Breaking News

ဇော်ထွဋ် - မခြွေထိုက်တဲ့ ခတ္တာရဲ့ သည်းဦးသစ္စာ


ဇော်ထွဋ် - မခြွေထိုက်တဲ့ ခတ္တာရဲ့ သည်းဦးသစ္စာ

(မိုးမခ)  ဇွန် ၁၅၊ ၂၀၂၀

(စာရေးသူ၏ ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်)


၁၅/၆/၂၀၂၀ တနင်္လာနေ့ ဖဆပလ ရန်ကုန်


တစ်နေ့ နေ့လည်းခင်းတွင် မိတ်ဆွေကြီးကိုဇင်(ကိုသန့်ဇင်စိမ်း) ရောက်လာသည်။ကိုနေဝင်းသီချင်းစာအုပ်ကြီးကို အိမ်တိုင်ရာရောက် လာပေးခြင်းဖြစ်သည်။ သူ့ရဲ့ငွေရောင်ကားလေးပေါ်မှာ ကြည့်လိုက်တော့.. ဆရာနှစ်ယောက်ပါလာသည်။ ကိုဇော်မောင်(ပန်းချီ ဒီဇိုင်း) နဲ့ ကိုဝင်းဇော်လတ်(တိုးမြစ်စာပေ)၊ အဲဒီစာအုပ်က ကျပ် ၁၅၀ဝ၀ပေးရပြီး ရှားပါးစာအုပ်၊။ အလုအယက် ဝယ်နေရသည်။ယမန်နေ့က အွန်လိုင်းပေါ်မှာ ကိုနေဝင်းစာအုပ်ကို ကိုဝင်းဇော်လတ် တင်ပေးကတည်းက လိုချင်စိတ် ပြင်းပြနေခဲ့ရသည်။ကိုဇင်က အခမဲ့အကျိုးဆောင်ကာ ဝယ်ယူပြီး၊တကူးတက လာပေးခြင်းဖြစ်သည်။ ကျေးဇူးပါ...စိမ်းမြသောကိုဇင်။

ကျနော်တို့က ကိုနေဝင်း `ခရေဇီ´တွေ ဖြစ်သည်။ကျနော်တို့ သူငယ်ချင်းတွေက ကိုနေဝင်းသီချင်းတွေအပေါ် ရေရေလည်လည် တိမ်းမူးခဲ့သည်။

ကျောင်းသားဘဝက စိမ်းမြသော တက္ကသိုလ် အဆောင်ညများမှာ ကိုနေဝင်းကို နီးနီးကပ်ကပ် မြင်တွေ့ဖူးခဲ့သည်။ သူ့ဆံပင်ရှည်ရှည်တွေက ယိမ်းနွဲ့တဲ့လှိုင်းကဲ့သို့..။သူက ကောင်းဘွိုင် ဦးထုပ်ဆောင်းထားသေးသည်။အဖွဲ့တွင် လူငယ်များနှင့် ဂစ်တာနှစ်လက်လောက် ပါကြသည်။ သမိုင်းကောလိပ် ဝင်း အင်ကြင်းအမျိုးသမီးဆောင်ရှေ့မှာ သီချင်းဆိုကြ၊ ဂစ်တာတီးကြရင်း ဆုံဖူးကြုံဖူး ။`မောင့်လပြည့်ဝန်း´ရေးတဲ့ တေးရေးဆရာ။နောင်..သမိုင်းဆောင် canteenရှေ့ မှ ဖြတ်သွားဖြတ်လာ ကိုနေဝင်းကို ဖျတ်ခနဲ တွေ့ရတတ်သည်။

ထိုစဉ်..`အသည်းတံခါးလေး ဖွင့်လို့ထားသားကွယ်..ဒေါက်ဒေါက်ဘယ်သူလဲ´..မန္တလေးက ဟန်တင်ရဲ့`ဒေါက်ဒေါက် ဘယ်သူလဲ´..လူကြိုက်များခဲ့။ တေးရေးကိုနေဝင်းရယ်လို့ နောင်..နှစ်ကာလ တော်တော်ကြာမှ သိခဲ့ရသည်။

သူငယ်ချင်းများလည်း အတန်းကြီးလာ၊ ကြို့ကုန်းဆောင် ရောက်လာကြသည်။ ကျနော်တို့က မြို့ထဲမှလာသော ဧည့်အဆောင်ကျောင်းသား၊ အဆောင်မှာ သွားရင်းလာရင်း ကိုရဲလွင်ကို တွေ့ရတတ်သည်။ခါတရံ..ကိုနေဝင်းလာတတ်သည်။ ကျနော်တို့လည်း နွေမိုးဆောင်းတွေ ဖြတ်သန်းလိုက်၊ စိတ္တဇညတွေဖြတ်သန်းလိုက် အချိန်အခါ..။

ကိုနေဝင်းရေးဖွဲ့ပြီး ဘိုဘိုဟန်သီဆိုသော `အားလုံးကိုကျော်ဖြတ်ရမယ်´စီးရီးထွက်တာနှင့်အလိုက်သင့်။ ကိုနေဝင်းရေးတဲ့ `အဆိပ်ရည်အပြည့်နဲ့ပုံး´ `ခုမှတော့ငိုမနေနဲ့တော့´လည်းပါသည်။

`နွေကန္တာခရီးကြမ်းတွေ ဆူးခင်းလမ်း ခရောင်းတောနက်တွေ စိတ္တဇညတွေ တစ်လှမ်းချင်းလှမ်းလို့ မရောက်အရောက် သွားမယ်လေ သြော်..တစ်နေ့တော့..အားလုံးကိုကျော်ဖြတ်ရမယ်´..။

ကိုနေဝင်းရဲ့အလွန်ပင်အားရှိသော၊ ဒဿန စိမ်းစိုသော စာလုံးအဖွဲ့အနွဲ့ သံစဉ်လှိုင်းများ..။

ထိုနှစ်ကာလများက..ကိုနေဝင်းသီဖွဲ့ခဲ့သော သီချင်းများမှ..
တဗွေထဲ (ကိုနေဝင်း၊ ရီဇော်၊ ခိုင်ထူး )
စဉ်းစားထား (ကိုနေဝင်း၊ ခိုင်ထူး)
စိုးစံစားစေ (ကိုနေဝင်း၊ ခိုင်ထူး)
လူစိမ်း(ကိုနေဝင်း၊ ခိုင်ထူး၊ ရီဇော်၊ )
ပိတောက်တစ်မျက်နှာ(ကိုနေဝင်း၊ ခိုင်ထူး၊ ဇော်ဝမ်း..)

..... သူငယ်ချင်းတစ်အုပ်စုလုံး ကြိုက်ခဲ့၊ ဆိုခဲ့ကြ။

`ပိတောက်တစ်မျက်နှာ´က ကိုနေဝင်းရဲ့ရှားပါးသကြင်္ န်သီချင်း။

ကျနော်တို့ခေတ်ပြိုင် လူငယ် လူယဉ်ကျေးလေးတွေ အားလုံးလိုလို ကိုနေဝင်းသီချင်းလေးတွေမှာ ယစ်မူးခဲ့ကြသည်။

`ရင်မှာခိုဝင် တရေးအိပ်ခဲ့သူ အိပ်မက်တွေကြားမှနိုးလာ၊ အလွတ်ရုန်းရန် ကြိုးစားနေဆဲ..ပန်းဝတ်ရည်လေးတွေ ကြွပြေီ ပုလဲပွင့်မျက်ရည်များ´..။

သူမို့ရေးတတ်သည်။ ကိုနေဝင်း ဖြစ်သည်။`ရင်ကိုအေးမြရစေသား´သီချင်းဖြစ်သည်။ကံ့ကော်တောမျိုးအောင် သီဆိုခဲ့သည်။`ငြိမ်းချမ်းမှုလေးတွေ ရင်ကိုအေးမြရစေကွယ်..´သီချင်းစာသားကလည်းလှပ၊ မျိုးအောင်အဆိုကလည်း လှပ။ကိုနေဝင်းရဲ့masterpiece တွေထဲက တစ်ပုဒ်။

တကယ်တော့..`အလင်္ကာကျော်စွာ´ဘွဲ့က တေးရေးဆရာရွှေပြည်အေးကိုပေးသလို ကိုနေဝင်းကို ပေးရမှာ ဖြစ်သည်။

သည်တုန်းက ကျနော်တို့ကလည်း ခပ်ငယ်ငယ် ၊ ကိုနေဝင်းရဲ့ တေးပုလဲသီကုံးမှုရေယဉ်ကြောမှာ လွင့်မျောခဲ့တာတွေ အများကြီးရှိသေးသည်။ကိုနေဝင်းရဲ့သီချင်းတွေအပေါ် တိမ်းမူးတာက ချိုမြတယ်။ ယိမ်းနွဲ့တယ်။မာကြောတယ်။

`မိုးရဲရင် ဆောင်းရဲရမယ်´..တဲ့။ ငြိတာလည်း မပြောနဲ့
ခိုင်ထူးအသံနဲ့ အလွန်လိုက်ဖက်။
`ချိုရီ ပုလဲမိုး လမ်းမထက်မှာ နွေရည် မိုးနှောင်းချိန် ဆောင်းရောက်လုပြီ..နေခြည် မိုးရဲရင် ဆောင်းရဲရမယ်.´.
မိုးလည်းရဲရဲရွာရင် ဆောင်းလည်းရဲရဲအေးမြရမည့်သဘော..။

ပြီးတော့..အကြိုက်ဆုံးတွေထဲက တစ်ပုဒ်..

`တကိုယ်မှာ တပုံတည်းရှိတယ်၊ တပင်မှာ တပွင့်တည်းရှိမယ်၊ တကြိမ်မှာ တယောက်တည်း ချစ်မိတယ်၊ မခြွထေိုက်တဲ့ ပန်းလို့တော့ အစကတည်းကမေ နားလည်ပါတယ်´..
`မခြွထေိုက်တဲ့ပန်း´လို့ အမည်ရပါသည်။ကံ့ကော်တောမျိုးအောင် ၏ အလွန်နာမည်ကြီးတေးတစ်ပုဒ် ဖြစ်ခဲ့သည်။
ပြီးတော့..

`စိမ်းလဲလဲ့ည လရိပ်သန်း အချစ်နှုတ်ခမ်း အနမ်းတွေ ဖူးပွင့်ဖို့လေ..´ဟူသော အလွန်လှပသော စာလုံးလေးတွေနင့် ပျိုးထားသော သီချင်းတစ်ပုဒ် ရှိပါသေးသည်။ `ခတ္တာ´...။ခိုင်ထူးအဆိုနဲ့ အလွန်စွဲမက်စရာ ကောင်းပါသည်။
၂၀ဝ၀ပြည့်နှစ် ဝန်းကျင်က ဖြစ်မယ်ထင်ပါသည်။

အာခီတက်ဆရာလေးတွေ..ကိုနေမျိုးဝင်း(U.S.)၊ ကိုတင်မျိုးအောင်၊ ကိုလှမြင့်(S'pore)တို့နှင့် မကြာမကြာတွေ့ဖြစ်ကြသည်။ကိုနေမျိုးဝင်းက ကိုနေဝင်းနဲ့ခင်မင်ရင်းနှီးပြီး အသွားအလာရှိတတ်သည်။သူ့ထံမှ တဆင့် ကိုနေဝင်းရဲ့ရင်ခုန်သံတွေ ကြားရတတ်သည်။ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ရဲ့တေးရေးဆရာတွေရဲ့လက်ရာတွေထဲမှာ..ကိုမောင်မောင်(အဉ္စလီ)ရဲ့လက်ရာက တစ်မျိုး၊ ကိုရဲလွင်ရဲ့လက်ရာက တစ်ဖုံ၊ ကိုခင်ဝမ်းလက်ရာကတစ်နည်း၊ ကိုတင်မောင်လှိုင့်လက်ရာက တစ်သွယ်၊ ကိုစိန်ဝင်း(ပုတီးကုန်း)ကဗျာက တစ်လမ်း.. တစ်ပွင့်စီ လှတာပါဘဲ၊ နှစ်သက်မြတ်နိုးစရာ ရတနာ။အဲဒီအထဲမှာ..ကိုနေဝင်းလက်ရာတွေကလည်း ချိုချိုအေးအေး တမြေ့မြေ့ဆွေး၊ တငွေ့ငွေ့လောင်။စိမ့်ရေစမ်းရေလို၊ ျရတံခွန်လို ကျောက်ဆောင်လို။ ကြည့်ပါလေ..

`လှမ်းခဲ့တော့ သည်းဦးသစ္စာရေ..ထွေးမယ့် သူကြားသိရင် တရွေ့ရွေနှင် ညီညာတဲ့လမ်းကလေးရယ်အသင့် ကြိုနေမယ် လှမ်းခဲ့ အချစ်ရေ..´(သည်းဦးသစ္စာ-ဆို-ခင်မောင်တိုး)

တစ်နေ့တစ်နေ့..တရွေ့ရွေ့ပေါ့ ..။

နေမျိုးဝင်းနှင့်လှမြင့်တို့လည်း ရေမြေခြားနေတာ ကြာပါပြီ။ ကိုယ်တွေလည်း..သွားကြွေ၊ ပါးရည်တွန့်နေပြီ။ ကိုယ်တွေက ကိုနေဝင်းသီချင်းတွေကိုမြတ်နိုးကြ၊ ကိုနေဝင်းသီချင်းတွေနဲ့ ကြီးပြင်းခဲ့တာဖြစ်သည်။ကိုနေဝင်းသီချင်းတွေက ခုထိ..စိမ်းမြဆဲ...။

ခု ၄-၅ နှှှှှစ် ကာလမှှာ ...  
ကိုနေဝင်း ရေးတဲ့`ခွန်အားဖြည့်မိငယ်´သီချင်းဟာ ရေပန်းအစားဆုံး၊ ပေါ်ပြူလာ အဖြစ်ဆုံး၊ လူကြိုက်အများဆုံးမို့လား ... ခွာညို။


ကျေးဇူးတင်ပါတယ်။

ဇော်ထွဋ်`
စာကြွင်း- ဒီအက်ဆေးကို ကိုနေဝင်းကိုဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့သီချင်းခေါင်းစဉ်၊ တေးစာသားများနဲ့ collageလုပ်ပြီး ရေးသားထားပါတယ်။