Breaking News

စံ ညိမ်း ဦး - ကျနော်မှတ်မိတဲ့ အမေ လူထုဒေါ်အမာ

ကျနော်မှတ်မိတဲ့ အမေ
လူထုဒေါ်အမာ
စံ ညိမ်း ဦး
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၂

၁။

ကျနော်နေတာက မန္တလေး မေဃဂီရိရပ်၊ အမတော်ဝင်းမှာဖြစ်တယ်။ ဝင်းထဲမှာဘုရား ၅ ဆူ ဓမ္မရုံရှိတယ်။ သီပေါမင်းအစ်မတော်တပါးရဲ့ ဂူဗိမ္မာန်တော်က ဓမ္မာရုံနားမှာ ရှိတယ်။
ငယ်ငယ်က ဝင်းထဲဓမ္မာရုံဘက်သွားဆော့ရင် သိပ်ကြောက်တာ၊ အုတ်ဂူဆိုတော့။ ခြုံတွေလည်းရှိတယ်။ ဂူက ကနုတ်တွေဘာတွေ၊ အတွန့်အတက်တွေနဲ့ပေါ့။ ကလေးဆိုတော့ တစ္ဆေသရဲကြောက်တယ်။
ကျနော်တို့ အမတော်ဝင်းထဲမှာက ရွှေပြည်ဦးဘတင်တို့နေသွားတဲ့အိမ်ရှိခဲ့တယ်။ နန်းတွင်းမင်းမှုထမ်းမျိုးရိုးဖြစ်တယ်။ ရွှေပြည်ဦးဘတင်ဆိုတာ၊စွယ်စုံအနုပညာရှင်ကြီး ဆရာဦးဝင်းဖေရဲ့ဖခင်လည်း ဖြစ်တယ်။ အဆို တော်မီမီဝင်းဖေရဲ့ အဘိုးလည်းဖြစ်တယ်။
ရွှေပြည်ဦးဘတင်အဘိုးက “မင်းကြီးမင်းလှ မင်းခေါင်ကျော်” ဆိုတဲ့ ဘွဲ့ရ၊ နတ်ရှင်ရွေးတပ်က သေနတ်ဗိုလ်၊ ရတနာပုံ၊မန္တလေးတည်တော့ပါတယ်။
နတ်ရှင်ရွေးတပ်ဆိုတာ အလောင်းဘုရား ဦးအောင်ဇေယျ စဖွဲ့ခဲ့တဲ့တပ်လို့လည်း ဆိုတယ်။ အဲဒီ မင်းကြီး မဟာမင်းလှ မင်းခေါင်ကျော်ရဲ့ သားက ဦးငွေပုလို့လည်းခေါ်တဲ့ ဦးငွေဗူး၊ လွှတ်တော်ရုံး စာရေးကြီးတဲ့။ နေသွားကြတယ်။
အမေလူထုဒေါ်အမာ ရွှေပြည်ဦးဘတင်အကြောင်းရေးတာထဲတွေ့မှ အခုလို ကိုယ်နေတဲ့အရပ်ကိုယ် ဂုဏ်ယူမိတယ်။ အမေသာမပြောရင်၊ မရေးရင် ကျနော်လည်း သိမယ်မဟုတ်ပါဘူး။
ပြီးတော့ နန်းတွင်းအနု ပညာရှင်တွေဖြစ်တဲ့ စောင်းဆရာကြီး ဣန္ဒာဒေဝ မောင်မောင်ကြီးက တောင်ဘက် မျက်နှာပြု မြောက်ဘက်တန်းမှာနေတယ်။ အနောက်ဖက်တန်းမှာကျ အဆိုတော် ဆရာမှန်းနေခဲ့တယ်။
မန္တလေးတက္ကသိုလ်မှာ မန်းတက္ကသိုလ်ကလောင် ရှင်အသင်းဆိုတာထင် ရှားခဲ့ပြီး တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင်၊ မောင်မိုးသူ၊ မောင်သာနိုး၊တက္ကသိုလ်မောင်စောလွင်(ကိုတောလူ)၊ ဂုဏ်ထူးဦးသိန်းနိုင် ..စသဖြင့် ရှိခဲ့တယ်။ ကဗျာစာအုပ်တွေထုတ်ကြတယ်။ သူတို့သူငယ်ချင်း မြင်းခြံတောင်သာသားကိုညိုကြီးက ဆရာမင်းသုဝဏ်ကိုကြည်ညိုလို့မှည့်တဲ့ ''သပြေပုံနှိပ်တိုက် ''က ကျနော်တို့ရပ်ကွက်ထဲက ဖြစ်တယ်။ (ကြံဖန်ပြီး ဂုဏ်ယူမိပါတယ်။)
သပြေစာအုပ်တိုက်ရဲ့ပွဲဦးထွက် ကဗျာစာအုပ်၊ မောင်စွမ်းရည်ရဲ့ ''အနီနဲ့ အပြာ'' ၁၉၆၄ ကအမျိုးသား စာပေဆုရတယ်။ မန္တလေးဥပစာကောလိပ်မှာဆရာလည်းလုပ်ခဲ့တဲ့ ဆရာဇော်ဂျီရဲ့ ''ရသစာပေအဖွင့် '' (၁၉၆၃၊ ဖေဖော်ဝါ ရီ) ပေါ့။ ပြီးတော့ ''ရသစာပေနိဒါန်း''။ ဒါတွေလည်း ထုတ်ခဲ့တယ်။
ထုတ်ဝေသူ (ထုတ်ဝေသူ၀၀၃၃)၊ ဦးညိုကြီး၊ သပြေပုံနှိပ်တိုက်၊ ၁၃၃၊ အမတော်ဝင်း၊ မန္တလေး တဲ့။ ၈၂ လမ်း၊ ၁၈ နဲ့ ၁၉ ကြား ၊ ကျနော်တို့အနောက်ဘက်တန်း ကျပါတယ်။ အဲ့ဒီမှာ ကျနော်ငယ်ငယ်ကတော့ ပုံနှိပ်စက်ဘာညာရှိမရှိမသိတော့ပေမယ့် ဆရာကြီးဦးတင်မိုး မိသားစုနေပါတယ်။

(မန္တလေးမှာပြည်သူပိုင်သိမ်းပြီးနောက် အလွတ်ပညာသင်ကျောင်းတွေပေါ်ပါတယ်။''နေပြည်တော်'' အ လွတ်သင်ကျောင်းဆိုတာရှိခဲ့ဖူးပြီး ဆရာ မောင်စွမ်းရည်နဲ့ ဆရာတင်မိုးတို့ ဆရာလုပ်တယ်။ ကျနော့်ဖခင်က ဆရာတင်မိုး၊ဆရာမောင်စွမ်းရည်တို့တပည့်ဖြစ်ခဲ့ဖူးပါတယ်။)

အဲဒီအိမ်က ရေနံချေးဝနေတဲ့ အသားအိမ်ကြီးဖြစ်ပါတယ်။ မန်းကျည်းပင်ကြီးရှိပြီး ကျနော်က မန်ကျည်းသီးသွားခူးတတ်သလို၊ ဘတ်ခွနဲ့ ရှဥ်လည်းအပျော်ပစ်ဖူးပါတယ်။ ဆရာဦးတင်မိုးရယ်ဘာရယ်မသိခဲ့ပါဘူး။ ကျနော်တို့အိမ်နဲ့ ၄ အိမ်မြောက်လောက်ကဖြစ်တယ်။

ကျနော်က အရပ်ထဲမှာ ရွယ်တူသူ ငယ်ချင်းမရှိသလောက်နည်းတယ်။တဖက်လမ်းကကျောက်တိုင် (ကဗျာ ဆရာခင်ဇော်မြင့်) နဲ့လည်း ပေါင်းနေပေမယ့် ကျနော့်ထက်ကြီးတယ်။
သူတို့နေတာက အိုးတော်လုပ်တန်းလို့ခေါ်တယ်။ သီပေါပါတော်မူပြီးနောက် ရောက်လာတဲ့နန်းတွင်းအနုပညာရှင်ကြီးတွေနေခဲ့ကြတယ်။ မဓူသဒ္ဒ ရွှေတောင်ကျော်စွာဘွဲ့ ရ အဆိုတော် ဦးလူကြီး၊ အဝေးရောက် မင်း ဦးအောင်ကြီး၊ နောက်ပြီး အိုးတော်လုပ်တန်း(အိုးတော်လုပ်တန်း ၈၃လမ်း) နဲ့၁၈ လမ်းဒေါင့်မှာက ဖန်ချက်ဝန် ဦးရွှေအိုးနေခဲ့တယ်။
( ဦးရွှေအိုးက ၁၈၆၆ မှာပြင်သစ်ကနေမြို့ပြအင်ဂျာနီယာဘွဲ့ရမြန်မာ့ပထမဆုံးအင်ဂျင်နီယာဖြစ်တယ်။ ဗမာပြည်ပြန်ရောက်တော့' 'ဩသဓ ရတနာကရ "ဖန်ချက်ပညာ ရပ်ဆိုင်ရာကျမ်းကို တင်သွင်းတယ် ။''မင်းထင်ပညာသိဒ္ဓိကျော်ခေါင်'' ဘွဲ့နဲ့ ဖန် ချက်ဝန်ရာထူးခန့်အပ်ခံရတယ်။)
အဲ့ဒီဖန်ချက်ဝန်ဦးရွှေအိုးက မိန်းမရတော့ တိုင်းတားမင်းကြီးဦးဖိုးရဲ့သမီး မခင်တုတ် (နန္ဒာဒေဝီ)နဲ့ရတယ်။ တိုင်းတားမင်းကြီး ဦးဖိုးရဲ့မြေးတော်တဲ့ ကျောက်ဆောက်သာနိုး(ခေါ်) မောင်သာနိုးက စပ်ရင် ဖန်ချက်ဝန်ဦးရွှေအိုးတို့နဲ့ပါ အမျိုးမကင်းတာကို ကျနော် သွား တွေးမိပါတယ်။)
လူထုဦးလှ၊ ဆရာကြီးသခင်ကိုတော်မှိုင်း၊ အမေလူထု(ဒေါ်)အမာ

၂။

ဆက်ရရင် အရပ်ထဲမှာ ကျနော်ပေါင်းဖြစ်တာ ကိုကျော်စိုးလွင် (ကိုစိုးကြီး) တယောက်ပဲလို့ ပြောလို့ရတယ်။ အစောကပြောတဲ့ ဆရာဦးတင်မိုးတို့နေသွားတဲ့အိမ်ရဲ့တောင်ဘက် ၃၊ ၄ အိမ်မြောက်ကပေါ့။
ကိုစိုးကြီးကမန္တလေးတက္ကသိုလ်ကပဲကျောင်းပြီးတာ၊ သူ့ယောက်ျားစီးဘီးကြီးရှေ့ ကျနော်ကထိုင်ပြီး လျှောက်သွားတတ်ကြတယ်။ ညီအစ်ကိုပေါင်းပေါင်း၊ သူငယ်ချင်းပေါင်းပေါင်းတယ်။
သူက စာသမားလည်းဖြစ်တယ်။ သူက နေ့ဘက်အလုပ်သွားပြီး ညဘက်ကျ အိမ်ရှေ့မှာ စာအုပ်ဟောင်းတွေချရောင်းတယ်။ ''မိုးသက်လေညင်း'' ဆိုတဲ့စာအုပ်ဆိုင်လေးဖွင့်ဖူးတယ်။ ကျနော်က ညဘက်ဆို သူ့ဆိုင်လေးသွားထိုင်ပြီး လေပေါတယ်။

ကျနော်က ၁၀ တန်းအောင်ပြီး တက္က သိုလ်တက်ဖို့ စောင့်နေတဲ့ကာလလည်းဖြစ်ပါတယ်။ ၉၃ အောင်ပြီး ၉၅၊ မေလလောက်မှ တက္ကသိုလ်တက်ခွင့်ရတယ်။ စာဖတ်၊ စာရေး၊ ပန်းချီဆွဲ၊တယ်။ တခါတလေ အလေလိုက်တယ်ဆိုတာမျိုးအချိန်တွေ ဖြစ်တယ်။
တရက်တော့ စကားတွေဟိုပြောဒီပြောရာကနေ အမေလူထုဒေါ်အမာအကြောင်းရောက်သွားတယ်။ အမေမာလို့သုံးတတ်ပေမယ့် ဘွားဘွားလို့လည်း ကျနော်တို့ပြောတတ်တယ်။ မန္တလေးသူမန္တလေးသားအများစုကြီးကတော့ အမေမာလို့သုံးလေ့ရှိကြတယ်။
မြို့မျက်နှာဖုံးတို့၊ မြို့မိမြို့ဖဆိုတဲ့အသုံးဟာ အခြားတော့မသိ၊ ကျနော်တို့မြို့အတွက်ကတော့  အာဏာပိုင်ကအပ်နှင်းသတ်မှတ်သည်ဖြစ်စေ၊ မအပ် နှင်း၊ မသတ်မှတ်သည်ဖြစ်စေ'' လူထုဒေါ်အမာ'' ကို မြို့မိမြို့ဖ၊ မြို့မျက် နှာဖုံး၊ မြို့ရဲ့ဂုဏ်ကျက်သရေအဖြစ် နှလုံးသည်းပွတ်က သတ်မှတ်ကြတာဖြစ်တယ်။

ပြည်သူချစ်သောအနုပညာသည်များလို့ အမေကရေးခဲ့ဖူးတယ်။ အမေကိုယ်တိုင်ကိုက ပြည်သူချစ်သောအနုပညာရှင်ဖြစ်နေတာကို ကျနော်နားလည်ခဲ့ရတယ်။

ကျနော်နဲ့ကိုစိုးကြီးက ငါတို့ အမေမာကိုသွားကန် တော့ကြရအောင်လို့တိုင်ပင်ဖြစ်ကြတယ်။ သူက ဥပုသ်နေ့ဆိုအလုပ်အားတာမို့ နောက်ရက် ချိန်းကြတယ်။
အင်း၊ အမေ့ကိုဘာနဲ့ကန်တော့ရင်ကောင်းမလဲစဥ်းစားတော့ မွှေးပွတ ဘက်ကြီးတထည်ခေါင်းထဲရောက်တယ်။

၃။

၇၊ ၂၊ ၁၉၉၅ နေ့မနက်ကျ ကိုစိုးကြီးရဲ့စက်ဘီးလေးနဲ့ထွက်ခဲ့ကြတယ်။ ကျနော်က ရှေ့ကဘောင်တန်းမှာထိုင်ပြီး ကိုစိုးကြီးကနင်းတယ်။ စျေးချိုဘက်ဝင်တယ်။ သစ်သီးတန်းမှာ သစ်သီးတွေဝယ်တယ်။
ခပ်တည်တည်နဲ့ပဲ ၈၄ လမ်းအတိုင်းနင်းပြီး လူထုတိုက်ရှေ့ရောက်တယ်။စိတ်ထဲတော့ တထိတ်ထိတ်ပါပဲ။ ဘလိုင်းကြီး ဘာအကြောင်းမှမရှိဘဲ လာတာဖြစ်သလို ရင်းလည်းမရင်းနှီး၊ အဝင်အထွက်လည်းမရှိ၊ ကျနော်တို့လည်း မသိလောက်ဘူးလေ။
ဝင်းတံခါးဆီ အရပ်မြင့်မြင့်နဲ့လူတယောက်ထွက်လာတယ်။ စာရေးဆရာကျော်ရင်မြင့်က လူထုတိုက်မှာအလုပ်လုပ်နေချိန်ထင်ပါတယ်။
နောက်ပြီး၊ ဆရာညီပုလေးအမျိုးသမီးထွက်လာတယ်။ လူထုဒေါ်အမာနဲ့တွေ့ချင်လို့ပါဆိုတော့ အပွိုင့်မင့်ယူထားလားမေးပါတယ်။ မယူထားပါဘူး။ လာကန်တော့ကြတာပါလို့ ပြောဖြစ်တယ်။ ဧည့်ခန်းဆက်တီမှာထိုင်ခိုင်းပြီး ခဏစောင့်ဖို့ပြောတယ်။ ဆက်ဆံရေးက စိမ်းဆတ်ဆတ်ကြီးလို ခံစားနေမိတယ်။
နောင်မှစဥ်းစားတော့ ထိုကာလနိုင်ငံရေးအနေအထားကိုကျနော်တို့က ထည့်မတွက်ဘဲ လူထုတိုက်ရဲ့ သံသယဆန်တဲ့ဆက်ဆံရေးကို တမျိုးမြင်မိနေတာပါလားလို့တွေးပြီး စိတ်ထဲအားနာရတယ်။
ဘယ်ကမှန်းမသိ ဘာမှန်းမသိတဲ့လူ ၂ ယောက်၊ ရုတ်တရက်ကြီးရောက်လာပြီး လူထုဒေါ်အမာနဲ့တွေ့ချင်တယ်ပြောတယ်။ ကန်တော့မလို့လည်းပြောတယ်။ (ဆရာညီပုလေးကလည်း အကျဥ်းထောင်ကမလွတ်သေးဘူးလို့ ထင်မိပါတယ်။)
ထိုနေ့က ဘာရှိတယ်မသိ၊ တဖက်ပလက်ဖောင်းမှာ လူစိမ်းတချို့လည်းရှိနေပြီး သိသိသာသာကြီး လူထုတိုက်ဘက်ကို စောင့်ကြည့်နေသလိုကြီးရှိနေပြန်ပါတယ်။
ကိုယ်ကကျ လူချင်းမသိပေမယ့် စာဖတ်ပြီး ကိုယ့်အဘွားအရင်းလိုကြီး စိတ်ထဲရှိနေတာကြာခဲ့သလို၊ ကိုယ့်အဘွားအိမ်လာသလိုကြီးလည်း စိတ်ကဖြစ်နေမိခဲ့တယ်။

ပုံနှိပ်စက်သံတဂျောင်းဂျောင်းကြားနေရတယ်။ ပုံနှိပ်မှင်နံ့တွေ တချက်တချက် ဝေ့လာတယ်။ ဧည့်ခန်းထဲကချိတ်ထားတဲ့ပုံတွေငေးနေမိတယ်။ ဦဘရင်ကလေးဆွဲတဲ့ လူထုဦးလှပန်း ချီကား၊ ဆရာပေါ်ဦးသက်လားဆွဲတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပန်း ချီကား၊ နောက် စာအုပ်အဖုံးပုံတချို့။ဧည့်ခန်းက နည်းနည်းကျဥ်းသလို ခံစားနေရပြန်ပါတယ်။
တအောင့်နေတော့ ဘုန်းကြီးတွေဆင်းလာတယ်။ ကျနော်တို့ထပြီး လက် အုပ်ချီလိုက်ကြတယ်။ တိုက်ရှေ့က လင်ရိုဗာကားပေါ် တချို့တက်သွားတယ်။ ကျနော်တို့က အားနာနေမိတယ်။ ဒီအိမ်မှာဘာရှိမှန်း၊ ဘာလုပ်မှန်း မသိပေမယ့် ဆွမ်းကျွေးဆွမ်းကပ်တခုခုလို့တော့ တွေးမိလိုက်ကြပါတယ်။ပြီးတော့ အမေဆင်းလာတယ်။ ပုဝါတဘက်လေးခြုံပြီး အမေဆင်းလာတယ်။

၄။

ကျနော်က လွန်ခဲ့တဲ့၅ နှစ် ဩဂတ်လထဲ၊ ၉၀ ခုနှစ်များဆီတုန်းက လူထုအမေမာပုံရိပ်တခုကိုလည်း ပြန်သတိရနေမိတယ်။
မန္တလေးက ကျောင်းသားတွေဦးဆောင်ပြီး ၁၉၉၀ မှာ ရှစ်လေးလုံး ၂ နှစ်ပြည့်ဆွမ်းလောင်းပွဲလုပ်ကြတယ်။ ၃၃ လမ်းနဲ့ ၈၄ လမ်းဘက်လူထုတိုက်အနီး မှာလုပ်ကြတာဖြစ်တယ်။ လမ်းဟိုဘက်ဒီဘက်မှာ ဖယောင်းတိုင်ထွန်းတယ်။
ဘုရားကြီးဘက်က မိန်းကျောင်းသားအစ်ကိုကြီးတယောက်ရဲ့အစ်ကိုက ဗေဒင်အင်းအိုင် အစီအရင်ပိုင်နိုင်တယ်။ ဆွမ်းလောင်းပွဲအခမ်းအနားချောချောမွေ့မွေ့ပြီးဖို့ စေတနာနဲ့ ဆေးဖယောင်းတိုင်စီမံပေးတယ်။ ပွဲမပြီးမချင်း ဖယောင်းတိုင်မီးကိုမငြိမ်းဖို့ညွှန်ကြားတယ်။

လူထုတိုက်ပေါက်မှာ ထွန်းထားတဲ့ဖယောင်းတိုင်ကို ပထမတော့ ဘုမသိ ဘမသိဖြစ်တယ်။ အကျိုးအကြောင်းပြောပြတော့ အမေမာက အိမ်က ကလေးမလေးကို ယပ်တောင်ယူခိုင်းတယ်။ ယပ်တောင်နဲ့ဖယောင်း တိုင်မီးကိုကာတယ်။ မီးမငြိမ်းအောင် စောင့်ရှောက်တယ်။
ထိုဆွမ်းလောင်းပွဲဟာ နိဂုံးချုပ်တော့လေးပြင်လေး ရပ်သံဃာတော်တွေပတ္တနိက္ကုဇနကံဆောင်သပိတ်ကြီးဖြစ်တဲ့အထိ အခြေအနေတွေဟာ ဖြစ်ခဲ့တယ်။ ဦးစောမောင်လက်ထက်ပေါ့။ သေနတ်မှန်သူတွေ မှန်ကြတယ်။ အဖမ်းခံရသူတွေခံကြရတယ်။ ခြေဦးတည့်ရာပြေးတဲ့သူတွေပြေးကြရတယ်။
ဖယောင်းတိုင်ကမစွမ်းလို့လားလို့မေးစရာရှိတယ်။ မဟုတ်ပါဘူး။ အခမ်း အနားမတိုင်ခင်လေးမှာ လမ်းတဖက်ထွန်းထားတဲ့ဖယောင်းတိုင်ကို တယောက်က ကန်မိလိုက်တာကြောင့်လို့လည်း အပြောရှိတယ်။ အမှန်က တော့ ဘာတွေပဲလုပ်လုပ် အဆင်ပြေမယ့်ပုံမရှိတဲ့ နိုင်ငံရေးမိုးသည်းနှင်းထန်ကာလများလည်းဖြစ်ပါတယ်။

လက်တဖက်ကယပ်တောင်နဲ့အခြားတဖက်က လက်ဖဝါးနဲ့လေကိုကာပြီးဆွမ်းလောင်းပွဲပြင်ဆင်တာကိုကြည့်နေတဲ့အမေမာ့ပုံရိပ်ဟာ ကျောင်းသား များအတွက် ခွန်အားတရပ်လည်းဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီဖြစ်တယ်။
တကယ်တော့ အမေကိုယ်တိုင်ကလည်း သပိတ်မှောက်ကျောင်းသူဟောင်းလည်း ဖြစ်ပါတယ်။ ၈၈ မှာလည်း အမေချီတက်ခဲ့တာကိုသတင်း စာများမှာမြင်ဖူးခဲ့ပါတယ်။ လူထုဒေါ်အမာဆိုတာ ထိုသို့ဖြစ်ပါတယ်။

၅။

အမေဧည့်သည်တွေကဒီမှာလို့ တယောက်ကပြောတယ်။ အမေက ကျနော်တို့ကိုအကြည့် ကျနော်တို့ရပ်လိုက်ကြတယ်။ အဘွားကျနော်တို့က မန္တလေးမြောက်ပြင်ကပါ။ အဘွားကိုလာကန်တော့ကြတာပါလို့ ကိုစိုးကြီးကပြောတယ်။ ဆက်တီခုံမှာထိုင်လိုက်ကြတယ် ။''မြောက်ပြင်ဘယ်အရပ်ကတုန်း ငါ့သားတို့က'' လို့ အမေကပြုံးပြီး မေးတယ်။
အမေ့ဆီက လူကြီးနံ့သင်းသင်းကို ကျနော်ခံစားမိတယ်။ အိမ်ကအဘွားဆီကရသလို အနံ့မျိုးပေါ့။ အမေက သနပ်ခါးရေကျဲလည်း လိမ်းထားတယ်။မေဃဂီရိရပ်၊ အမတော်ဝင်းကပါ အဘွားလို့ဖြေဖြစ်တယ်။ ကျနော်က တော့ကဗျာရေးကြောင်းပြောတယ်။
ဒီနေ့က လူထုဦးလှ ကွယ်လွန်တာ ဘယ်လောက်ပြည့်တယ်ဆိုလား၊ ဆွမ်းကပ်တာဖြစ်ကြောင်း အမေပြောပေမယ့် ကျနော်အသေအချာမမှတ် မိတော့ဘူးဖြစ်ပါတယ်။ အဲ့ဒီကျမှ အစောက ဘုန်းကြီးတွေဆင်းလာတာကို ဘာကြောင့်ဆိုတာ ရိပ်မိရပါတယ်။
(စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှ ( ၁၉၁၀-၁၉၈၂)ကို ၁၉၁၀ ဇန္နဝါရီ ၁၉၊ ဗုဒ္ဓဟူးနေ့ နံနက် ၇:၄၅ နာရီမွေးတာ၊ ညောင်လေးပင်၊ ပုစွန်မြောင်းရွာမှာမွေးတယ်လို့ မှတ်သားရတယ်။ ၁၉၈၂ ခု ၊ ဩဂတ် ၇၊ နံနက် ၈:၁၅ မှာ မန္တလေးအတွက်သာမကဘဲ ဗမာပြည်အတွက်ပါ ကြီးမားတဲ့ အဆုံးအရှုံးတခုအဖြစ် ကွယ်လွန်တယ်။
လူထုဦးလှနဲ့ လူထုအမေမာတို့ ရည်းစားစာ ၁၅၀၀ ရေးပြီးနောက် ညောင်လေးပင်နဲ့ မန္တလေး ချစ်ပန္နက်ရိုက်ပြီး အများလေးစားရတဲ့ စာပေမောင်နှံဖြစ်ခဲ့တယ်လို့ မရိုသေ့စကား ဆိုချင်မိတယ်။
အမေ့မြေးဖြစ်သူ ဘိုဘိုက ''လူထုဦးလှနဲ့ ဒေါ်အမာ၊ ရည်းစားစာအစောင် ၁၅ဝဝ ရေးတဲ့ ချစ်သူများ''ဆိုပြီး ရေးဖူးတာကိုသတိရလို့ဖြစ်ပါတယ်။
ဆရာကြီး လူထုဦးလှရဲ့တိုင်းပြည်နဲ့စာပေအကျိုးအတွက်တသက်တာလုပ်ဆောင်မှုတွေဟာလည်း အများသိပြီးဖြစ်တာမို့ ဒီနေရာမှာ ရွှေဖလားကို ငွေနားမကွပ်လိုကြောင်း ဆိုချင်ပါတယ်။)

ကျနော်အမှတ်မမှားရင်ဖြင့် ရက်သတ္တပတ်တိုင်းရဲ့လူထုဦးလှမွေး ရက်ဗုဒ္ဓဟူး နေ့တိုင်းရယ်၊ ကွယ်လွန်ရက် လတလရဲ့၇ ရက်နေ့တိုင်းရယ်ကို ဆွမ်းကပ်၊ ဆွမ်းလောင်းလေ့ရှိတယ် ထင်ပါတယ်။ (ဆရာညီပုလေး ကိုမေးဖူးပေမယ့် ကျနော်လွဲနိုင်ပါတယ်။) ကျနော်တို့ရောက်တဲ့နေ့စွဲက ဖေဖော်ဝါရီ ၊၇ ရက်နေ့ကျပါတယ်။
ကျနော်နဲ့ကိုစိုးကြီးတို့ ကန်တော့ပစ္စည်းလေးတွေနဲ့ ထိုင်ကန်တော့ကြပါတယ်။ အမေက ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊အနာမျိုး ၉၆ ပါးကင်းပါစေ၊ ဘေးအမျိုးမျိုးကင်းပါစေဖို့ နှုတ်ကရွတ်လို့ဆုတွေပေးပါတယ်။

ပြီးတော့ ငါ့သားနာမည်ကဘယ်သူ လို့တယောက်ချင်းမေးရင်း ''ကျွန်မတို့ ငယ်ငယ်က'' စာအုပ်လေး လက် မှတ်ထိုးပြီးပေးပါတယ်။ ၉၄ ကထွက်တဲ့စာအုပ်ဖြစ်တယ်။ အမေကိုနှုတ်ဆက်ပြီး ပြန်ထွက်ခဲ့ကြပါတယ်။ အချိန်မရွေးလာနိုင်ကြောင်းစကားဆို နှုတ်ဆက်ပြီး အမေက အိမ်ပေါ်ပြန်တက်ပါတယ်။

၆။

ဒီအကြောင်းလေးကို မေ့မေ့လျော့လျော့နေခဲ့တာကြာပြီဖြစ်ပါတယ်။ ထူးဆန်းတဲ့အကြောင်းအရာလည်းမဟုတ်တာမို့ မေ့မေ့ပျောက်ပျောက်ဖြစ်ရပါတယ်။ ကိုစိုးကြီးနဲ့ဆုံတိုင်းသာ ပြန်ပြောဖြစ်ကြတတ်ပါတယ်။
နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အမေလူထုဒေါ်အမာကိုဆုံရတာတွေကြုံရပါတယ်။ ကျုံးဘေးမှာလမ်း လျှောက်ရင်း နှုတ်ဆက်ပဋိ သန္ဓာရပြုဆုံရတာရှိတယ်။ နိုဝင်ဘာမွေးနေ့၊ တောင်လေးလုံးမှာ ကန်တော့ရင်းတွေ့ရတာရှိတယ်။

တခါကျ နိုင်ငံခြားသားသတင်းသမားတယောက်ကို မိတ်ဆွေတချို့ကလိုက်ပို့ရင်း ကျနော်ပါ အိမ်အပေါ် ထပ် အမေ့ဆီရောက်ခဲ့ဖူးတယ်။ လူထုတိုက်အပေါ်ထပ် လသာဆောင်ဆလပ်ပြင်မှာ ဖြစ်တယ်။ ထိုကာလ အမှတ် တရမှတ်တမ်းရိုက်ပေမယ့် ဘယ်သူရိုက်တာလဲမမှတ်မိတော့ပါဘူး။ အချိန်အခါကလည်း သိုသိုသိပ်သိပ်သွားကြလာကြရတဲ့ကာလတွေဖြစ်ပါတယ်။ ခုနှစ်လည်းမမှတ်မိတော့ဘူးဖြစ်ရပါတယ်။

တခါကတော့ ၂၀၀၇ ခုနှစ်၊ ရှစ်လေးလုံး၊ နှစ်ပတ်လည် ၁၉ နှစ်ပြည့်အ တွက်၊ အမေ့အမှတ်တရစကားတောင်းတာကို တဆင့်ဆောင်ရွက်ပေးဖူးတာဖြစ်တယ်။
အမေရေးခဲ့တဲ့ အဲ့ဒီအမှတ်တရစာကို ကော်ပီသိမ်းထားပြီး နောင် ၂၀၁၃ ရှစ်လေးလုံးငွေရတုမှာကျ စာအုပ်ထဲ ဖော်ပြဖြစ်တယ်။ ခေါင်းစဥ်ကိုအင်္ဂလိပ်လိုပါ အမေကပေးတယ်။
အဲဒီတုန်းက အမေက ပြင်ဦးလွင်က ''စိမ်းလန်းအေး'' ခြံမှာ ကျန်းမာရေးအရ အပူရှောင်တဲ့သဘောနဲ့ သွားနေတတ်တဲ့အချိန်ဖြစ်ပါတယ်။ အမှတ် တရပြန်ဖော်ပြအပ်ပါတယ်။

''ဒီလိုအုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံး မသွားနိုင်ဘူး''
( This Can't go on forever)

တို့ဗမာပြည်မှာ လက်ရှိဒီအုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံးမသွားနိုင်ဘူး။ သွားလို့ရမှာမဟုတ်ဘူး။ ဒီဗမာပြည်ကြီးက အင်္ဂလိပ်ဗြိတိသျှလက် အောက်နဲ့ ဂျပန်လက်အောက်တွေမှာ ကျွန်ခံခဲ့ရဖူးတယ်။ ဖဆပလတို့ မဆလတို့လို အုပ်ချုပ်ရေးတွေလည်း ရင်ဆိုင်ခဲ့ရဖူးတယ်။
အဲဒီခေတ်အဆက်ဆက်အုပ်ချုပ်သူတွေက သူတို့ခိုင်မြဲတယ်ထင်သလောက် ဒီမိုကရေစီပေးခဲ့ကြတယ်။ ဥပမာ- ဗြိတိသျှအင်္ဂလိပ်တွေက သူတို့ခိုင်မြဲတယ် ထင်သလောက် ဒီမိုကရေစီ ၆၀ ကျပ်သား၊ ၇ဝ ကျပ်သားပေးခဲ့ကြတယ်။
အဲဒါကြောင့် ငါတို့ ဒီမိုကရေစီရဲ့အရသာကို ဘယ် လောက်ပေးရင် ဘယ် လောက်ခံစားရတယ်ဆိုတာကိုသိလာခဲ့တယ်။ သိလာတော့တိုးရအောင်လည်း ဒီမိုကရေစီလမ်း ကြောင်းပေါ်ကတိုက်ယူတတ်ရမှာပေါ့။ အခုလိုဘယ်လောက်သားမှမပေးတော့ဘဲဖိနှိပ်တာမျိုးကိုတော့ အကြာကြီးခံနိုင်ကြမှာမဟုတ်တော့ဘူး။
ဒို့မှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံအ တွေ့အကြုံမျိုးကလည်း ရသင့်သ လောက်ရခဲ့ပြီးသား။ တန်ဖိုးရှိ၊ အရည် အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းကောင်းတွေလည်း ထွက်ပေါ်လာခဲ့ပြီးသား။ အဲဒါကြောင့် ဒီလက်ရှိအုပ်ချုပ်ရေးမျိုးက အတိုင်းအတာတခုအထိသာခံလိမ့်မယ်။ အတိုင်းအတာမရှိခံနေလိမ့်မယ်လို့ မထင်နဲ့။

မျက်မှောက်ခေတ်ကမ္ဘာကြီးကလည်း လုံးလုံးပိတ် ဆို့ထားလို့ရတော့တာမဟုတ်ဘူး။ ဆက်သွယ်ရေးနည်း၊ သတင်းနည်းပညာခေတ်ကြီးထဲကိုရောက်လို့နေပြီးကမ္ဘာကြီးထဲကနိုင်ငံအသီးသီးမှာ ဒီနိုင်ငံလိုဒီမိုကရေစီမရှိတဲ့နိုင်ငံဆိုလက်ချိုးရေတွက်လို့ရတယ်။ ကမ္ဘာ့လူသားတွေကလည်း အဲဒီနိုင်ငံမျိုးကို မျက်လုံးဒေါက်ထောက်ကြည့်နေကြမှာ။
လူထုဒေါ်အမာ
(စိမ်းလန်းအေး)
၈၊၈၊၂၀၀၇

၇။

ကျနော်ဟာ ဘဝမှာ ကိုယ်ကဘာကောင်မှမဟုတ်ပေမယ့်ကံကြီးစွာပဲ ဂုဏ်ကြီးသူတွေ၊ လူချွန်လူမွန်များစွာကိုဆုံခဲ့ဖူးတာကို ပီတိဖြစ်ရတယ်။
အမေလူထုဒေါ်အမာကို ဒီလိုရိုးရိုးရှင်းရှင်းနဲ့ ါရဝပြုခွင့်ရ၊ ကန်တော့ခဲ့တာကိုလည်းအမြဲကြည်နူးခဲ့ရတယ်။
တကယ်တော့ အခုပြောပြတဲ့အမေလူထုဒေါ်အမာနဲ့ဆုံရတဲ့အကြောင်းလေးဟာ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဘဝမှာ လေးစားစရာ၊ဂုဏ်ကြီးတဲ့သူတယောက်ကို ရိုးရိုးသားသားသွားပြီး ကန်တော့ဖူးကြတဲ့အကြောင်းလေးသာဖြစ်ပါတယ်။ ဘယ် တော့မှပြန်မရတော့တဲ့ အကြောင်းလည်းဖြစ်ပါတယ်။

၂ဝဝ၈ ခုနှစ်၊ ဧပြီလ(၇)ရက်၊ မနက် ၈ နာရီ ၃၇မိနစ်၊ အမေမာဆုံးတော့ ကျနော်တို့ အမေ့အနီးမှာရှိခဲ့တယ်။ ဆရာဝန်က ဆေးထိုးဖို့လုပ်တော့ ကျနော်ရယ်၊ နောင်(ရူပ)ရယ်၊ အမေ့ခန္ဓာကိုယ်ကို စောင်တဖက်စီကိုင်ပြီး ကာ ပေးခဲ့ကြတယ်။ ပေါင်ကိုခွဲပြီး ဖော်မလင်ထည့်တယ်ထင်တာပါပဲ၊နားတော့မလည်လှပါဘူး။

ကျနော်ပို့ဖူးသမျှ၊ ဟံသာဝတီဦးဝင်းတင်က ရန်ကုန်ဖြစ်တယ်။ ဆရာဒဂုန်တာရာက အောင်ပန်း၊ ဆရာမောင်အောင်ပွင့်က ပုသိမ်၊ မန္တလေးမှာက ဒေါက်တာသန်းထွန်း၊ ကိုပညာ(အမရပူရ)၊ မစိမ်းပင်၊ ရဲဘော်ကျော်မြ၊လမင်းတရာမောင်မြတ်မှိုင်း၊ စသဖြင့်ဖြစ်တယ်။ စည်းကားလှပါတယ်။
ဆရာဒဂုန်တာရာ ရုပ်အလောင်းကို ထမ်းခွင့်ရခဲ့ဖူးသလို အမေမာ့နောက် ဆုံးခရီးကိုလည်း အိမ်ကအထွက်မှာ ခဏသယ်ခွင့်ရခဲ့တယ်။ ကျနော့်ဘဝမှာကြုံဖူးသမျှစျာပနတွေထဲအမေမာ့စျာပနဟာလည်း စည်ကားလှတယ်။ပြည်သူချစ်သောအနု ပညာရှင်ဆိုတာ ရှင်စဥ်လည်း ချစ်ကြသလို ကွယ်တော့လည်း နှုတ်ဆက်ပို့ဆောင်သူ တခမ်းတနားကြီးဖြစ်ပါတယ်။

နာရေးတန်းကြီးက ကျုံးမြောက်ဘက် လူငယ်သင်တန်းကျောင်းကို နိဗ္ဗာန်ယာဥ်ရောက်တုန်း၊ အနောက်ကျုံးဘက်မှာကားတန်းက မပြတ်သေးဘူးဖြစ်တယ်။(သူငယ်ချင်း၊မိတ်ဆွေ ကဗျာဆရာညိုမင်းထက်(ကျန်းမာရေးနိမ့်ပါးပြီး လိုက်မပို့နိုင်ရှာ)နဲ့ ကိုတည် း(ဥာဏ်လင်းအောင်)တို့က ၁၉လမ်းဘက်ကျုံးဘေးကနေရပ်ကြည့်နေတာကိုလည်းသတိရမိတယ်။၂ ယောက် လုံးလည်းကွယ်လွန်ခဲ့ပြီဖြစ်တယ်)
အေးရိပ်ငြိမ်သုဿန်ထဲ ခြေချစရာမရှိဖြစ်ခဲ့တာကိုလည်း မြင်ယောင်ရတယ်။ လွမ်းသူပန်းခြင်း၊ပန်း ခွေတွေကိုက ကား ၃ စီးစာလောက်ရှိမယ်ထင်ပါတယ်။ကျနော်တို့ နောက်ဆုံးကန်တော့ကြပါတယ်။
နိုဝင်ဘာ၂၉၊ အမေ့မွေးနေ့ရောက်တိုင်းလည်း အမေမရှိတော့ပေမယ့်၊လွမ်းမော ၊အောက်မေ့ရပါတယ်။ တခါက အမေ့ကိုလာကန်တော့ခဲ့တဲ့ စက်ဘီးတစီးနဲ့လူငယ်လေး၂ ယောက်ထဲက ကျနော်ကထပ်မံပြီး အမေ့ကို စာနဲ့ ဂါဝရပြု ကန်တော့မှုတခုလည်းဖြစ်ပါတယ်။
လူထုဒေါ်အမာဆိုတာ မန္တလေးရဲ့အတိုင်းအဆမဲ့တန်ဖိုးတရပ်ဖြစ်သလို တိုင်းပြည်ရဲ့ဂုဏ်ပြောင်ကြီးမြတ်တဲ့ရတနာတဆူလည်းဖြစ်ပါတယ်။ထိုသို့ပဲ ကျနော်နားလည်ခဲ့မိပါတယ်။
စံ ညိမ်း ဦး
၃၁၁၂၂
(လူထုဒေါ်အမာ ( ၁၉၁၅ - ၂၀၀၈ )၊ ၁၀၅ နှစ်ပြည့်မွေးနေ့၊၂၀၂၂ ၊နိုဝင် ဘာ၊၂၉)
ဖိုတိုများ မူလပိုင်ရှင်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar