Breaking News

ဇင်လင်း ● ပန်ဆန်းဒေသ စစ်ရေးပြပွဲအလွန် မြန်မာ့နိုင်ငံရေးရာသီဥတုအခြေအနေ ဘယ်လိုရှိမည်လဲ


ဇင်လင်း ● ပန်ဆန်းဒေသ စစ်ရေးပြပွဲအလွန် မြန်မာ့နိုင်ငံရေးရာသီဥတုအခြေအနေ ဘယ်လိုရှိမည်လဲ
(မိုးမခ) ဧပြီ ၂၇၊ ၂ဝ၁၉


မြန်မာ့ နိုင်ငံရေးရာသီဥတုသည် ကြည်ကြည်လင်လင်ရှိသည် သာသာယာယာရှိသည်ဟု ပြောနိုင်စရာအခြေအနေမျိုး မ တွေ့ရသလောက်ဖြစ်နေသည်။ ပြည်တွင်းစစ်ပြဿနာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြေလည် အောင် ညှိနှိုင်း၍မရသမျှ ယခုအတိုင်း နိုင်ငံရေးရာသီဥတုဆိုးနေမည်။ မိုးနှင့် လေနှင့် မုန်တိုင်းတို့နှင့် စဉ်ဆက်မပြတ် ရင်ဆိုင် နေရဖွယ် ရှိသည်။ သို့သော်လည်း မြန်မာနှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇) တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က  နှစ်သစ်ကူး နုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာ၌ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်း (LDC) မှလွတ်မြောက်ရေး စံသတ်မှတ်ချက် သုံးခုစလုံးကို ၂ဝ၁၈ ခုနှစ်အတွင်း  ပထမအကြိမ် ပြည့်မီသည့် တိုးတက်မှုရလဒ် ရရှိခဲ့ပြီဟု ပြောကြားခဲ့သည်။ ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပထမ (၆) လပတ်  တိုင်းပြည်၏  စီးပွားရေးတိုးတက်မှုသည် ၆ ဒသမ ၅ ရာခိုင် နှုန်း တိုးတက်ခဲ့ကြောင်း သမ္မတကဆိုသည်။ 

အန်အယ်လ်ဒီအစိုးရ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၂ဝ၁၆ – ၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ ၂ဝ၁၈ – ၂ဝ၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက်နေ့အထိ (၃) နှစ်တာကာလအတွင်း ပြည်ပနိုင်ငံပေါင်း ၂၂ နိုင်ငံမှစီးဝင်ခဲ့သော နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက် စုစုပေါင်း ၅၈၄ ခုရှိ၍၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၉ ဘီလီယံ ရှိသည်ဟုလည်း ဆိုသည်။ အလားတူကာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုခဲ့သော မြန်မာ နိုင်ငံ သား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက်သည်လည်း  စုစုပေါင်း ၃၅၉ ခုဖြစ်ပြီး၊ တန်ဖိုးအာဖြင့် ကျပ် ၇၃၉ဝ ဒသမ ၃၄ ဘီလီယံရှိသည်ဟုလည်း သမ္မတက ဆိုသည်။ ယေဘုယျအားဖြင့် သမ္မတ၏စကားအရ နိုင်ငံ၏ စီးပွားရေးအခြေအနေ တစုံတရာ တိုးတက်လာသည်ဟု ဆိုနိုင်သည်။

သို့သော် ထို ဧပြီလ ၁၇ ရက်နေ့မှာပင် နိုင်ငံရေးအရ အထူးဂယက်ထခဲ့သော အခင်းအကျင်းတခု ပေါ်ပေါက်ခဲ့သည်။   UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်းရေးရရှိခြင်း နှစ် ၃ဝ ပြည့် အခမ်းအနားကို  ပန်ဆန်းမြို့၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ထောင်နှင့်ချီ၍ တက်ရောက်လာသော အထူးဧည့်သည်များကို လိုလေသေး မရှိ ကျွေးမွေးဧည့်ခံခဲ့သည်။ တည်းခိုနေထိုင်ရေးအတွက်လည်း အဆင်ပြေချောမွေ့အောင် UWSA က စီစဉ်ထားကြောင်း သိရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃ဝ က ဇနပုတ်သာသာ နေရာဒေသတွင် မြို့ပြအင်္ဂါပြည်စုံစွာဖြင့် အံ့မခန်း တိုးတက်နေ သည်ကို ပန်ဆန်းသို့ရောက်ရှိလာသူများ တအံ့တသြဖြစ်လောက်အောင် တွေ့မြင်ခဲ့ကြရသည်ဟုဆိုသည်။ ယင်းသို့သော တိုးတက်မှုအခြေအနေကို ပြသချင်သောကြောင့် မြန်မာအစိုးရအဖွဲ့ဝင်များနှင့်တကွ တပ်မတော်ခေါင်းဆောင်များ၊ သံတမန် များကိုဖိတ်ကြားခဲ့တာဖြစ်သည်ဟု အခမ်းအနားတက်ရောက်လာသူများက သုံးသပ်ပြောဆိုကြသည်။

သို့ရာတွင် UWSA က အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကာကွယ် ရေးဦးစီးချုပ်တို့ကား တက်ရောက်လာခြင်းမရှိကြောင်း တွေ့ရသည်။ ဝေဖန်သုံးသပ်ပြောဆိုသံများအရ  ဖိတ်ကြားစာ၌ ‘ဝ ပြည်နယ် ပြည်သူ့အစိုးရ’ ကဖိတ်ကြားသည်ဟုပါရှိသဖြင့်  ဖိတ်ကြားချက်ကို လက်ခံခဲ့ပါက၊ ဝပြည်နယ်ဆိုသည်ကို အသိ အမှတ်ပြုရာရောက်နိုင်သည့်သဘောဖြစ်နေသည်ဟု သုံးသပ်ဝေဖန်မှုများ ထွက်ပေါ်နေသည်ဟုလည်း ဆိုသည်။  သို့သော် လည်း အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ငြိမ်းချမ်းရေးဗဟို ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊  နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့အပါအဝင် အဖွဲ့ဝင် ၈ ဦး တက်ရောက်ခဲ့ကြောင်း သတင်းများအရ သိရသည်။

အစိုးရအဖွဲ့ကိုယ်စား အခမ်းအနားတက်ရောက်သူများနှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းအား လိပ်မူ၍ သဝဏ်လွှာတစောင်ပေးပို့ခဲ့သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က “ဝ အထူးဒေသ၂ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃ဝ ပြည့်အခမ်းအနား” ဟု အမည်တပ်၍ သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရ သည်။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏သဝဏ်လွှာတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုစာချုပ် (NCA) တွင်  UWSA ပါဝင် လက်မှတ်ရေးထိုးရေးကို တိုက်တွန်းထားသည်။

နိုင်ငံရေးအခင်းအကျင်းအရ ထူးခြားသည့်ကိစ္စမှာ UWSA ဥက္ကဋ္ဌ ပေါက်ယူချန်း၏ မိန့်ခွန်းနှင့် စစ်ရေးပြပွဲအခမ်းအနားဖြစ် သည်။ စစ်သည်အင်အား ၂သောင်းခွဲခန့်ရှိသည့် UWSA တပ်သည် တိုင်းရင်းသားတပ်ဖွဲ့များအနက် စစ်အင်အား တောင့် တင်းမှု အရှိဆုံးဟု ထင်ရှားသည်။ စစ်သည်အင်အား ၈ဝဝဝ ခန့် စစ်ရေးပြအခမ်းအနားတွင် ပါဝင်စစ်ရေးပြခဲ့သည်ဟု ဆို သည်။ ထို့ပြင် လေယာဉ်ပစ်ဒုံးကျည်များ၊ ဒုံးကျည်တပ် မောင်းသူမဲ့လေယာဉ် Drone များကိုလည်း စစ်ရေးပြပွဲတွင် ထုတ် ဖေါ်ပြသခဲ့ခြင်းမှာ ထူးခြားသည်ဟု ဆိုရမည်။ နိုင်ငံရေးရည်ရွယ်ချက်ပါသည့် စစ်ရေးပြပွဲဖြစ်သည်။ UWSA နှင့် နီးစပ်သူတို့ အဆိုအရ ယခုပြသသည့် စစ်လက်နက်အင်အားများသည် အားလုံးထုတ်ပြခြင်းမဟုတ်ဟုလည်း ဆိုကြသည်။

‘ဝ ဒေသ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့်အခမ်းအနား’ ၌ ဝပြည်နယ်သွေးစည်ညီညွတ်ရေးပါတီUWSA အနေဖြင့်  ပြည်ထောင်စု မှ ခွဲထွက်မည်မဟုတ်ကြောင်း ကတိပြုလိုက်သည်။ ထို့ပြင် ဝ ကိုယ်ပိုင်ခွင့်ရ ပြည်နယ်အဆင့်အထိ သတ်မှတ်ပေးစေလို ကြောင်းလည်း တရားဝင်တောင်းဆိုခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရမချင်း UWSA အနေဖြင့်  လက်ရှိအနေအထား အ တိုင်း လက်နက်စွဲကိုင်ထားမည်ဖြစ်သည်ဟုလည်း UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းက ပြောကြားခဲ့ကြောင်း ကြားရသည်။

ပေါက်ယူချန်းက သူ့မိန့်ခွန်းနိဂုံးချုပ်တွင် တောင်းဆိုထားမှုများ အကောင်အထည်မပေါ်သေးမီအထိ UWSA အနေဖြင့်  လက်တဖက်က  ငြိမ်းချမ်းရေးအလံကိုလွှင့်ထူ၍ အခြားလက်တဖက်က လက်နက်ဖြင့် မိမိကိုယ်ကို ကာကွယ်ရေးအလံ လွှင့် ထူကာ လက်ရှိအနေအထား အခြေအနေကို ဆက်လက်စောင့်ထိန်းသွားမည်ဟု ပြောကြားခဲ့သည်။

ဘာသာစကားအခက်အခဲကြောင့် ပေါက်ယူချန်း၏ မိန့်ခွန်းကို အခမ်းအနားမှူးက ဗမာဘာသာစကားဖြင့် ပြန်ဆိုဖတ်ကြား ခဲ့ကြောင်း ဗွီအိုအေသတင်းအရ သိရသည်။

“ဝပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံမှ ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ခွဲမထွက်ရေး၊ လွတ်လပ်ရေး မ တောင်းဆိုရေးတို့ကို လေးလေးနက်နက် ကတိသစ္စာပြုခဲ့သည်။ ကျွန်တော်တို့၏လိုလားချက်မှာ တိုင်းရင်းသား ဇာတိမာန် နှင့် တန်းတူညီမျှရေး၊ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်သည်။ ပြည်ထောင်စုအစိုးရက ဝ တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် “ဝပြည်နယ်” အဖြစ်သတ်မှတ်ပေးရန်တောင်းဆိုပြီး ဤရည်မှန်းချက် ပန်းတိုင်ရောက်အောင် ကျွန်တော်တို့ ရာသက်ပန်ကြိုးစားအားထုတ်သွားကြမည်ဖြစ်ပြီး အထက်ပါနိုင်ငံရေးတောင်းဆိုမှု အကောင်အထည် မပေါ် ခင်ကာလတွင် ကျွန်တော်တို့သည် လက်တဖက်မှ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအလံကို လွှင့်ထူပြီး၊ အခြားလက်တဖက်တွင် လက်နက်ဖြင့် မိမိကိုယ်ကိုကာကွယ်ရေးအလံကိုလွှင့်ထူကာ လက်ရှိအနေအထား အခြေအနေကို ဆက်လက် စောင့်ထိန်း သွားကြမည်” ဟု UWSA ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။

၁၉၈၉ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင်  ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ပြီးနောက် ‘ဝပြည်သွေးစည်းညီညွတ်ရေးပါတီ’ (UWSP/UWSA) ကို ထူထောင်ကာ အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ခြင်းဖြစ်သည်။ အခမ်းအနား တက်ရောက်လာသူများ ၏ ဝေဖန်သုံးသပ်ချက်များတွင် UWSA အနေဖြင့် ယခုကဲ့သို့ မိမိစစ်ရေးအင်အားကိုထုတ်ပြရန် အချိန်တန်ပြီဖြစ်သည်ဟု ဆိုကြ သည်။ UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းက 'ဝ' ပြည်နယ်သည် သမိုင်းတလျှောက်၌  'အစိုးရမဲ့' ဒေသတခု ဖြစ်ခဲ့ပြီး မြန်မာရာဇ ဝင်တွင် မည်သည့်ဘုရင်ကမျှ 'ဝ' ပြည်နယ်ကို မစိုးမိုးခဲ့ဟု ဆိုသည်။ ၁၉၆ဝခုနှစ် နောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မျဉ်း ရေးဆွဲရာ၌ မြန်မာဘက်အခြမ်းတွင်ပါဝင်လာခြင်းကို သူတို့အနေဖြင့် လက်ခံသည်ဟုဆိုသည်။ 'ဝ' ပြည်နယ်သည် ပြည် ထောင်စုမြန်မာနိုင်ငံ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတခုဖြစ်ပြီး မခွဲထွက်ရေး၊ လွတ်လပ်ရေး မတောင်းဆိုရေးတို့ကို လေးလေးနက်နက် ကတိသစ္စာပြုကြောင်း ပြောကြားခဲ့သည်။

'ဝ' ဒေသသည် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည်။ သို့သော် UWSA က “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်” အဆင့် တောင်းဆိုနေခြင်းဖြစ်သည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ အခမ်းအနားတက်ရောက် လာသည့် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးအား သတင်းထာက်များက မေးမြန်းရာတွင် တစုံတရာ မှတ်ချက် မပေးနိုင်သေးကြောင်း ဖြေကြားခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “ဝ အထူးဒေသ၂” ဟု “ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃ဝ ပြည့်အခမ်းအနား” သဝဏ်လွှာ၌ ဖေါ်ပြသည်။ နိုင်ငံတော်အတိုင်ပင်ခံ၏ သဝဏ်လွှာကို အခမ်း အနားတွင် အစိုးရကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်သူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကဖတ်ကြားသည်။ သဝဏ်လွှာ၌ “ရရှိထားသော တည်ငြိမ်အေးချမ်း မှု ကို ရေရှည်ခိုင်မာစွာထိန်းသိမ်းစေမည့် ပဋိပက္ခလျော့ချရေး၊ စောင့်ကြည့်ရေးနှင့် အငြင်းပွားမှုများ လျှော့ချရေးလုပ်ငန်းစဉ် များ၊ တိုင်းရင်းသား အခွင့်အရေး၊ တန်းတူညီမျှရေးနှင့် ညီညွတ်ရေးုတို့ကို ဆောင်ကြဉ်းပေးနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် Nationwide Ceasefire Agreement NCA လက်မှတ်ထိုးပြီးမှ သာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။” ဟု ဖေါ်ပြထားသည်။ အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံအစည်းအဝေးများတွင် ပါဝင်သင့် ပါဝင်ထိုက်သော တိုင်းရင်းသားအဖွဲ့များ ပါဝင်ရေးကို စိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်နေကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိရေးအဆင့်သို့ ဆက်လက်တက်လှမ်းသင့်ကြောင်း တိုက်တွန်းထားသည်။

အခြားတဖက်တွင် “ဝ” ပြည်နယ်အဖြစ် တောင်းဆိုခြင်းသည် အခြေခံဥပဒေ ပြုပြင်ရေးနှင့် သက်ဆိုင်သကဲ့သို့ ပြည်သူများ နှင့်လည်း သက်ဆိုင်သည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြောင်း ဧပြီ ၁၈ အလဲဗင်းမီဒီယာသတင်း၌ ဖေါ်ပြထားသည်။ “ဝ”  သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ၏ထိန်းချုပ်ဒေသ ပန်ဆန်းမြို့သို့ ရောက်ရှိနေသည့် ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ဧပြီ ၁၈ ရက်တွင် မီဒီယာ များနှင့် တွေ့ဆုံရာ၌ ပြောကြားခြင်း ဖြစ်သည်။

“ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကချထားတဲ့ မူ ၁၂ ချက်ထဲက တစ်ချက်ဖြစ်တဲ့ ခေတ်မီ အင်အား တောင့် တင်းတဲ့တပ်မတော်ကို တည်ထောင်မယ်ဆိုတဲ့ တည်ထောင်ရမယ်ဆိုတဲ့ မူအရ လုပ်ဆောင်ခဲ့တယ်။ အဲဒီအတွက်ကြောင့်မို့လို့တစ်ခန်းတစ်ကဏ္ဍ အောင်မြင်မှုရရှိခဲ့တယ်ဆိုတာကိုလည်း ကျွန်တော်တို့ မြင်ရတော့ ကျွန်တော်တို့  ညီနောင်တိုင်းရင်းသားတွေအနေနဲ့လည်း အားရကျေနပ်မိပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြားသည်။

နိုင်ငံတနိုင်ငံတွင် တပ်မတော်တခုတည်းရှိရေးမူဝါဒကို နားလည်သဘောပေါက်သည်ဟု UWSP ဒုတိယဥက္ကဋ္ဌနှင့် ပြင်ပဆက် ဆံရေး ဌာနမှူး ဦးကျောက်ကော်အန်းက ဆိုသည်။ သို့သော်လည်း လက်ရှိအခြေအနေ၌ ဝ ပြည်သူများ၏ နိုင်ငံရေး အာမ ခံချက်ရရှိရန် ဝတပ်ဖွဲ့အင်အားကို တည်ဆောက်ရခြင်းဖြစ်ကြောင်း ပန်ဆန်းမြို့တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဦးကျောက်ကော်အန်းက ပြောသည်။  ဝ တပ်ဖွဲ့ကို တည်ဆောက်နေခြင်းသည် ကိုယ့်လူထုကို ကာကွယ်ရန် ပြင်ဆင်ခြင်း ဖြစ်ပြီး အစိုးရကို တိုက်ခိုက်ရန်မဟုတ်ကြောင်းလည်း သူက ဆိုသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးရေးကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာတွင် ယခင်အစိုးရ လက် ထက်က UWSA သည် ပြည်နယ်အဆင့်အပါအဝင် ပြည်ထောင်စုအဆင့်အထိ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့ကြောင်း၊ လက်မှတ်ထိုးပြီးလျှင် UWSA အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ တက်ရောက်နိုင်မည်ဟု  ကတိပေးခဲ့ကြောင်း၊ ယခု အစိုးရလက်ထက်တွင် NCA လက်မှတ်ထိုးရန် ပြောနေခြင်းသည် ရှေ့နောက်မညီညွတ်ကြောင်း ၎င်းကဆိုသည်။

အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ပါက ‘ဝ’ အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့မှ ခေါင်းဆောင်များပါသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) သည် NCA စာချုပ် လက်မှတ်ထိုးရေးကိစ္စ ယခုအထိ သဘောတူခြင်း မရှိသေး။ ‘ဝ ဒေသ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့်အခမ်းအနား’ ၌ ဝပြည်နယ်သွေးစည်ညီညွတ်ရေးပါတီ UWSA အနေဖြင့်  ပြည်ထောင်စု မှ ခွဲထွက်မည်မဟုတ်ကြောင်း ကတိပြုသည်ဆိုသော်လည်း NCA လက်မှတ်ထိုးရန် ငြင်းဆန်နေဆဲ သဘောတွေ့ရသည်။ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားရပ်တည်မှုအပေါ်မူတည်ကာ NCA လမ်း ကြောင်းအတိုင်းသွားမည်၊ သို့မဟုတ် NCA မူကို ပြုပြင်ဖို့လိုမည်ဆိုသည့် မတူသောသဘောထားများ တိုင်းရင်းသားအဖွဲ့ များအကြား ရှိနေသည်ကို ၂ဝ၁၇ သြဂုတ် ၂၅ ရက်က UWSA ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြဖူးသည်ဟု လည်း သတင်းများကြားခဲ့ရဖူးသည်။ ယခုလည်း NCA လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည် က UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းအား လိပ်မူ၍ သဝဏ်လွှာတစောင်ပေးပို့ခဲ့သည့်တိုင်၊ သဘောတူမည့် အရိပ်လက္ခဏာ မတွေ့ရသေး။ ထို့ပြင် ရခိုင်ပြည်နယ်တွင် စစ်မျက်နှာတိုးချဲ့ဖွင့်လှစ်လိုက်သည့်ကိစ္စကလည်း အစိုးရအပေါ် FPNCC အုပ်စု၏ ဖိအားပေး နည်းဗျူဟာအသစ် စတင် လိုက်ခြင်းလားဟု ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။ ထို့ပြင် UWSA ၏ စစ်ရေးပြပွဲက ကျန် တိုင်းရင်းသားအဖွဲ့များအပေါ် အတွေးအခေါ်အပြောင်းအလဲ ဖြစ်သွားနိုင်ကြောင်းလည်း စိုရိမ်နေကြသည်။ တနည်းအား ဖြင့် နိုင်ငံရေးစကားဝိုင်းနည်း(Political Dialogue) ထက် စစ်အင်အားပြတောင်းဆိုနည်း(Dialogue under Military Might) ကို အားကျအတုယူလာမည်ကို စိုးရိမ်စရာ ဖြစ်လာသည်။ ဧပြီ ၃ဝ တွင် ယာယီအပစ်ရပ် သက်တမ်းကုန်မည်။ လက်ရှိအခြေ အနေ အခင်းအကျင်းအတိုင်းဆိုလျှင် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘောင်က ကျဉ်းမြောင်းလာနေသည်။ စစ် ရေးဘောင်က ကျယ်သည်ထက် ကျယ်လာနေသည်။ ဤပုံအတိုင်းဆိုလျှင် နိုင်ငံရေးရာသီဥတု ဆိုးမြဲ ဆိုးနေဖွယ်ရှိသည်။ မိုးကြိုးမုန်တိုင်း၊ လေပြင်းမုန်တိုင်း တို့နှင့် ဆက်လက်ရင်ဆိုင်နေရဦးမည်လားဟု စိုးရိမ်နေရသည်။

[27 April 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ ဖေါ်ပြသည့်ဆောင်းပါး]