Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၂၅)

 
မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၂၅)
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၉
ရှမ်းအရှေ့နှင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များ

● နွမ်စစ်ဟန်နှင့် SSIA
မူလနွမ်စစ်ဟန် ထူထောင်ခဲ့သူ စဝ်နွဲ့နှင့် နောက်ပိုင်းရောက်ရှိလာကြသော ရှမ်းကျောင်းသားများဖြစ်ကြသည့် ခွန်ကြာနု၊ ခွန်အုန်းဘောင်၊ စဝ်ပွန်တိုင်းစသည့် ရှမ်းကျောင်းသားများတွင် စဉ်းစားတွေးတောလုပ်ကိုင်ပုံများနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှု များကွဲလွဲလာသည်။ ရှမ်းပညာတတ်ကျောင်းသားများနှင့် စော်ဘွား၏တပ်ဖွဲ့ဝင်တလျောက်လုံးလုပ်လာသူ၏ကြားသဘောထားကွဲလွဲသည်မှာ မထူးတန်းလှပေ။ ရှမ်းအမျိုးသားရေးဦးတည်ချက်တူညီသည်ဆိုသော်ငြားလည်း မတူညီသော ဘဝဖြတ်သန်းမှုကြောင့် စဉ်းစားလုပ်ကိုင်ပုံ တူညီရန် ခက်ခဲခဲ့ပုံရသည်။

ဤသို့သော အဆင်မပြေမှုများကြောင့် ၁၉၆၀ ခုနှစ်နှစ်ဆန်းတွင် မိုင်းယွန်း (မိုင်းဆတ်-မိုင်းတုံ အရှေ့ဖက် ထိုင်းနယ်စပ်အနီး) ၌အခြေပြု၍ SSIA (Shan State Independent Army ရှမ်းပြည်လွတ်လပ်ရေးတပ်မတော်) ကို ဖွဲ့စည်းသည်။ ဥက္ကဌ အဖြစ် ခွန်မဟာကို တင်မြှောက်ခဲ့သည်။ ခွန်မဟာမှာမိုင်းရယ်မှ ရှမ်းပညာရှိဖြစ်သည်။ စစ်ဦးစီးချုပ်အဖြစ် စဝ်ဆေဝမ် စည်းရုံးထား သည့် ဘိုမောင်ကို ခန့်ထားခဲ့ကြသည်။

ထိုစဉ် SSIA တွင်ပါဝင်သည် ခွန်ကြာနု၏ဖခင်ဖြစ်သူ ခွန်ကြာပုမှာ ဦးနုအစိုးရအဖွဲ့၌ စိုက်ပျိုးရေးမင်းကြီး တာဝန်ယူနေ သူဖြစ်သည်။ ဝန်ကြီးချုပ်ဦးနုက ခွန်ကြာပုအား ထိုင်းနိုင်ငံ မုန်းဖန် (မြန်မာနယ်စပ်အနီး) သို့စေလွှတ်၍ ခွန်ကြာနုမှတဆင့် ဆက်သွယ်ပြီ ရှမ်းလက်နက်ကိုင်အဖွဲ့ SSIA နှင့် ဆွေးနွေးရန်ကြိုးစားခဲ့သည်။ ထို့နောက် ဦးနု၏ဖိတ်ခေါ်ချက်အရ ဥက္ကဌခွန် မဟာ နှင့် စိုင်းရွက် (ကျိုင်းတုံမှ ရန်ကုန်တက္ကသိုလ်ကျောင်းသား) တို့သည် ခွန်ကြာပုနှင့်အတူ ရန်ကုန်သို့လိုက်ပါဆွေးနွေးရန် ထိုင်းနယ်စပ်မှ ထွက်ခွာခဲ့ကြသည်။

သို့သော် စိုင်းရွက် ဘန်ကောက်တွင် ကျန်နေခဲ့ပြီး ခွန်မဟာတဦးထဲသာ ခွန်ကြာပုနှင့် ရန်ကုန်သို့ လိုက်ပါသွားခဲ့သည် ရန် ကုန်လေယာဉ်ကွင်းအရောက်တွင် ခွန်မဟာအား တပ်မတော်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့သည်။ ဝန်ကြီးချုပ်ဦးနု အစီ အစဉ်နှင့်လာသည်ဟု ရှင်းပြသော်လည်း လက်မခံဘဲထောက်လှမ်းရေး၏ ဖမ်းဆီးလက်နက်ချ ခိုင်းခြင်းခံခဲ့ရသည်။ သို့နှင့် ဦးနု၏ ရှမ်းလက်နက်ကိုင်များနှင့်ဆွေးနွေးရန်စီစဉ်မှု မအောင်မြင်ရုံသာမက SSIA ၏ဥက္ကဌမှာလည်း ဖွဲ့ပြီးမကြာမီ ဖမ်းဆီး ခြင်းခံခဲ့ရပေသည်။ တကယ်တော့ ဦးနု၏ ဆွေးနွေးမှုဆိုသည်မှာလည်း သူ၏မူဖြစ်သည့် လက်နက်နှင့် ဒီမိုကရေစီလဲမည် ဆိုသည်ထက် ပိုမည်မထင်ပေ။

သို့နှင့် SSIA တွင် ဘိုမောင်၊ စဝ်ဆေဝမ်၊ စဝ်ဆေလင်း၊ စဝ်ဆေထင်၊ ခွန်ကြာနုတို့ ကျန်ရစ်ခဲ့သည်။ ၎င်းတို့ကြားတာဝန်ခွဲဝေမှု အရ ခွန်ကြာနုက သံလွင်အနောက်ခြမ်း လဲချားဒေသသို့ ထွက်ခွါသည်။ ဘိုမောင်က ဝ နယ် မိုင်းလင်းဒေသသို့ ထွက်ခွါသည်။ စဝ်ဆေဝမ်က အင်အား ၁၅ ယောက်ခန့်နှင့် ကျိုင်းတုံနယ်မြေသို့ စည်းရုံးရေးဝင်သည်။ တပ်ဖွဲ့ဝင်တဦးလက်နက်ချ ပြီးသစ္စာ ဖေါက်သဖြင့် စစ်တပ်အဝိုင်းခံရပြီး မိုင်းဖြတ်တွင် စဝ်ဆေးဝမ် ကျဆုံးသွားခဲ့သည်။

ထိုသို့ နွမ်းစစ်ဟန်မှ ခွဲထွက်၍ မကြာမီမှာပင် ဥက္ကဌ ဖြစ်သူ အဖမ်းခံခဲ့ရသော SSIA လှုပ်ရှားရုန်းကန်နေစဉ်မှာပင် ၁၉၆၀ ခုနှစ်အတွင်း နောက်ထပ် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ ထပ်မံပေါ်ပေါက်လာသည်ကိုတွေ့ရသည်။

● TNA နှင့် SNUF
အလားတူပင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံဒေသတွင် ရှမ်းအမျိုးသားတပ်မတော် (Tai National Army - TNA) အား ၁၉၆၀ ခုနှစ် မေလ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။ ခေါင်းဆောင်သူမှာ ဦးကုန္တရအမည်ရှိ ရှမ်းဘုန်း တော်ကြီးတပါးဖြစ်ပြီး ရှမ်းအမျိုးသားရေးဟောပြောလှုပ်ရှားမှုများကြောင့် ခေတ္တဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ ပြန်လည်လွတ် မြောက်လာသောအခါလူဝတ်လဲပြီးနောက် စဝ်ငါးခမ်းဟုအမည်ဖြင့် ရှမ်းလက်နက်ကိုင်ပုန်ကန်မှုတခုအား ဦးဆောင်ခဲ့သည်။ စဝ်ငါးခမ်း ခေါ် စိုင်းခမ်းအောင် ခေါ် ဦးကုန္တရသည်ကျိုင်းတုံမြို့နယ် နောင်ဖါအုပ်စု ဝမ်ကန်နားပူလွယ်ရွာ ဇာတိဖြစ်သည်ဟု ဆိုပါသည်။ TNA အားနောက်ပိုင်းတွင် SNA (Shan National Army) ဟုပြောင်းလဲခေါ်ဝေါ်သည်။

စတင်ဖွဲ့စည်းစဉ်က ဥက္ကဌအဖြစ် စဝ်ငါးခမ်း၊ ဒုဥက္ကဌ ၁ အဖြစ် ဆရာဦးဘသိန်း (ကျိုင်းတုံစော်ဘွား ငွေတိုက်မှူ း) ၊ ဒုဥက္ကဌ ၂ အဖြစ် စဝ်ခေးဆေတို့က ဦးဆောင်ပြီးသက်ဆိုင်ရာတပ်ဖွဲ့အသီးသီးကို ခေါင်းဆောင်ကြသူ အဖွဲ့ဝင် ၅၀ ခန့်ပါဝင်သည်။အဆိုပါအဖွဲ့ဝင်များသည်ယခင်ကျိုင်းတုံစော်ဘွား လက်အောက်ခံနယ်များဖြစ်သော မိုင်းဆင့်၊ မိုင်းယန်း၊ မိုင်းမ-မိုင်းလား၊ မိုင်းငင်း၊ မိုင်းဆိမ်၊ ပျက်ကန့်၊ မိုင်းယောင်း စသည့်နယ်အသီးသီးမှ စော်ဘွားအနွယ်များ၊ ယခင်စော်ဘွားအုပ်ချုပ်ရေး၊ ကာ ကွယ်ရေးပိုင်းတွင် ပါဝင်ခဲ့ကြသူများဖြစ်သည်။ အဆိုပါ အဖွဲ့ဝင်များတွင် မိုင်းယန်းတပ်ဖွဲ့မှ ခေါင်းဆောင်များအဖြစ် စဝ်ခွန်ရှဲန်ဝမ်း၊ စဝ်ခွန်မြင့်၊ စဝ်လောဝ်ခမ်း (စိုင်းနွံပန်း ခေါ် စိုင်းနော်ပန်း)၊ စဝ်ကန်ခမ်း တို့ပါဝင်ပြီး မိုင်းမ-မိုင်းလားတပ်ဖွဲ့မှ စဝ်ခွန်အွန်ကျန် ပါဝင်သည်။

စဝ်ငါးခမ်း၏ SNA တပ်ဖွဲ့သည် ကျိုင်းတုံးစော်ဘွား လျှို့ဝှက်စွာသိမ်းဆည်းသိုဝှက်ထားသည် လက်နက်များရရှိခဲ့သည်။ ၁၉၅၉ ခုနှစ် စော်ဘွားများအာဏာစွန့်ရမည့်ကာလတွင် ကျိုင်းတုံစော်ဘွားသည် ၎င်း၏တပ်ဖွဲ့ပိုင် လက်နက်များအား အစိုးရအား မအပ်လိုသဖြင့် ကျိုင်းတုံဒေသ တောင်ကြောတခုတွင်ရှိသော လိုဏ်ဂူတခုအတွင် ထည့်သွင်းသိုဝှက်ခဲ့သည်။ ထို့နောက်အလွယ် တကူ ရှာဖွေမတွေ့နိုင်စေရန် ဂူပေါက်ဝတွင် ထဝှေလုံ ဆိုသည် စေတီတဆူ တည်၍ ပိတ်ဆို့ထားခဲ့သည်။

၁၉၅၉ ခုနှစ် စဝ်နွဲ့နှင့် စဝ်ဆေထင်တို့ ကျိုင်းတုံစော်ဘွားအား လာရောက်တွေ့ဆုံစဉ် ယင်းသို့ လက်နက်များဖွက်ထား သည့်နေရာကို စဝ်နွဲ့တို့အားပြောပြခဲ့သည်။ လက်နက်ကိုင်တိုက်နေပြီဖြစ်သော နွမ်စစ်ဟန်အဖွဲ့အား အားဖြည့်ပေးခဲ့သည်။ စဝ်နွဲ့က သူ၏လူတယောက်ဖြစ်သော လွိုင်လင်-ပင်လုံမှ လှမြင့်ခေါ် ဖေါ်လန်အားစေလွှတ်၍ ၎င်းလက်နက်များအား ယူခိုင်း ပြီး လူထုအားစည်းရုံးလှုပ်ရှားရန် စေလွှတ်လိုက်သည်။ ထိုသို့ ဖေါ်လန် လက်နက်များသွားယူချိန် ၁၉၆၀ ခုနှစ်တွင် စဝ်ငါးခမ်းတို့ SNA လှုပ်ရှားမှုပေါ်လာခဲ့ရာ ဖေါ်လန်လည်း စဝ်နွဲ့တို့ထံ ပြန်မလာတော့ဘဲ စဝ်ငါးခမ်းအဖွဲ့ဝင်ရောက်ခဲ့သည်။ သို့နှင့်ဂူထဲတွင် သိုဝှက်ထားသည့် စော်ဘွား၏ လက်နက် အလက် ၄၀၀ ကျော် ၅၀၀နီးပါးအား စဝ်ငါးခမ်းအဖွဲ့က ရရှိသွား ခဲ့သည်။

