြပါသည်။ ကားစတစ်ကာများ အမှတ်ရဖွယ်ပစ္စည်း (Souvenir) များပေါ်ထွက်ခဲ့ပါသည်။ နုဇင်လူသတ်မှုကို မစ္စတာပရီဂိုဇင်က ထောက်ခံခဲ့ပါသည်။ သူသည် ကြေညာချက်တစ်စောင်ထုတ်ခဲ့ပြီး သူသည် ရုရှားတို့၏အလယ်တွင် ဟီးရိုးတစ်ယောက်ဖြစ်ခဲ့ပါသည်။ ပူတင်၏မျက်စိထဲဝယ် အရေးကြီးသည်ဟု ထင်မှတ်သူများက ပရီဂိုဇင်ကို ထောက်ခံခဲ့ကြပါသည်။

သူသည် တဖြည်းဖြည်းကျော်ကြားလာသည်နှင့်အမျှ စိန့်ပီတာဇဘတ်မြို့တော်ဝန်ကို တိုက်ခိုက်ခဲ့ပါသည်။ မစ္စတာ ဘတ်လော့ (Mr Beglov) လိုလူမျိုးကို ခြေမှုန်းရမည်ဟုပြောနေပါသည်။ ၂၀၂၂ ခုနှစ်ကုန်ဆုံးချိန်တွင် စီးပွားရေးသမားများက ပရီဂိုဇင်ကို အန္တရာယ်ရှိသူတစ်ယောက်အဖြစ် မြင်လာကြပါသည်။ ထို့နောက် ဇန်န ဝါရီလ ၁၀ ရက်နေ့တွင် ပရီဂိုဇင်က သူ့စစ်သားများသည် ယူကရိန်းနိုင်ငံ ဆိုလစ်ဒါ (Sokder) မြို့ကို သိမ်းပိုက်ခဲ့သည်ဟု ကြေညာပါသည်။ ပရီဂိုဇင်သည် သူ့စစ်တပ်သည် စစ်အတွက် အဆင်သင့်ရှိနေသည်ဟု ယုံကြည်နေဟန်ရှိပါသည်။ ယူကရိန်းကမူ ဆိုလစ်ဒါကိုထိမ်းချုပ်ထားဆဲ ဖြစ်သည်ဆိုပါသည်။

(၃)
ထိုအနေအထားတွင် ပူတင်အနေဖြင့် မစ္စတာပရီဂိုဇင် ပေါ်ပြူလာဖြစ်မှုများပြာလာပြီဟုအယူရှိကာ သူ၏ ပြိုင်ဘက် ဗိုလ်ချုပ် ဂျရပ်စမော့ (Valery Gerasimov) ကိုယူကရိန်းစစ်အတွက် စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခုအချိန်အထိတော့ ပရီဂိုဇင်က ဗိုလ်ချုပ်ခန့်အပ်မှုကို ဘာမှမဝေဖန်သေးပါ။ သို့သော် ပူတင်အနေဖြင့် သူ၏စားဖိုမှူးအဟောင်းကို သူ့စကားကိုအမြဲနားထောင်စေရန်ကား အလွန်ခက်ခဲပါလိမ့်မည်။

ကိုသန်းလွင်
Ref: The man who may challenge Putin for Power By Mikhal Zygar N. Y. Times January 30.


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar