Breaking News

မင်းခိုင် - ကိုဗစ် ပစ္စက္ခ ကို ဖြတ်သန်းခြင်း

Than Shwe (2008) under Nargis - Aung San Suu Kyi (2020) under Covid-19


မင်းခိုင် - ကိုဗစ် ပစ္စက္ခ ကို ဖြတ်သန်းခြင်း

(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၀

ရန်ကုန်သည် ယောက်ယက်ခတ်စပြုလာလေသည်။

အထက်ကခေါင်းစဉ်နဲ့ အက်ဆေးတစ်ပုဒ်လောက် ရေးရမယ်ဆိုရင် အဖွင့်စာကြောင်းဟာ အဲလိုပဲဖြစ်လိမ့်မယ်ထင်ပါတယ်။

တကယ်လည်း ရန်ကုန်ဟာ ယောက်ယက်ခတ်စ ပြုလာပါပြီ။ တစ်နေ့တစ်နေ့ ပိုးတွေ့လူနာ ရာကျော်ဖြစ်လာတဲ့အခါ၊ တစ်လအတွင်းမှာတင် စုစုပေါင်းသေဆုံးသူ 80 ကျော်လာတဲ့အခါ (မနေ့က စာရင်းထိ 81 ယောက်) ... အကြောက်တရားရဲ့အကောင်အထည်ဒြပ်ထုကြီးဟာ ထင်ထင်ရှားရှား ကြီးကြီးလာပါတယ်။

ပထမလှိုင်းရဲ့ ရိုင်းတဲ့ဒဏ်ကို ပွဲကြည့်ပရိတ်သတ်လို ကြည့်ခဲ့ရတဲ့ ကျနော်တို့တတွေဟာ တဖြည်းဖြည်းနဲ့ ဇာတ်စင်ပေါ် ရောက်လာပါပြီ။ ဒါမှမဟုတ် ဇာတ်စင်ပေါ်က ဇာတ်လမ်းဇာတ်ကွက်တွေဟာ ကျနော်တို့ဘဝထဲ ချည်းနင်းဝင်ရောက်လာပါပြီ။

အီတလီ ပထမလှိုင်းဒဏ် အလူးအလဲ ခံခဲ့ရတုန်းက နောက်ဆုံးအချိန်မှာ မိသားစုနဲ့ တွေ့ခွင့်မရလို့ ဗီဒီယိုကော်လေးနဲ့ပဲ အဆက်အသွယ်လုပ်ရတဲ့ ဇာတ်ကွက်တွေ၊ မြေးလေးကို တွေ့ချင်လွန်းလို့ အိမ်ကို သွားပေမယ့် အကာအရံအထပ်ထပ်ကြားကနေပဲ အာသာပြေပွေ့ဖက်ရတဲ့ မြင်ကွင်းတွေ ... ပရိတ်သတ်လို ကြည့်ခဲ့ရတဲ့ အဲလိုမြင်ကွင်းမျိုးတွေဟာ ကျနော်တို့နား ရောက်လာပါပြီ။

တနေ့က အန်တီလေး (အမေ့ယောက်မ) တိမ်းပါးသွားတဲ့အခါ အသက် 70 ကျော် အမေ့ကို အိမ်မှာပဲ နေစေပြီး ကိုယ်တွေပဲ နာရေးကို လိုက်ပို့ပါတယ်။ ကိုဗစ်ကာလရဲ့နာရေးဟာ လိုက်ပို့သူ ဆယ်ယောက်ဆယ့်ငါးယောက်လောက်နဲ့ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ အားလုံးဟာ နှာခေါင်းစည်း၊ မျက်နှာကာ၊ လက်အိတ်တွေနဲ့ ... ။

ပြည်သူတွေ ကြောက်နေပါပြီ။

အစိုးရလည်း ကြောက်နေပါပြီ။

ပြည်သူတွေကလည်း သူတို့အသက်တွေ ဆုံးရှုံးရမှာ ကြောက်နေသလို

အစိုးရကလည်း ပြည်သူတွေကို အကောင်းဆုံး ကာကွယ်မပေးနိုင်မှာကို စိုးကြောက်နေပါတယ်။

ဒါကြောင့်လည်း သူတို့မှာရှိသမျှ ရင်းမြစ်တွေကို ပုံအော်သုံးပြီး အတတ်နိုင်ဆုံးကြိုးစားပါတယ်။

တစ်လပိုင်းကတည်းက ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ဗဟိုကော်မတီကို ဖွဲ့ခဲ့တယ်။

မတ်လမှာ အမျိုးသားအဆင့်ဗဟိုကေ်ာမတီအဆင့်ကို မြှင့်ပြီး စီးပွားရေးကုစားဖို့ ကော်မတီကိုပါ ဘီလျံ 100 နဲ့ တစ်ခါတည်း မတည်ခဲ့တယ်။

စုအစိုးရရဲ့ပေါ်လစီက မည်သူ့ကိုမျှ ချန်မထားရေး (No one left behind) ပဲ။

ဒါ ဟိုး အရင်ခေတ်တွေတုန်းကလို သတင်းစာတွေထဲမှာ ဖတ်ကောင်းအောင် ရေးထားတဲ့ ပေါ်လစီမဟုတ်ဘူး။
ဆင်းရဲတဲ့နိုင်ငံဖြစ်ပေမယ့် (ကျနော်အမှတ်မမှားရင်) ဝူဟန်မှာ ပိတ်မိနေတဲ့ ကိုယ့်နိုင်ငံသားတွေကို ကယ်ထုတ်တဲ့ အာဆီယံနိုင်ငံတွေထဲမှာ ပထမဆုံးပဲ။

ကိုယ့်နိုင်ငံ ကိုယ့်ကို ဂရုစိုက်လား မစိုက်လားဆို

အရင်ခေတ်အဆက်ဆက်က သံရုံးဆိုတာ ရုံးကိစ္စလို၊ အခွန်ကိစ္စလိုဟာမျိုးရှိမှ သွားကြတာ။
ကိုယ့်သံရုံးက ကိုယ့်ကို ကူညီပေးလိမ့်မယ်၊ ကာကွယ်ပေးလိမ့်လို့ ဘယ်သူမှ မမှတ်ယူကြဘူး။
စုအစိုးရကတော့ ကဲ သားတို့သမီးတို့ လာကြဟေ့ဆိုပြီး (ဇူလိုင်လ 8 ရက်နေ့ထိ စာရင်းအရ) နိုင်ငံပေါင်း 40 က နိုင်ငံသားပေါင်း 7397 ယောက်ကို လေယာဉ်နဲ့အခေါက်ပေါင်း 64 ကြိမ် ကယ်ထုတ်ခဲ့တယ်။

သောင်းနဲ့ချီတဲ့လူတွေကို အခမဲ့ Q ထားခဲ့တယ်။
(လက်ရှိ Q ထားထားတဲ့ အရေအတွက်က 10781 ဦး)

Q စရိတ်ဟာ တစ်ယောက် 2 သိန်းခွဲကနေ သုံးသိန်းကြားကုန်တယ်လို့ သိရပါတယ်။

US လိုနိုင်ငံမျိုးမှာတောင် ပိုက်ဆံပေးစစ်ရတဲ့ ကိုဗစ်ကို ဒီမှာ အလကားစစ်ပေးတာ အယောက် 2 သိန်းကျော် (212826) ရှိပါတယ်။

လျှပ်စစ်မီတာခတွေ ယူနစ်တစ်ရာကင်းလွတ်ခွင့်ပေးခဲ့တယ်။

အခြေခံလူတန်းစားတွေကို ထောက်ပံ့ကြေး ၄ ကြိမ်ပေးခဲ့ပေးပြီးပါပြီ။

အသေးစားချေးငွေအတွက်လည်း လုပ်ငန်းပေါင်း 3000 ကျော်ကို ထုတ်ချေးပေးထားပါပြီ။

အစိုးရဟာ ဘီလျံ ဘီလျံနဲ့ ချီတဲ့ငွေတွေကို ပုံအော်သုံးခဲ့ပါတယ်။ သုံးလည်း သုံးဦးမှာပါ။

အရင်ပို့စ်မှာ ဒီအကြောင်း တစွန်းတစထည့်ရေးမိတော့ တယောက်က အီးလိုဝင်မန့်တယ်။

ဒါ အစိုးရလုပ်ရမယ့် အလုပ်တွေပဲတဲ့။ ဘယ်အစိုးရမဆို လွယ်လွယ်ကူကူလုပ်နိုင်တဲ့အလုပ်တွေပဲတဲ့။
သူ့စကားအတိုင်းဆို .... HMK's supporting evidences are just administrative works any govt would tackle easily တဲ့။

ကျနော်အသာလေးပဲ ပြုံးမိတယ်။

ခင်ဗျားတို့ မွေးထားတာပဲ၊ ကျွေးရမွေးရ ဆင်ရမှာပေါ့ .. မိဘမေတ္တာရှိရမှာပေါ့ဆိုတဲ့ အပေါစားဇာတ်ကားထဲက ဒိုင်ယာလော့တစ်ခုကို ကြားရသလိုပါပဲ။
မိဘမေတ္တာဆိုတာ မိဘဖြစ်သွားတာနဲ့ အလိုလျောက်  ပြည့်စုံသွားတာမဟုတ်ဘူး၊ မိဘအရည်အချင်းအတွက် ပညာနဲ့ မေတ္တာလိုတယ်ဆိုတာ (တချို့ မိဘနေရာ ရောက်သွားပေမယ့် ပညာ၊ မေတ္တာချို့တဲ့ရှာတယ်ဆိုတာ) .... တစ်ချို့သူတွေ နားလည်အောင် ပြောရခက်မယ်ထင်ပါရဲ့။
သူ့တို့အတွက် မိဘမေတ္တာတို့၊ ခေါင်းဆောင်မှုအရည်အသွေးတို့ဟာ ထူးပြီး စာဖွဲ့လောက်စရ မဟုတ်ပေဘူးပေါ့။
ဒါပေမဲ့ မငြင်းနိုင်တဲ့အချက်ကတော့ ဦးဆောင်မှုကွာရင် ကွာတာပဲ။

ငမွဲနိုင်ငံ ရွှေပြည်လေးက အလားအလာကို မှန်းဆပြီး ဒီစစ်တို့ဆီရောက်လာရင် ဘယ်လိုတိုက်မလဲလို့ စဉ်းစားနေပြီဖြစ်တဲ့ တစ်လပိုင်းမှာ ကမ္ဘာ့နံပါတ်တစ်နိုင်ငံရဲ့ သမ္မတက ဂေါက်ရိုက်မပျက်မပါဘူး။ တရုတ်ကြီး ဝူဟန်ကို ထိန်းနိုင်တော့ ပေါက်ဖော်ကြီး ကွန်ကွန်ပါ ဘာညာနဲ့ တွစ်ပါတယ်။ လူနာတွေ့လို့ အသေအပျောက်တွေ စနေတာတောင် တုတ်ကွေး တုတ်ကွေးပါကနေ မလျော့။ အဲလိုနဲ့ အခြေအနေတွေ မထိန်းနိုင်တော့မှ တရုတ်ကြီးကို လှိမ့်ဆဲတာ။

သူတစ်ပါးကို အပြစ်တင်တာ ဆဲတာ၊ ကျနော်လည်း လုပ်တတ်တယ်။

ဒါပေမဲ့ လူထုကြီးကို စုစည်းဖို့၊ ခေါင်းဆောင်ဖို့၊ လမ်းပြခေါ်သွားဖို့က ခေါင်းဆောင်တွေမှ လုပ်နိုင်တယ်။

ကျနော့်တသက်နဲ့ တကိုယ် စုပါးစပ်က သူများကို အပြစ်တင်တာ၊ နင်းချပြောတာမျိုး တစ်ခါမှ မကြားဖူးဘူး။
လုပ်စရာရှိတာကိုသာ လုပ်တယ်။ သူတာဝန်ယူစရာရှိတာကို ယူတယ်။ ရဲရဲယူတယ်။

ကျနော်တို့ သဘာဝဘေးအန္တရာယ်နဲ့ ကြီးကြီးမားမားကြုံခဲ့ရတာ 2008 ခုမှာ။

နာဂစ်ဟာ မြန်မာပြည်ရဲ့ဆန်အိုးကြီးလို့ခေါ်တဲ့ ဧရာဝတီကို အဓိက ဖျက်သွားခဲ့တယ်။
အပျက်အစိးတန်ဖိုးဟာ ကျပ်ငွေဘီလျံ 4500 ကျော်လို့ သိရတယ်။
လူ 1 သိန်းခွဲကျော် သေဆုံးခဲ့ရတယ်။
လူပေါင်း 2.5 သန်းကျော် ရေရှည်ဒုက္ခရောက်ခဲ့ရတယ်။

အဲ့ဒီအချိန် သန်းရွှေရဲ့အောက်မှာ အကုန်ရှိတယ်။

သူ့ရဲ့ခေါင်းဆောင်မှုနဲ့ (တသွေးတသံအမိန့်နဲ့) ဘာမဆိုလုပ်နိုင်တယ်။

ဒါပေမဲ့ သူ ဘာလုပ်ခဲ့လဲ။ ဘာတွေလုပ်ပေးခဲ့သလဲ။

ကယ်ဆယ်ရေးကိုသာ နှောင့်နှေးအောင်လုပ်ခဲ့တယ်။

အကူအညီပေးမယ့်သူတွေကိုသာ တားမြစ်ပိတ်ပင်ခဲ့တယ်။

အမြင်မတော်လို့ အလောင်းကောက် သဂြိုဟ်ပေးတဲ့သူကို ထောင်နှစ်ရှည်ချတယ်။

စစ်အစိုးရဆိုတော့ မော့မကြည့်ရဲဘူးလေ၊ ဒီတော့ နိုင်ငံတကာက လှူတဲ့ပစ္စည်းအကောင်းစားတွေဟာ သိမ်ကြီးဈေးမှာ အပုံလိုက်ချရောင်းကြတယ်။

2012/13 လောက်က ရိုက်တဲ့ ဖြစ်ရပ်မှန် documentary တစ်ခုကို Human Right ပွဲတော်မှာ ကြည့်ခဲ့ရတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်က တကယ့်ဘဝတွေအကြောင်း။

စစ်အစိုးရလုပ်ခဲ့တာကတော့ ခရိုနီတွေကို အင်းလေးလံတွေပေး၊ ရေနက်စိုက်ကွင်းတွေ ပေးနဲ့ သာမန်ပြည်သူတွေရဲ့ စားဝတ်နေရေးကို ရိုက်ချိုးခဲ့ပါတယ်။ အင်းလေးလံရတဲ့ကောင်တွေက လက်တက်တွေကအစ သူတို့ပိုင်တယ်ဆိုပြီး ဒေသခံတွေကို ငါးရှာဖားရှာကို ခွင့်မပြုတော့တာ။ ခင်ဗျားတို့ယုံမလား .... ငါးပေါပါတယ်ဆိုတဲ့ မြစ်ဝကျွန်းပေါ်ဒေသက လူဟာ ငပိရည်တောင် မစားနိုင်ပါဘူးတဲ့။ ငရုတ်သီးကြမ်းကို ဆားနဲ့ဖျော်ပြီး ငပိဖျော်ရည် လုပ်ပါသတဲ့။

ကျနော် ဘာလို့ဒါတွေ ရေးပြနေတာလဲ။

ကိုယ်ရထားတဲ့အစိုးရဟာ ဘယ်လိုအစိုးရလဲ သိစေချင်လို့။

မောင်ဌေးရယ်၊ မင်းအစိုးရချီးမွမ်းခန်းတွေ တော်ပါတန်ပါတော့ဆို အဓိကက စကားလေးတစ်ခွန်းလောက် ပြောချင်လို့ပါပဲ။

ဒီလိုပြောလို့ အားလုံးအဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
ဥပမာ Q စင်တာ 10 ခုရှိရင် 10 ခုလုံး အဆင်ပြေချင်မှ ပြေမှာပေါ့။
အဆင်မပြောတာကိုလည်း ပြောဆိုဝေဖန်ခွင့်ရှိတယ်။ ပိုကောင်းအောင် ပြုပြင်ရမယ်။
ဒါပေမဲ့ ဘာမှလဲ မလုပ်ဘဲနဲ့ ကိုယ်ကြုံတဲ့ တစ်ခုနှစ်ခုကိုပဲ ပုံကြီးချဲ့ပြီး အစိုးရသောက်သုံမကျဘူးလို့ အပြစ်တင်တာမျိုးကတော့ ဖတ်ရတာ အဆင်မပြေဘူးပေါ့ဗျာ။

ရေးရင်းနဲ့ ဝူဟန်လော့ဒေါင်းလုပ်တုန်းက Q စခန်းတွေမှာ နေခဲ့ရတဲ့အတွေ့အကြုံ အင်တာဗျူးတာလေး သွားအမှတ်ရတယ်။ မေးတဲ့သူက ဘာများလိုပါသလဲပေါ့။ ကျန်တာအဆင်ပြေပါတယ်တဲ့။ ရေနွေးကြမ်းသောက်ဖို့ နာရီနဲ့ချီတန်းစီရတာတော့ တော်တော်သည်းခံရတယ်ရှင့်တဲ့ (သူတို့ Q စခန်းဆိုတာ အားကစားရုံလိုဟာမျိုးမှာ မပြင်းထန်တဲ့လူနာ ရာနဲ့ချီထားတာမျိုး)

ပြောချင်တာက ကျနော်တို့ ညီညွတ်ဖို့ပါပဲ။ ခေါင်းဆောင်နဲ့ ညီညီညွတ်ညွတ်ရှိဖို့ပါပဲ။

ညီညွတ်ခြင်းကလွဲလို့ ဒီပွဲကို ရင်ဆိုင်နိုင်တဲ့အင်အားမျိုးလည်း မရှိသေးပါဘူး။

တချို့က အခုလည်း မထူးဘူးလို့ ယူဆပြီး ရန်ကုန်ုကို lock down ချစေချင်တယ်။

ကျနော်အထင် total lock down ချဖို့က impact က အရမ်းကြီးတော့ လုပ်ဖြစ်ဖို့ မလွယ်ပါ။

ကျန်တာထားပါ၊ ရန်ကုန်မြို့ကို နေ့စဉ်ဝင်နေတဲ့ တန်ပေါင်းများစွာရှိမယ့် ကုန်စိမ်းနဲ့သားငါးတွေကို လူ ငါးသန်းကျော်စီ အန္တရာယ်ကင်းကင်းနဲ့ ဖြန့်နိုင်ဖို့ဆိုတာကိုက တော်တော်မလွယ်တဲ့ကိစ္စပါ။

ဒါပေမဲ့ ကျနော်သေချာပါတယ်။

ကျန်းမာရေးကသာ လုပ်ဖို့လိုတယ်လို့ ပြောရင် စုအစိုးရကလည်း ချိန်ဆပြီးလုပ်မှာပါ။

စုဟာ တခြားခေါင်းဆောင်တွေလို ငါနဲ့မတဲ့ရင် ပညာရှင်ကို ကန်ထုတ်တယ်ကွာဆိုတဲ့ ငါတကော ခေါင်းဆောင်မျိုးမဟုတ်သလို (ကျန်းမာရေးဝန်ကြီးကို ဒီအချိန် သူက အာဏာအရှိဆုံးပဲလို့ ဆိုခဲ့သူ) မဲအတွက်နဲ့ ဟိုလူမျက်နှာကြည့် ဒိလူ့မျက်နှာကြည့်တဲ့ ခေါင်းဆောင်မျိုးဆို ပိုလို့တောင် မဟုတ်ပါသေးတယ်။

ဒါကို သူလက်တွေ့နိုင်ငံရေးထဲ ဝင်လာကတည်းက သက်သေအခါခါပြခဲ့ပါတယ်။

စုဟာ ပြည်သူ့အတွက်ဆိုတဲ့စိတ်နဲ့ပဲ နိုင်ငံရေးသတ်ကွင်းထဲကို ဝင်တိုးခဲ့တာ တစ်ခါမက နှစ်ခါမကတော့ပါဘူး။

ပြောချင်တာက အကုန်အကျများပေမယ့် ကျမတို့ပြည်သူတွေအသက်က ပိုတန်ဖိုးရှိတဲ့ဆိုတဲ့ စုအစိုးရဟာ ပြည်သူတွေကောင်းဖို့အတွက် နောက်တွန့်နေမှာ မဟုတ်ပါဘူး။

ကျနော်တို့ လုပ်ပေးဖို့က နောက်က ဖြောင့်ဖြောင့်လိုက်ဖို့ပါပဲ။

စည်းကမ်းရှိဖို့ပါပဲ။

စည်းကမ်းမရှိရင်တော့ အစိုးရက ဘယ်လိုလုပ်လုပ် ယိုပေါက်တွေ ပေါ်လာမှာမို့ပါ။
နောက်၊ အကြောက်မလွန်ဖို့လည်းလိုပါတယ်။

ပိုးတွေ့လူနာ 4621 ဦးဆိုပေမယ့် ပြန်လည်ကောင်းမွန်တာက 1130 ရှိပါပြီ။ ဒီတော့ တကယ့်လူနာအရေအတွက်က 3491 ပဲ ရှိပါတယ်။ လေးယာက်မှာ တစ်ယောက်က ဆေးရုံက ဆင်းနေတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီလိုပြောလို့ ကိုဗစ်ကို လျှော့တွက်ခိုင်းတာ မဟုတ်ပါ။ ကူးစက်နှုန်းမြန်လာရင် ဆေးရုံတွေ ထပ်ချဲ့ရမှာပါပဲ။ မနိုင်ရင် ကျန်းမာရေးစနစ်လည်း စဝန်ပိလာပါလိမ့်မယ်။ ဥပမာ ဒီနှုန်းအတိုင်းဆို လူ 400 အတွက် ပြင်ထားတဲ့ သုဝဏ္ဏကွင်းဟာ နှစ်ရက် သုံးရက်စာပဲ ရှိပါတယ်။

အခု အခြေအနေက ထောင်တက်နေတဲ့ ဂရပ်ကို ရိုက်ချတဲ့အချိန် သူတို့အခေါ် (flattening the curve/ squash the sombrero) ပေါ့။

စစ်မြေပြင် အင်အားတွေတော့ ထပ်ဖြည့်ထားပါပြီ။

ဆေး (၁) ပါချုပ်၊ နောက် ဆရာ 50 ကျောင်းသား 2000 ... ။
မရေရာခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ အခါ ...
ကျနော်တို့ဟာ ရေရာခြင်းတွေကိုပဲ ဆုတ်ကိုင်ရမှာ မဟုတ်ပါလား။
ကျနော်အတွက်တော့ ရေရာခြင်းဆိုတာ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာပါပဲ။
အခု တစ်ခုထပ်ဖြည့်ချင်ပါတယ်။

ညီညွတ်ခြင်းပါ။