အစောပိုင်းတွင်း စဝ်ငါးခမ်းအဖွဲ့သည် နွမ်စစ်ဟန်နှင့် တဖွဲ့တည်းဖြစ်သော်လည်း ၁၉၆၄ ဇွန်လခန့်မှစ၍ စဝ်ဟန်စစ်တိုင်း အမည်ဖြင့် သီးခြားလှုပ်ရှားသည်ဟု အချို့မှတ်တမ်းများတွင် ဖေါ်ပြသည်။ အချို့မှတ်တမ်းများအရ ၁၉၆၄ ခုနှစ်တွင် စဝ်ငါးခမ်းအဖွဲ့မှ စဝ်ခွန်မြင့်အားကိုယ်စားလည်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့စေလွှတ်ပြီး စဝ်ဆေဝိုင်ခေါင်းဆောင်သည့် SSA (ရှမ်းပြည်တပ်မတော်) တွင် ပူးပေါင်းပါဝင်ခဲ့သည်ဟုဆိုသည်။ ၁၉၆၅ ခုနှစ်တွင် စဝ်ခွန်မြင့်သည် ချင်းမိုင်ရုံးမှပြန်လာပြီး စဝ်လောင်ခမ်း ခေါ်စိုင်းနွံပန်းကို အစားထိုးတာဝန်ပေးအပ်ခဲ့သည်ဟုဆိုသည်။ စဝ်ငါးခမ်းတပ်ဖွဲ့တွင်လှု ပ်ရှားသည့်ဒေသအားအစွဲပြုပြီးခေါ်ဝေါ်သည့် မိုင်းဆိန်တပ်၊ ပျက်ကန့် တပ်၊ မိုင်းငင်းတပ်၊ မိုင်းယန်းတပ်၊ မိုင်းမတပ်များ ပါဝင်ပြီး ကျိုင်းတုံ၊ မိုင်း ပိန်း၊ မိုင်းငင်း၊ မိုင်းယန်း၊ မိုင်းမ၊ မိုင်းယောင်းစသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသများတွင် လှုပ်ရှားခဲ့သည်။ ကျိုင်းတုံ စော်ဘွားလက်အောက်ခံစော်ဘွားအနွယ်များ၏ ပုန်ကန်မှုဟု ဆိုနိုင်သည်။

စဝ်ငါးခမ်း၏ SNA မှ တပ်မှူ းတဦးဖြစ်ပြီး SNA ပြို ကွဲပြီးနောက်ပိုင်း၌လည်း ဆက်လက်ရပ်တည်နိုင်သူ ရှမ်းတပ်မှူ းတဦးမှာ စဝ်ခွန်မြင့် ဖြစ်သည်။ အဖဖြစ်သူ နန်ဆမ်၊ အမိဖြစ်သူ အိကောင်ခမ်းတို့မှ စဝ်ခွန်မြင့်အား၁၉၂၇ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင်ဖွါးမြင်၍ ငယ်အမည်မှာ အိုက်ယီပေါက်ဟု ခေါ်ပါသည်။ ၁၉၆၁ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့တွင် စဝ်ငါခမ်းခေါင်းဆောင် သည့် ကျိုင်းတုံ TNA သို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၂ ခုနှစ် ဧပြီလတွင် တပ်ရင်း ၉ အမည်ဖြင့် မိုင်းယန်းဒေသတွင် ပြန်လည်လှုပ် ရှားခဲ့သည်။ ထိုအချိန်က နန်ရှဲန်ဝမ်က ဥက္ကဌ ၊ စဝ်ခွန်မြင့်က စစ်ဦးစီးမှူးအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ၁၉၆၂ ခုနှစ် မေလမှစ၍ လွယ်မီးတိုက်ပွဲ၊ မိုင်းလွေတိုက်ပွဲ၊ မွန်ကျန့်တိုက်ပွဲ၊ မိုင်းမတိုက်ပွဲ၊ ချင်းသနက ၄ နှင့် တိုက် ပွဲ၊ ဝမ်ကျင်းတိုက်ပွဲစသည့်တိုက်ပွဲစသည့်တိုက်ပွဲများကို ဦးစီးတိုက်ခိုက်ခဲ့သည်။

မိုင်းယန်းဒေသသည် မူလက ကျိုင်းတုံစော်ဘွားအုပ်ချုပ်မှု ဧရိယာတွင်းမှဖြစ်သည်။ မိုင်းယန်းအား ကျိုင်းတုံစော်ဘွား လက်အောက်ခံ ဖျာ ခေါ် မြို့စားစိုင်းမုန့်အုပ်ချုပ်သည်။ မိုင်းယန်းတောင်ဖက် (မိုင်းယန်းနှင့် ကျိုင်းတုံကြား) ရှိ မိုင်းလွေနှင့်မိုင်းခတ်အား ဟိန်ခေါ် တိုက်သူကြီး (ထောင်စုသူကြီး) အုပ်ချုပ်သည်။ မိုင်းယန်း မိုင်းလွေ ဒေသသည်ရှမ်းရွာအများစုတည်ရှိပြီးရှမ်းတိုင်းရင်းသားလက်နက်ကိုင်များပုန်ကန်ကြသောအခါ မူလ ရှမ်မြို့စား၊ တိုက်သူကြီးစသည့် အုပ်ချုပ်ရေး ပိုင်းမှ အနွယ်အများအပြားပါခဲ့သည်။ စဝ်ခွန်မြင့် တပ်မှ ခေါင်းဆောင်တဦးဖြစ်သူ စိုင်းနွံပန်း၏ဖခင် ရှန်နန့်ပန်းမှာမိုင်းယန်း ဒေသမှ ဟိန် ခေါ် တိုက်သူကြီးတဦးဖြစ်သည်။ ထို့ကြောင့်လည်း မိုင်းယန်း၊ ဆီလူး၊ မိုင်းလွေ၊ မိုင်းကွယ်ဒေသရှိ ရှမ်းလူထု၏ ထောက်ခံမှု ဖြင့်စဝ်ခွန်မြင့်တပ်ဖွဲ့ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။

SNUF ခေါ် Shan National United Front မှာ စဝ်နွဲ့၏ နွမ်စစ်ဟန်အဖွဲ့မှ ခွဲထွက်လာသောအဖွဲ့ပင်ဖြစ်သည်။ SNUF အား စဝ်ကွမ်းဇိဏ်းက ဦးဆောင်သည်။

အဆိုပါ ၁၉၅၈ မှစ၍ ပေါ်ထွက်လာသော ရှမ်းလက်နက်ကိုင်အဖွဲ့များ၏အစသည် နွမ်စစ်ဟန်ဖြစ်သော်လည်း ၁၉၆၀ နောက်ပိုင်းတွင် အဖွဲ့ ၄ ဖွဲ့ ကွဲထွက်လာသည်။ သို့သော် ကျန် ၃ ဖွဲ့သည် မူလနွမ်စစ်ဟန်နှင့် ဦးစွာအားဖြင့်ဆက်စပ် ပတ်သက်မှု ရှိခဲ့သည်ကို တွေ့ရသည်။ အဆိုပါအဖွဲ့များအနက် နွမ်း စစ်ဟန်သည် မိုင်းဆတ်နယ် ထိုင်းမြန်မာနယ်စပ်တွင်၎င်း၊ SNA သည် ကျိုင်း တုံ အရှေ့နှင့်မြောက်ဖက်တွင်၎င်း အဓိက လှု ပ်ရှားနေကြပြီး ရှမ်းအရှေ့တွင်သာ အခြေပြုသည့် အဖွဲ့များဖြစ်ခဲ့သည်။ ရှမ်းကျောင်းသားလူငယ်များ၏ SSIA နှင့် စဝ်ကွမ်းဇိဏ်း၏ SNUF ကတော့ သံလွင်အနောက်ခြမ်း ရှမ်းပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းတိုသို့ပါ ထိုးဖေါက်စည်းရုံးနိုင်ခဲ့သည်။ ထို့ပြင်SSIA နှင့် SNUF တို့သည် နွမ်စစ်ဟန်မှ ခွဲထွက်လာပြီးနောက် မဟာမိတ်ဖွဲ့ထားခဲ့ကြသည်။

● SSIA
၁၉၆၀ ခုနှစ်တွင် SSIA တပ်ဖွဲ့အင်အား ၆၀/၇၀ ခန့်သည် ဝ နယ် မော်ဖါ ဒေသမှတဆင့် သံလွင်မြစ်အနောက်ဖက်ကမ်းသို့ ဖြတ်ကူးခဲ့ကြသည်။ အင်အားဖြန့်ခွဲ့၍ စည်းရုံးလှု ပ်ရှားခဲ့ကြရာ စဝ်ဆေလင်းက နမ့်စမ်ဘက်တွင် လူသူစုဆောင်း၍ တပ်ရင်း ၄ ကို ဖွဲ့စည်းသည်။ အလားတူ မိုင်းရှူးဘက်တွင်ရင်း ၃၊ မိုင်းလင်းဘက်တွင် ရင်း ၂ ကို ဖွဲ့စည်းခဲ့သည်။ လွယ်ခေးဒေသတွင်ငါးမိန်း၊ ဆေကျန့်၊ ဆေလယ်စသည့် ဒါးမြအဖွဲ့များကို စည်းရုံးသိမ်းသွင်းပြီးတပ်ရင်း ၁ ကို ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းခါစက ဖွဲ့စည်းပုံကောင်းစွာ မရှိခဲ့ပေ။ လုပ်ရင်း ကိုင်ရင်းအတွေ့အကြုံ များနှင့် တဖြေးဖြေးအသားကျလာခဲ့သည်ဟု ဆိုပါသည်။ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းချိန်တွင် စဝ်ရွှေသိုက်၏သားဖြစ်သူ စဝ်ဆေဝိုင်မှာ ရန်ကုန်တွင်ရှိနေပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရင်း ၄ သို့ ရောက်ရှိလာခဲ့သည်။

အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် SSIA အနေနှင့် ပလောင် ခေါ်တအာင်းဒေသတို့ပါတိုးချဲ့ စည်းရုံးနိုင်ခဲ့သည်။ နမ့်ဆမ်တဝိုက်တွင် လှုပ်ရှားခဲ့သည် တောင်ပိုင်စော်ဘွားစဝ်ခွန်ပန်းစိန်၏သား တာခွန်အေးဦးစီးသည့်တပ်ရင်း ၅ သည်၎င်း၊ နမ့်ခမ်းတဝိုက်တွင် လှုပ်ရှားသည့် တာခွန်သောင်းဦးစီးသည့် တပ်ရင်း ၆ သည်၎င်း တအာင်းပလောင်များဖြင့် ဖွဲ့စည်းထားသော်လည်း ၁၉၆၂ ခုနှစ်ကုန်အထိ ရှမ်းတပ်ဖွဲ့များအနေနှင့် လှုပ်ရှားခဲ့ကြသည်။အဆိုပါ တအာင်းပလောင် တပ်ရင်း ၂ ရင်းသည်စုစည်း၍ ၁၉၆၃ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်တွင် PNF Palaung National Front ပလောင်အမျိုးသားတပ်
ဦးအနေနှင့် ခွဲထွက်သွားခဲ့ကြသည်။ PNF ၏ ပထမဆုံဥက္ကဌအဖြစ် တာခွန်သောင်း၊ အတွင်းရေးမှူ းအဖြစ် တာအုန်းခိုင်တို့က တာဝန်ယူပြီး တာခွန်အေးက ဗဟိုကော်မတီအဖြစ်တာဝန်ယူခဲ့ကြသည်ဟုသိရသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး