Breaking News

စံညိမ်းဦး - ချစ်သော ကိုခင်ဝမ်းသို့

Image - Crd

ချစ်သော ကိုခင်ဝမ်းသို့
စံညိမ်းဦး
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၂

"ဒီနှစ်ဆောင်းမှာ
ဆောင်းနဲ့မြို့ကို
မင်းပြန်မလာခဲ့ဘူး။
အနေဝေး ရေဝေးကို ဆွတ်ယူသွားခဲ့
အနေဝေး ရေဝေးမှာ
ဆုံးရှုံးသွားရတဲ့ ပြည်မှာဆောင်းဟာ
ငါပါလားသူငယ်ချင်းရယ်။
နှင်းမရှိတဲ့ဆောင်းမှာ
ငါတစ်ယောက်တည်း ခြောက်ခြောက်သွေ့သွေ့
တိမ်တိုက်တွေရဲ့ အနောက်ဘက်ဟိုအဝေး
မျှော်လင့်ချက် အနာဂတ်တစ်နေရာ
နှစ်သစ်ကူးပွဲတော်ဆီ
မင်းသွားနှင့်ပြီပေါ့။''
( မောင်ချောနွယ် ရဲ့ 'ခင်ဝမ်း'ကဗျာမှ-)

၁။

အိုင်ဗီဂယ်လာရီထဲက ပန်းချီကားဆိုတာတွေကို တွေ့တော့တအံတသြကြီး ငေးကြည့်မိတယ်။ ၉၅ ခု နှစ်ထဲထင်တာပါပဲ။ ခင်ဝမ်းဆိုတာကို တွေ့ရတော့ အတော်စိတ်လှုပ်ရှားတယ်။ ဂယ်လာရီရဲ့အခန်းထဲကနေ ပန်းချီကားတချို့ ထပ်ထုတ်လာတယ်။ စပရေးနဲ့မှုတ်ထားတာတွေ။ တချို့ ​ဆေးခြောက်ဟန်တောင်မတူသေးပါဘူး။ မန္တလေးမှာ ကျနော်ကျက်နေတဲ့သီချင်းများရဲ့ပိုင်ရှင် ခင်ဝမ်းဆိုသူပေါ့။ ဒိုင်နိုဆောတွေ၊ ယန္တရားတွေ၊ အရုပ်တွေနဲ့ သူ့အနုပညာသစ်ဟာ ကျနော့်ကို အံ့သြနေစေပါတယ်။ ပန်းချီကက်တလောက်လေးယူပြီး သူ့ကိုလက်မှတ်ထိုးခိုင်းဖြစ်တယ်။ မျက်နှာကယောင်အမ်းအမ်း၊ အဆီတွေပြန်လို့။ ကျန်းမာရေးမကောင်းတာလား၊ အသောက်များထားတာလားတော့မသိ။ ကိုခင်ဝမ်းကိုငေးရင်းနဲ့ အသံကောင်းသူတွေဟာ ရုပ်ဆိုးတတ်ကြတယ်ဆိုတဲ့ အရပ်စကားကိုသွားသတိရမိပြီး ပြုံးဖြစ်ပါတယ်။ ကရုဏာသံအပြည့်ရှိပြီး အနုပညာသိပ်သည်းမှုကြီးလှတဲ့သူ့သီချင်းတွေကို ကျနော်က အရူးအမူးဖြစ်နေတာကြာခဲ့ပြီဖြစ်ပါတယ်။

၂။

ကျနော်က ဝန်ထမ်းသားသမီးမို့ ငွေကြေးချို့ပါတယ်။ သီချင်းတွေနားထောင်ချင်တော့ ခွေဟောင်းတွေကို နည်းမျိုးစုံရှာရပါတယ်။ အိမ်က တရားခွေဟောင်းတွေလည်းမနေရပါဘူး။ သူငယ်ချင်းတွေဆီကလည်း ကြံရဖန်ရပါတယ်။ ခွေဟောင်းပေးပြီး ကိုယ်နားထောင်ချင်တဲ့သီချင်းခွေကို၊ အဆိုတော်ကို ကူးခပေးပြီး ကူးရပါတယ်။ မူရင်းကာဗာကတ်လေးရတဲ့အခါရှိသလို မရရင် ခွေကူးဆိုင်က လက်ရေးနဲ့ရေးပေးပါတယ်။ ဒီလိုနဲ့ နှင်းဆီဖြူရဲ့အဝေးကလူတယောက်၊ ပြည်မှာဆောင်း၊ ကစားမလားနားမလား၊ နဒီမင်္ဂလာ၊ အိပ်မက်၊ စသဖြင့်။

၃။

ရေတွင်းလေးတခုကိုတွေ့တော့ တွင်းထဲကိုငုံ့ပြီး နှင်းရေလို့ အော်ခဲ့တယ်ဆိုတော့ ကျနော်ရူးသွားရပါတယ်။ စိုးပိုင်လို ရေအိုးထဲငုံ့ပြီး သီတာ သီတာ၊ သီတာနေပါဦး၊ သီတာကိုသိပ်ချစ်တယ်လို့ ကျနော်တို့အသံကုန်လိုက်အော်နေတုန်းမှာ ခင်ဝမ်းရဲ့နှင်းကို အထိတ်တလန့်သိခဲ့တာပါ။ နှင်းရေလို့ တည်ငြိမ်အက်ကွဲတိုးသက်စွာနဲ့ အော်ဖြစ်ပါတယ်။

၄။

ကျနော်ဟာ တလောကလုံးမှာ ခရမ်းနုရောင်လေးတွေနဲ့ တခါမှမရောက်ဖူးသေးတဲ့ ပြည်မြို့ကို ရောက်ဖူးချင်ခဲ့ပါတယ်။ မိုနေးရဲ့ဆန်းသစ်ပန်းချီ ကောင်းကင်သစ်ကို သတိရမိသလို ပြည်မှာဆောင်းကို မြင်ယောင်ကြည့်နေခဲ့ပါတယ်။ ကိုဆွေ၊မောင်ချောနွယ်၊သုခမိန်လှိုင်၊ခင်ဝမ်းတို့နဲ့ လွမ်းမောဖွယ် ပြည်မြို့ရယ်လို့ သိလာတဲ့အခါ ငါ တနေ့အရောက်သွားမယ့်မြို့၂မြို့ကို ပျဥ်းမနားနဲ့ ပြည် အဖြစ် ဆုံးဖြတ်မိပါတယ်။

၅။

ပြည်မှာဆောင်းရဲ့ ခရမ်းနုရောင်နှင်း၊ အပြာရောင်မိုးဖွဲလေးအောက်မှာ အဝါရောင်ပန်းများပွင့်လို့နေသတဲ့၊ သူက၊ အရောင်တွေ၊ အရောင်တွေ၊ သီချင်းနဲ့ပန်းချီရေးလို့။ တောင်ပေါ်သူလေးရေ၊ ဆရာမလေးရေ၊ သက်ထား၊ မြစ်၊ လွမ်းတယ်၊ ခုနှစ်ပြည်ထောင်၊မုန်တိုင်းဇင်ယော်၊ ဆယ်လမွန်ငါးတို့အပြန်၊ အချစ်ကိုရင်း၍၊ မျှော်တလင့်လင့်၊ မမချစ်၊
မကြေငြာတဲ့သိမ်းဖျက်ခြင်း၊ ဧရာဝတီ၊ မချိုသောချို၊ ကောလိပ်နေ့ရက်များ၊ ညကောင်းကင်ရဲ့တေးသမား၊ဒီဇင်ဘာ၊ နင့်ကိုငါချစ်နေတုန်းပဲမိနီ၊ မြားဘုရင်၊ အမေ၊ မိဘမေတ္တာမြင်းလှည်းလေး၊ လွတ်လပ်ရေးကဖီးကိုသွားကြရအောင်၊ ''မကြည်လင်နေတဲ့နှလုံးသားလေးကို ဆေးကြောခွင့်ပြုပါ အချိန်မတိုင်ခင်မုန်းမေ့ဖို့ကမလွယ်ကူလွန်းလှတော့ ''ဂစ်တာနဲ့ အမ်ပလပ် တညိတ့်ညိတ့်၊၊ အိုမောင်ဒီ ခင်ဗျားနဲ့ ကျနော်၊ ကိုနေဝင်းရဲ့ လွမ်းရတဲ့ညတွေလွန်ပါစေ၊ အမှောင်ကိုထွန်းညှိမယ့် မီးအိမ်၊ အစောဆုံးပြန်ခဲ့၊ မင်း ပြန်ခဲ့၊ ခွဲခွာခြင်းကိုနှစ်သိမ့်တဲ့အပြုံး၊ ကျနော် ကြိုက်ရ စွဲရတာပါပဲ။

၆။

 ကဗျာဆရာပေါက်စတယောက်အဖို့ ကဗျာဆရာလုပ်ချင်ရင် ရန်ကုန်ဆင်းရတယ်ကွလို့ လောဂျစ်ကိုစွဲနေချိန်ဖြစ်တယ်။ မဂ္ဂဇင်းတိုက်တွေလှည့်သွားတယ်။လေထန်ကုန်းသွားတယ်။ ကဗျာဆရာ၊စာရေးဆရာတွေ၊ပန်းချီဆရာတွေအစုံတွေ့ရ၊သိရ၊ ရင်းနှီးရတယ်။ ပြီးရင် တယောက်ယောက်နဲ့တဆိုင်ဆိုင်ရောက်ပြီး မူးမှောက်၊ တယောက်ယောက်ဆီ ဒရွတ်တိုက် လိုက်အိပ်တဲ့နေ့တွေချည်းပါပဲ။ ရန်ကုန်နေ့များ။ နောက်တော့ မောင်ချောနွယ်ကိုသိခဲ့ပြီ၊ အောင်ချိမ့်ကိုသိခဲ့ပြီ၊ ခင်ဝမ်းကိုတွေ့ခဲ့ပြီ၊ ကိုဆွေကို ထိခဲ့ပြီ၊ စသဖြင့် ရောက်စက ကျဥ်းတဲ့ရန်ကုန်ဟာ တခေါက်ထက်တခေါက် ကျယ်လာခဲ့ပါတယ်။ 
Image- Crd


၇။

မန္တလေးမှာ မဇ္စျိမလှိုင်းက ရှိုးပွဲကျင်းပတယ်။ ကဗျာဆရာကိုထက်တည်မြင့်တို့ သူငယ်ချင်း စိုးနိုင် (နမ်းရှိုက်ခွင့်) လည်းပါတယ်။ ခင်မောင်တိုး၊ စိုးစိုး၊ မီမီဝင်းဖေ၊ ကိုနိုင်မင်း၊ ကိုရဲလွင်၊ ကိုနေဝင်း၊ သားထွေး၊ ကိုမောင်မောင်၊ ကိုခင်ဝမ်း စသဖြင့်။ ခြေထောက်တဖက်ဆာနေတဲ့ လူတယောက်ကို အမျိုးသမီးလေးတယောက်က တွဲလာတယ်။ သမီးဖြစ်သူနဲ့ ကိုခင်ဝမ်းပေါ့။ နဒီမင်္ဂလာ၊ မြားဘုရင်၊ ပြည်မှာဆောင်း၊ နှုတ်ဆက်ခဲ့ပါတယ်။ ကဗျာဆရာထက်တည်မြင့်တို့က သူငယ်ချင်းတအုပ်လိုက်ကြီး၊ ကျနော်က အရပ်ထဲက မိတ်ဆွေ ကိုကျော်စိုးလွင်နဲ့၊ ကျုံးထဲ နန်းမြို့ရိုးဘေးမှာ ညဟာ ဂီတသံတွေလွင်နေတယ်။၉၈လား၊ မမှတ်မိတော့။ ဝေါရှိပုံဟာ ပန်းချီ ကိုမြိုးရေးတဲ့ ပုံတူစကက်ချ်တွေနဲ့ သတိရနေမိတယ်။

၈။

ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း လူငယ်အများစုကြီးဟာ မတ်ဝါဒကို ပိုပြီးအသည်း အသန်စိတ်ဝင်စားကြတယ်။ဖက်ဆစ်ကိုတိုက်ခိုက် အောင်လံထူခဲ့တာလည်းပါတယ်။ နောင်တွင်စစ်အေးခေတ်ကြီးရဲ့သားကောင်အဖြစ် ကမ္ဘာကြီးဟာ ချာလပတ်ဖြစ်ရပြန်တယ်။ ၇၀ ခုနှစ်များ မတ်ဝါဒနဲ့ မော်ဒန်ဝါဒကို လေ့လာစိတ်ဝင်စားကြသူတွေထဲမှာ ခင်ဝမ်းလည်းပါတယ်။ အနုပညာနဲ့ ရသပညာများ၊ ဒဿနဗေဒကိုလိုက်စားသူအနေနဲ့ ကမ္ဘာ့အတွေးအခေါ်များထဲကမှ ဗမာပြည်မှာကျေးဇူးရှိ စူးနစ်တဲ့ မတ်ဝါဒကို စိတ်ဝင်စားတာဟာ ဆန်းတယ်တော့မဆိုသာပါဘူး။ သူ့စိတ္တဇပန်းချီစာအုပ်မှာ သူ့လေ့လာမှုပညာသက်ကို တစုံတရာ နားလည်ခဲ့ကြပါတယ်။ ကားလ်မတ်နဲ့ ချေဂွေဗားရား ပုံတူပန်းချီကားကြီးများဟာ အစောပိုင်း ခင်ဝမ်းအဖြစ် နားလည်စရာဖြစ်ပါတယ်. ပြည်သူ့ကြယ်ဂျာနယ်၊ ရှု့ဒေါင့်၊ ရွှေတူ၊ အိုးဝေ ၊မိုးဝေ စာအုပ်များပါ သူ့သရုပ်ဖော်လက်ရာများဟာ နှစ်လိုဖွယ်ဖြစ်ပါတယ်။ ကျနော် ချစ်မိပါတယ်။

၉။

သီချင်းတွေကို မိမိလိုသလိုခံစားကြတာ၊ကောက်ယူကြတာဟာ သဘာဝကျတဲ့ကိစ္စလို့ယူဆပါတယ်။ကိုမောင်မောင်ရဲ့ ကြိုးကြာသံကို ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်ဒေသကို ရည်စူးပြီးခံစားကြတာရှိခဲ့သလို ကိုခင်ဝမ်းရဲ့အမေ သီချင်းကိုလည်း မိခင်ပါတီအဖြစ် ခေါ်ကြတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ခံစားပြီး နှစ်သက်ကြတာရှိပါတယ်။လက်ဝဲမိတ်ဆွေ၊ရဲဘော်များစွာ သီဆိုရင်ဖွင့်ကြတာကိုလည်း မှတ်သားခဲ့ဖူးပါတယ်။''အမေ ကျနော်တို့မှာ ညီအစ်ကိုများစွာရှိတယ်''၊''အမေနိမ့်ကျနေချိန်မှာ ကျနော်တို့စိတ်မပျက်ပါ''။ ထိုထိုကာလများ။

၁၀။

အနုပညာနဲ့ပတ်သက်ပြီး စိတ္တဇပန်းချီထဲ အနုပညာရဲ့အနုပညာ အခန်းမှာ ကိုခင်ဝမ်းက၊
"ပန်းချီကားတချပ်ရဲ့ နောက်ဆုံးအင်္ဂါကတော့ အနုပညာပါပဲ။ ဒါဟာ သင်ကြားလို့ မရနိုင်တဲ့ စွမ်းရည်ပါ။ လူတယောက်ရဲ့ လက်ရေးလိုပဲ။ ဒါဟာ ကိုယ်ပိုင် ဖြစ်တယ်။ အနုပညာဟာ ပန်းချီသမားတယောက်ရဲ့ပုဂ္ဂလိက ဈာန်သဘောမျိုးပဲ ဖြစ်တယ်။ ပန်းချီသမားတယောက်ရဲ့မွတ်သိပ်မှုကနေပြီး ပေါက်ကွဲလာတဲ့ စိတ္တဇသဘောပဲ ဖြစ်တယ်။
        ပန်းချီသမားတယောက်ဟာ ဘယ်လိုပန်းချီမျိုးကို ဆွဲမလဲ။ ကဗျာသမားတယောက်ဟာ ဘယ်လို ကဗျာမျိုးကို ရေးစပ်မလဲဆိုတဲ့ ပြဿနာဟာ အနုပညာ ပြဿနာပဲ ဖြစ်တယ်။'' လို့ဆိုတယ်။ ဒီစာအုပ်ဖတ်ရတော့ ကျနော်ဟာ ၈ တန်းကျောင်းသားပဲရှိပါသေးတယ်။ အင်မတန်သဘောကျရပြီး စိတ္တဇပန်းချီကြောင့်ပဲ ပီကာဆိုတွေ၊ဒါလီတွေ။

သီချင်းဘက်မှာဆို ကိုမြကြီး၊ မောင်မောင်ညွန့်၊ ကိုသန်းလှိုင်၊ တွံတေးသိန်းတန်တို့ ဆိုဟန်ဆိုပေါက်နဲ့ ဂီတပညာကို ပိုင်းခြားပြတယ်။ပန်းချီဘက်မှာလည်း ပေါ်ဦးသက်၊စန်းမြင့်စသူတို့ရဲ့ဟန်ကို ဆစ်ပိုင်းပြတယ်။

ကဗျာဘက်မှာလည်း ဒဂုန်တာရာ၊ တင်မိုးကို လေ့လာတင်ပြ ဆစ်ပိုင်းပြတယ်။ ကိုခင်ဝမ်းရဲ့ ဝမ်းစာပြည့်မှု၊လေ့ လာမှုအားကောင်းတာကို စိတ္တဇပန်းချီတအုပ်ထဲနဲ့တင် မှတ်ကျောက်ဖြစ်ရပါတယ်။ လေးစားခဲ့ရပါတယ်။ ကိုခင်ဝမ်းရဲ့ အနုပညာသိမှုနဲ့ လေ့လာမှုအားနဲ့ ပါရမီဟာ သူထားခဲ့တဲ့အနုပညာပစ္စည်းများ၊ အတင်အပြများကို ကြည့်တာနဲ့တင် ပညာရှင်များအဖို့ အငြင်း ပွားဖွယ်မရှိပါဘူး။ ဝိဇ္ဇာကြီးလို့ သူ့မိတ်ဆွေများပေးတဲ့နာမဟာ မပိုတဲ့အပြင် လိုနေဦးမယ်ပင် တွေးစရာဖြစ်ရပါတယ်။ စံကြည်ကျော့ ကလောင်နဲ့လည်း ဘာသာပြန်ခဲ့တာရှိသလို၊ စကားပြေများရေးပါတယ်။ ကဗျာနဲ့ပတ်သက်ပြီး ကိုခင်ဝမ်း အမြင်၊အပြောကိုတော့ တခုတ်တရကိုးကားဖော် ပြလိုပါတယ်။
"ကဗျာဆိုရင်လည်း ဒဂုန်တာရာရဲ့ဟန်က တင်မိုးရဲ့ ဟန်နဲ့ မတူဘူး။ ကာရန်ယူပုံတွေလည်း ကွဲတယ်။ တင်ပြပုံတွေလည်း ကွဲတယ်။ တင်မိုးဟာ စာဖတ်သူတွေကို ပုံပြင်လေးတွေ ပြောပြဟန်နဲ့ တင်ပြတယ်။ ဒဂုန်တာရာက (ပန်းချီဘက်မှာ ကျွမ်းကျင်သူမို့လား မသိ) စာဖတ်သူကို ခေါ်ခေါ်ပြီး ရှုခင်းတွေ၊ မြင်ကွင်းတွေ၊ အရောင်တွေ ပြတတ်တယ်။
   တင်မိုးရဲ့ သူရဲကောင်းကြီး” ကဗျာထဲက နှစ်ပိုဒ်ကို တင်ပြလိုက်ပါတယ်။

"ရွာထဲက ခွေးတွေကလည်း တဟောင်ဟောင်
ရန်သူရှာ မျက်လုံးနဲ့ အဆုံးမဲ့ ညဥ့်မှောင်မှောင်။
ကင်းစောင့်တဲကလေးက မလှုပ်မယှက်
ရွာစည်းရိုးဆီသို့ ကျွန်တော်တွားလျက်။''
(တင်မိုး၊ လှေတစ်စင်းနဲ့ သီချင်းသည်၊ ၁၃၂၊ ကမ္ဘာ့ခေတ်စာပေ)

ဒီကဗျာ နှစ်ပိုဒ်ကို ဖတ်ကြည့်ရင် ကဗျာသမားဟာ စာဖတ်သူတွေကို ဇာတ်ကြောင်းတစ်ခု ပြောပြဖို့ ဇာတ်အိမ်ဖွဲ့နေတယ်။ စာဖတ်သူတွေကို ပြောပြနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီလို ဖန်တီးတတ်တာဟာ တင်မိုးရဲ့ဟန်၊ တင်မိုးရဲ့ အနုပညာပါပဲ။ဒဂုန်တာရာကတော့ တစ်မျိုး တင်ပြပါတယ်။သူ့ရဲ့ “တောပိတောက်” ကဗျာထဲက တပုဒ်မှာ-

"အို... ကြည့်စမ်းပါ့
နှစ်ဆန်းတစ်ကြိမ်၊ သစ်သည့်ချိန်တိုင်း
ဤတိမ်အောက်မှ၊ ပြာဖြူလွထက်
စိမ်းမြသစ်ကိုင်း၊ ဝါရောင်ဆိုင်း၍
ရွှေလှိုင်း လွှမ်းမိုး ပြည့်လျှံ၏။''
(ဒဂုန်တာရာ၏ ဒဂုန်တာရာနှင့် သူ၏ကဗျာ၊ ၄၆၁၊ ပုဂံစာအုပ်)

"ဒီလို ရေးထားတယ်။ သူဟာ စာဖတ်သူကို ကြည့်လိုက်စမ်းပါလို့ခေါ်ပြီး ပြတယ်။ ရှုခင်းကိုလည်း ပန်းချီဆွဲပြတယ်။ ဒီလို စာဖတ်သူကိုခေါ်ပြီး ပြတတ်တဲ့ ဟန်ဟာ ဒဂုန်တာရာရဲ့ ဟန်ပါပဲ။ သူ့ ရဲ့ ဝတ္ထုတွေမှာ ဖြစ်ဖြစ် ဒီအတိုင်း တွေ့ရတယ်။''
      "ဒီလို အကြောင်းအရာနဲ့ တင်ပြပုံဟန် ခြားနားတာဟာ တစ်ယောက်စီရဲ့ ကိုယ်ပိုင်အနုပညာဖော်ထုတ်မှုကြောင့်ပဲ။ အနုပညာဟာလည်း တစ်ယောက်စီရဲ့ တစ်သက်လုံး ဘဝရိုက်ခတ်မှု၊ လေ့လာမှုတွေ အရိပ်ပါပဲ။သူတို့ တင်ပြတာဟာ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ခရီးရဲ့ အရိပ်တွေပါပဲ။လူတစ်ယောက်စီ ဘဝဟာ ဘယ်တော့မှ ထပ်တူမညီနိုင်လို့ သူတို့ရဲ့ အနုပညာတွေဟာလည်း တူညီလို့ မရပါဘူး။''


၁၁။

၁၉၉၇၊ ရွက်နုဝေထဲက နှစ်ယောက်ကဗျာလေးဖတ်ရတော့ သီချင်း၊ ပန်းချီ၊ ကဗျာ သူ့ပါရမီနဲ့အနုပညာကိုပိုမိုဦးညွှတ်မိခဲ့တယ်။ ကဗျာလည်း ကဗျာဆရာ ခင်ဝမ်း ။သူ့ကဗျာလေးတွေက ထိုကာလများ အများရေးတာနဲ့မတူဘဲ ထူးခြားပါတယ်။ ရိုးရှင်းပြီးဆန်းနေတာမျိုး ခံစားရပါတယ်။မဟာဂန္ဓာရီ၊ကျောင်းဖွင့်ချိန် စသဖြင့်။

နှစ်ယောက်
____________________________

မနက်စောစောလမ်းလျှောက်ခြင်းကို
သင်ယုံကြည်သလားလို့
ပြတင်းပေါက်ကမေးလိုက်တယ်
တွေဝေစိတ်နဲ့ လှည့်ကြည့်လိုက်တော့
ကြည်လင်တဲ့ မှန် ၆ချပ်ကိုဖြတ်ပြီး
တိမ်ညိုတွေဟာ
ချိန်းထားသူရှိနေသလို သွားနေတာကို
တွေ့လိုက်ရတယ် ။
သင်ဟာ 
အကြင်နာကို တောင့်တနေသလားလို့
ခေါင်မိုးက မေးလိုက်တယ်
စိတ်က ခေါင်မိုးဆီရောက်သွားတော့ ခေါင်မိုးပေါ်
မိုးတဖျောက်ဖျောက်ကျနေသံ ကြားလိုက်ရတယ် ။
တကယ်တော့ ကျွန်တော်ဟာ
အိပ်ရာတခုပေါ် အိပ်နေတာမဟုတ်ဘဲ
ရုံးခန်းတခုရဲ့ စားပွဲပေါ်မှာ အိပ်နေတာပါ ။         ။

၁၂။

ကျနော် မန္တလေးနိုင်ငံခြားဘာသာသင်တက္ကသိုလ်မှာ ဂျပန်စာလေ့လာဖြစ်တော့ ကိုခင်ဝမ်းအကြောင်းပါ ဆက်စပ်မိခဲ့ပါတယ်။ကွယ်လွန်သူ သူငယ်ချင်း ကိုမော်မင်းသန်းကျေးဇူးနဲ့ ကိုခင်ဝမ်းကို ပိုသိခဲ့ရတာတွေရှိပါတယ်။ ဂျပန်က နာမည်ကြီးအဆိုတော် နာငဘုချိရဲ့ ခန်ပိုင်သီချင်းနဲ့လည်းပတ်သက်ပါတယ်။ ကိုခင်ဝမ်းရဲ့ဂျပန်အမည်က 'ယောရှိအိုကာ-ဆချိအော'ပါ။ ကိုခင်ဝမ်းက ဂျပန်ကနေ ဘာသာပြန်ပြီးဆိုသလို၊ ကော်ပီသံစဥ်ထဲ စာသာသစ်ထည့်ပြီး'ထပ်တူ' ရယ်လို့ ဆိုပါတယ်။ခွေမထွက်ခဲ့ပါဘူး။ ကော်ပီအတွက် ဂျပန်ကိုလည်း လှမ်းခွင့်တောင်းတာကိုဖတ်ရပေမယ့် လုပ်ဖြစ်ခဲ့ဟန်မတူပါဘူး။ဒီသီချင်းလေးနဲ့ပတ်သက်ပြီး ကိုခင်ဝမ်းစိတ်ဓာတ်ကိုလေးစားလို့ ဆောင်းပါးရေးဖြစ်ပါတယ်။''နာငဘုချိ၊ ခမ်ပိုင်နှင့်ခင်ဝမ်း စိတ်ဓါတ်''ဖြစ်ပါတယ်။ကဗျာဆရာမောင်တင်သစ်ကိုင်တဲ့ ပန်သစ္စာဂျာနယ်မှာဖော်ပြခဲ့ပြီး နောင်မှာ ၂၀၁၃ ဖေဖော်ဝါရီ၊စိတ်ကူးချိုချို၊ ခင်ဝမ်း အမှတ်တရစာအုပ်မှာ ဖော်ပြခဲ့ပါတယ်။

ခမ်းပိုင်(Kanpai)

ခိုင်မြဲတဲ့သံယောဇဉ်အနှောင် အဖွဲ့၊ ပြန်လှည့်လို့သတိရမိတယ်။ ပြန်ပြောမကုန်နိုင်တဲ့ လူငယ်ဘဝရဲ့နေ့တွေ တခါတခါတော့ ရင်နာမိ တခါတခါတော့လည်း ကြည်နူးမိ။ ပခုံးပုတ်ခင်မင်လာတဲ့၊ ဟိုတုန်းကနေ့တွေ အဲဒီအချိန်က စ၊ နှစ်ကာလဘယ်လောက်ကြာခဲ့ပြီလဲ။ ကုန်ဆုံးသွားတဲ့ ဆည်းဆာများစွာ၊ မွေးရပ်မြေက သူငယ်ချင်း၊ ခုထက်ထိ မင်းရင်တွင်းမှာ ရှိနေဆဲလား၊ ဂုဏ်ယူပါတယ်။ ကြည်လင်နေရာ ဒီမြေမှာ ဖြူစင်ခြင်း၊ ဖြောင့်မှန်ခြင်းဟာ တည်ကြည်ရည်မွန်စေတယ်။ ကိုယ်ပိုင်စွမ်းအားရှိတဲ့အကြောင်း ပြန်ယောင်အခါခါမှာ ဆိုသံ၊ ချစ်ခြင်းဝေနေရာ၊ တစ်နေရာမခြားသလိုပဲ ရှိကြတာပဲ။ နေပျော်သာယာစေတယ်။ကိုယ်လိုရာ ကိုယ်ရှာဖွေရမြဲ။ ဒါဟာ လောကတရားပါ။ ဒီအချိန်မှာ ပြန်လည်ဆင်ခြင် လူတွေရင်းခဲ့တာပဲ။ အမှောင်ထဲမှာ အလင်းရဲ့ တန်ဖိုး ပိုသိတာမျိုးအသိပေးသလို ကိုယ် တွေ့ကြုံခဲ့ အဖြေမှန်ဟာ မြင်သာအောင်၊ ထင်လာအောင်...။
ခင်ဝမ်း
(ဂျပန်ဘာသာမှတိုက်ရိုက်ဘာသာပြန်)
ထပ်တူ 

💜ကိုယ့်ယုံကြည် ကိုယ်ရည်ရွယ်ရာ ကိုယ်တိုင်လှမ်းကြရစမြဲပါ။ ဒါဟာ လူ့ဘ၀ခရီးတစ် လျှောက် ရှင်သန်ခြင်းအတွက် အသိတရားခက်ခဲတာ တွေ ကြုံတွေ့ခဲ့မြတ်နိုးစရာ ကြုံတွေ့စေခဲ့။ ရှေ့ရေးကို ပြတ်သားစေခဲ့တဲ့ ဒီလမ်းခရီး..
💜ဘယ်လိုအခြေအနေ ကြုံလာပါစေ၊ ရည်ရွယ်ရင်းတော့ မပြယ်တမ်း၊ ငယ်ရွယ်စဉ်ချိန်က ညီညာလက်တွဲခဲ့တဲ့စိတ်ထား၊ မုန်တိုင်းတွေဆင်နေချိန်မှာရွာသွန်းလာမိုး အတူဖြတ်ကျော်၊ ဒီအကြောင်းတွေ မင်းရဲ့ စိတ်ထဲအစဉ်ထင်စေသား...
💜ဂုဏ်ယူ မင်းရဲ့ ခရီးပန်းတိုင် ဦးတည်ရာဟာလေ၊ တကယ်ဆို အခွင့်ကောင်းတစ်ခုပါလေ၊ အရယူ၊ဒီအချိန်ဆိုရင်လေ၊ မင်းတစ်ယောက်တော့ ပြုံးနေမယ် ၊ မြင်ယောင်တယ်။ မင်းပျော်နေမယ်...မင်းပုံလွှာချမ်းမြေ့ ဂုဏ်ယူ ထပ်တူ။
(စာသား-ခင်ဝမ်း၊ သံစဉ် နာငဘုချိ)

၁၃။

ဖေဖော်ဝါရီ ၃၊ ကိုခင်ဝမ်း ကွယ်လွန်တာ ၂၂ နှစ်ရှိပေမယ့် သူ့အနုပညာနဲ့ သူ့အနုပညာကျေးဇူးကို ကြာလေ တန်ဖိုးထားစရာဖြစ်လေ ခံစားရပါတယ်။ကြည်ညိုမိပါတယ်။

၁၄။

"သာယာတဲ့ လေညင်း လေဟုန် စီးကာ
အေးချမ်းမျှတတဲ့ ဘဝကံကြမ္မာနဲ့
တည်ငြိမ်တဲ့ အသိတရားတည်ဆောက်ကာ
မျှော်လင့်ချက် အနာဂတ်တစ်နေရာ
နှစ်သစ်ကူးပွဲတော်ဆီ မင်းသွားနှင့်ပြီပေါ့။
ငါ ကြေကွဲမှု အရောင်ကို မြင်လိုက်ရပြီ
တိမ်တိုက်တွေရဲ့ အနောက်ဘက်ဟိုအဝေးမှာ
ကြေကွဲမှုအရောင်ကို ငါမြင်နေခဲ့ရပြီ ။
လက်တံတစ်ခုထဲ နာရီဟာ
ငါဖြစ်ကျန်ရစ်ပါပေါ့လား
မင့် တေးသီချင်းနဲ့
မြစ်မင်းဧရာစီးဆင်းနေမြဲပါ ။ ''
(မောင်ချောနွယ်ရဲ့ 'ခင်ဝမ်း'ကဗျာမှ)
Image- Crd


၁၅။

"သူမပျော်ဘူးဆိုတာ
ငါသိခဲ့ပါရဲ့။
ငွေစရွှင်တဲ့ ပန်းချီဆရာအဖြစ်နဲ့တောင်
မပျော်ရွှင်ခဲ့ဘူးလား
ငါသိခဲ့ပါရဲ့။
"အဖေ့သွား ရေထဲမှာအိပ်တယ်"
ငါသိခဲ့ပါရဲ့။
"ပြည်မှာဆောင်း" "ကောလိပ်နေ့များ"
ငါသိခဲ့ပါရဲ့။
"မောင်ဒီရဲ့ သူငယ်ချင်း"
ငါသိခဲ့ပါရဲ့။
ငါမပျော်ရွှင်ခဲ့ပုံ
သူရိပ်မိခဲ့သလို
သူမပျော်ရွှင်ခဲ့တာ
ငါသိခဲ့ပါရဲ့။
ငါတို့ဟာ မတိုင်ပင်ပဲ အတူတူ
ကိုယ့်ထောင့်မှကိုယ်
မနေနိုင် မထိုင်နိုင် ရှာတွေ့ခဲ့ကြ
ကျွမ်းပြန်ခဲ့ကြ''
(အောင်ချိမ့်ရဲ့ 'ခင်ဝမ်းအတွက်ကဗျာ'မှ)

၁၆။

အရာရာကို စွန့်လွှတ်ထားခဲ့ပြီ
တချိုးတကွေ့တွေ့ကြရင်း
ခွဲခွာဖို့ ရင်နာဖို့
ကြုံခဲ့ပြီ။
နှုတ်ဆက်ခဲ့ပါတယ်
နှုတ်ဆက်ခဲ့ပါတယ်
ကျနော်သွားတော့မယ်
လမ်းရဲ့သယ်ဆောင်ရာ ဟို အဝေးဆီ
အဝေးဆီ
နှုတ်ဆက်ခဲ့ကြပေါ့။

စံ ညိမ်း ဦး
၃ ဖေဖော်ဝါရီ ၂၀၂၂
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar