Breaking News

ဆယ်ပေါင်တူ - မေယိုးကောင် ဆက်ရှိနေသမျှတော့

ဆယ်ပေါင်တူ - မေယိုးကောင် ဆက်ရှိနေသမျှတော့

မိုးမခ ၊ ဧပြီ ၂၂ ၊ ၂၀၂၅


(ငလျင်က တမျိုး

ငကြင်က တမျိုး

ရင်မှာ ပူလောင်ကာလေ ဘဝကဆိုး

မေယိုး ဆက်ရှိနေသမျှ

နေ့တိုင်း မျက်ရည်တွေကျရ ) ၂

သင်္ကြန်ပြီးလို့ နှစ်သစ်ထဲကူးလာသည့်တိုင် သင်္ကြန်တုန်းက ဇာတ်ဆရာပိဿာစိန် ရေးပေးခဲ့သည့် တချိန်က နာမည် ကြီး ရော့ခ်သီချင်းအလိုက် သင်္ကြန်သီချင်းကို ရပ်ကွက်ထဲ ဟိုနေရာဒီနေရာ ကြားနေရဆဲပင်။

မေယိုးကောင် အာဏာသိမ်းကတည်းက သင်္ကြန်ဆိုတာ ပျော်စရာမရှိလို့ ထင်ကြသည့်သူတွေထဲ ပိဿာစိန် ထိပ် ဆုံးကပါသည်။ ဒီနှစ်ကတော့ ပိုလို့ဆိုးသည်။ ကမ္ဘာနှင့်ချီပြီး ဆိုးဆိုးဝါးဝါးခံလိုက်ရသည့် ငလျင်ဒဏ်ကို မြင်ရကြား ရသည်က လက်ကျန်သင်္ကြန်စိတ်လေးကို ပျောက်ဆုံးသွားစေခဲ့သည်။

ပိဿာစိန်တို့ မြို့ကလေးကတော့ ကြီးကြီးမားမား မထိခိုက်ခဲ့သော် လည်း ငလျင်ကြောတလျှောက်ရှိ ပိဿာစိန်၏ ဆွေမျိုးနီးစပ်များ အသိမိတ်ဆွေများ အလူးအလဲ ခံစားကြရသည်။ အိုးအိမ်ပစ္စည်းကအစ အသက်ဆုံးရှုံးကြရသူများက မနည်း။ ဇာတ်သမားဆိုတော့ ထိုနေရာဒေသတိုင်းလိုလိုကို ပိဿာစိန် ရောက်ဖူးသည်။ ဇာတ်ကဖူးသောမြို့များ၊ ထမင်းဖိတ်ကျွေးသော အိမ်များ အခုတော့ အရင်ကနှင့် လားလားမျှ မတူတော့။

ခက်ခဲကျပ်တည်းလှသည့် ခေတ်ကာလတွင် နစ်နာဆုံးရှုံးရမှုများက ပြောပြမရအောင် ကြီးမားသည်။ တားဆီးဖို့ခက်သည့် သဘာဝဘေးအန္တရာယ်ဖြစ်သည်ကတပိုင်း၊ ထိရောက်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်မီ မလုပ်နိုင်ခဲ့သောကြောင့် ပို၍နစ်နာဆုံးရှုံးခဲ့ကြရသည်။ နောက်ဆုံးတော့ အပေါ်ယံဟန်ပြ ကူညီရေးကိုသာ လုပ်ပြချင်သည့် မေယိုးကောင်ပေါ်ကိုသာ ဒေါသပုံကျလေတော့သည်။

ဒေါသဖြစ်မည်ဆိုလည်း ဖြစ်ချင်စရာ၊ ကိုယ်ချင်းစာတရားရှိကြသည့် ပြည်သူများ၊ ပရဟိတအဖွဲ့များသာ ရှိမနေခဲ့ပါက၊ အုတ်ကျိုးအုတ်ပဲ့ သယ်တာမျိုးလောက်သာ လုပ်တတ်သည့် မေယိုးကောင်၏ အရိုးအရင်းကိုက်များနှင့် ဒီငလျင်ဒဏ်ကို ဘယ်လိုမှ ရင်ဆိုင်နိုင်မည် မဟုတ်။

အချိန်မီ ကယ်ဆယ်ရေး မဆောင်ရွက်ပေးနိုင်လို့ အသက်ဆုံးရှုံးရသူများ ကြုံကြခဲ့ရသည့် အဖြစ်အပျက်တွေက နိုင်ငံတော်အဆင့် ထိထိရောက်ရောက် မကြီးကြပ် မကူညီ မဆောင်ရွက်နိုင်တာကိုလည်း ပြသနေသည်။ အခုဆို အိမ်ပြိုအိမ်ပျက်များကို တတ်နိုင်သူများက အိတ်စိုက်အကုန်အကျခံ နေကြရသလို၊ ပရဟိတအသင်း အဖွဲ့များ အကူအညီဖြင့် ဖြိုချရှင်းလင်း နေကြရသည်။

ထိပ်ဆုံးရာထူးများ ကိုယ့်ကိုယ်ကိုယ် ပြန်ခန့်ထားသည့် မေယိုးကောင်ကတော့ ဒီလိုဘေးအန္တရာယ် ကျရောက်သည်နှင့် မိနစ်ပိုင်းအတွင်း ကူညီကယ်ဆယ်ဆောင်ရွက်ဖို့ နေနေသာသာ၊ သူစားပွဲအောက်ဝင်ပုန်းရတာ၊ ကူညီ ကယ်ဆယ်ရေးအတွက် တန်ဖိုးအရှိဆုံး ပထမ ၁ နာရီမှာ အပြင်ထွက် မတ်တပ်ရပ်နေရတာတို့ကို ဇာတ်နာအောင် ပြောလို့နေသေးသည်။ နိုင်ငံတကာ အကူအညီများကို မျက်စောင်းထိုးရင်း၊ နိုင်ငံရေး အမြတ်ထုတ်ဖို့  ပုလင်းတူ ဗူး ဆို့များအား မျက်စပစ်ပြနေသည်။

သင်္ကြန်ရောက်ပြီဆိုတော့လည်း ရေကစားချင်သည့်စိတ် ပေါ်လာသည့် သူများလည်း ရပ်ထဲရွာထဲ ရှိကြသည်ပေါ့။ ရှိအောင်လည်း ရပ်ကွက်ထဲက အုပ်ကြီးတို့တသိုက်က အားပေးအားမြှောက်လုပ်သည်။ သူတို့ရုံးနားမှာ အုန်းလက်တွေယူလာပြီး မဏ္ဍပ်ဆောက်မလိုလို လုပ်သည်။ အခုလိုကာလမျိုးမှာ ပိဿာစိန်တယောက် အုပ်ကြီးတို့၏ ဒီ အချိုးကို လုံးဝသည်းမခံနိုင်။

ခါတိုင်းလို ပါးစပ်က ပိဿာလေးနှင့် ဘေးပစ်သည့် စကားလုံးများဖြင့် ပျစ်ပျစ်နှစ်နှစ် ပြောမနေတော့။ သူ့ဇာတ်ထဲက လူမိုက်ပုံပေါက်သူများကိုခေါ်ပြီး မဏ္ဍပ်ဆောက်မည့် နေရာရှေ့ ခုံတလုံးချကာ အသာထိုင်ကြည့်သည်။ သူ့လူများ လက်ထဲဓါတ်ဆီပုလင်း ကိုင်သူကိုင်၊ တုတ်ကိုင် ဓားကိုင်နှင့် ဟန်တပြပြ လုပ်စေသည်။ ပိဿာစိန်ကိုယ်တိုင် လက်ထဲက မီးခြစ်တလုံးကို ခဏခဏ ခြစ်ပြသည်။ မဏ္ဍပ်ဆောက်ဖို့ ဟန်ပြင်နေသူများကိုလည်း မင်းက ဘယ်သူ့ သားမလား၊ မင်းတို့အိမ်က ဘယ်လမ်း ဘယ်နံပါတ်ကမလား ဆိုပြီး အတည်ပေါက်နှင့် မေးသည်။

ပိဿာစိန်တို့ သိပ်ကြာကြာမထိုင်လိုက်ရ၊ အုပ်ကြီးနှင့် မဏ္ဍပ်ဆောက်မည့်သူများ အလျှိုအလျှို ပျောက်သွားကာ မဏ္ဍပ်လည်း မဆောက်ဖြစ်တော့။ ဒီရပ်ကွက်မှာ ပိဿာစိန်ကို ထိလို့မရ ဆိုတာ သူတို့သိကြသည်။ ပိဿာစိန် နောက်မှာ တရပ်ကွက်လုံးရှိသည်။

သင်္ကြန် ဆိုတော့လည်း ငယ်ရွယ်သူများက ပျော်ချင်ပါးချင်ကြမည်ဟု ပိဿာစိန် တွေးမိသည်။ နိုင်ငံအနှံ့ ဝမ်းနည်း ပူဆွေးနေသည့်အချိန် အပျော်ကြူးရာလည်းမရောက်၊ တတပ်တအား ကူညီရာလည်းရောက်အောင် အကြံ ထုတ် သည်။ ဤသို့ဖြင့် အထက်ကသီချင်းကို သူကိုယ်တိုင်ရေးပြီး သူ့ဇာတ်က တီးဝိုင်းနှင့် သီချင်းတိုက်သည်။ ရပ်ကွက် ထဲရှိ ဝါသနာရှင်များအတွက် သီချင်းပြိုင်ပွဲလုပ်ပေးလိုက်သည်။ ထိုသီချင်းကိုပင် တယောက်ပြီးတယောက် သီဆို ပြိုင်ဆိုင်ကြ၍ မေယိုးကောင် ငကြင်ကို စောင်း မြောင်းဆဲဆိုသည့် သီချင်းပြိုင်ပွဲသက်သက် ဖြစ်သွားသည်။

ရပ်ကွက်ထဲမှ ဝိုင်းဆုချကြသလို၊ ဆုရသူများကလည်း ပိဿာစိန်လက်ထဲ ပြန်ပေးအပ်ပြီး ငလျင်ဒဏ်ခံစား နေရသူများအတွက် ကူညီပံ့ပိုးလိုက်ကြသည်။ ဒီလိုနှင့် အဓိပ္ပါယ်ပြည့်ဝသော သင်္ကြန်ချိန်ခါတခု ပိဿာစိန်တို့ ရပ်ကွက်မှာ ပေါ်ပေါက်သွားခဲ့သည်။ ကလေးလူကြီး တဒင်္ဂပျော်ရွှင်ကြရသလို ငလျင်ဒဏ်ခံရသူ များအတွက် လည်း ကိုယ်ချင်းစာစိတ် ပြသနိုင်ခဲ့သည်။

သူတို့သဘောအကျဆုံးကတော့ မေယိုးကောင် ငကြင်ကို သီချင်းဆိုပြီး ပေါ်တင်ကလော်တုတ်ခွင့် ရကြသည်ကို ပင်။ အုပ်ကြီးတို့တသိုက်လည်း တရပ်ကွက်လုံးနှင့် အတိုက်အခံ မလုပ်ရဲလေတော့ အသံတိတ်လို့သာ နေကြရ သည်။ ပိဿာစိန်၏ မေယိုးကောင် ငကြင်အား စောင်းမြောင်းစပ်ဆို ထားသည့်သီချင်းကို သူတို့၏ကလေးများက တပျော်တပါး လိုက်ဆိုသည်ကိုလည်း  အသာလက်ပိုက်ကြည့်နေခဲ့ရသည်။ ဒီလိုနဲ့ပဲ နှစ်သစ်ထဲကို ရောက်ခဲ့လေပြီ။

ပိဿာစိန် ဆက်၍တွေးနေမိသည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးလာပြီ ဆိုသော်လည်း၊ မြန်မာ့ရိုးရာ အစဉ်အလာမပျက် နှစ်ဟောင်းတုန်းကလိုပင် ညီညွတ်တော့မလိုလို၊ မညီညွတ်တော့မလိုလို၊ တွဲမလိုလို ကွဲမလိုလို၊ ပြန်ချစ်တော့မလိုလို ရန်ဖြစ်တော့မလိုလို၊ ဆက်လုပ်နေကြမည်ကိုတော့ သိကြားမင်း ဆင်း၍ပင် တားလို့ ရပါဦးမည်လား။

ဒါ့ကြောင့် ဒီအတွက် အထွေအထူးလုပ်ပြီး ပြောမနေချင်တော့၊ သို့သော် ‘ဘယ်သူမရှင်ရှင် ငကြင်ရှင်ပြီးရော’ ဆို သည့် မေယိုးကောင်နှင့် မေယိုးကောင်စိတ်ဓာတ် အမွေဆက်ခံသူများ ရှိနေသေးသမျှ၊ ပြည်သူအပေါ်ကိုတော့ ကမ်းကုန်အောင် ရက်စက်ယုတ်မာပြပြီး၊ ပေါက်ဖော်ကြီးတို့ကိုကျတော့ ကျေးဇူးရှင်မို့ မစော်ကားမိဖို့ ပြောလေသည့် မေယိုးကောင်တို့အဖွဲ့ အာဏာလုယူထားသမျှ၊ မင်္ဂလာနှစ်သစ် ဆိုတာမျိုးက မြန်မာနိုင်ငံအတွက် ဘယ်လိုမှ ဖြစ်မလာနိုင်တာကို စိတ်ထဲစွဲမှတ်ထားကြစေလိုကြောင်း၊ နှစ်သစ်ကူးစကားလက်ဆောင်ပါး လိုက်ချင်ပါသည်။ 



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar